
‘ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်’

သူက ‘ပန်း’ ပါတဲ့
မကြွေရဲရင် အစကတည်းက
ဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့
ပြတ်ပြတ် သားသား။
ဆူးပါတဲ့နှင်းဆီလည်း
ကြွေတတ်တာပဲနော် ဆိုတော့
*”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။
လူ့စည်း ဘီးလူ့စည်း
အသဲစားရဲမှ သားရဲဖြစ်မှာ
ပန်းမှာလည်း
ပန်းရဲ့စည်းတော့ ရှိရမပေါ့။
ဒါဟာ စစ်ပွဲတစ်ခုပဲလေ။
ကိုယ်က ဘီလူး ပါ
ဘီလူးတော့ ဘီလူး ဒါပေမယ့်
သာမန် သားသတ်လွတ်သမား
ပန်းစားဘီလူး။
ပန်းက မင်းဖြစ်နေတာတော့
တို့ကြမ္မာပေါ့..
အို…..တဲ့
အသံလေးက ကြားရတယ်ဆိုရုံ
လေထဲ တိုးတိုးလေး
မလုံ့တလုံ ဖုံးအုပ်ထားတဲ့
ခန်းဆီးစ ပုဝါ ပါးလွှာလွာလေး
မပွင့်တပွင့် အပြုံးဖူးဖူးလေး
လေအဝေ့မှာ လှလိုက်တာ…
မိုးလင်းသွားရင်
လွမ်းခန်းနဲ့ သိမ်းရမယ့်ဇာတ်ဆိုတာ
တစ်ယောက်နဲ့ တစ်ယောက်က
ကြုံဖူးပြီးသား
မတော်တဆ
ပြန်တွေ့လို့ ဆုံမိကြရင်လည်း
လွမ်းတာကို လွမ်းတယ်လို့မပြောပဲ
သတိရတယ်လို့ပဲ ဖွပြီးပြောကြေး။
ဒီစစ်ထဲ
ဗိုလ်လုပ်ချင်တဲ့ကောင် ဆိုရင်
ကိုယ်တိုင်တိုက်ခိုက် သိမ်းပိုက်ထားနိုင်တဲ့
နှလုံးသားတောင်ကုန်းလေး တစ်ခုတော့
အပိုင် ရှိထားသင့်တာပေါ့။
နှလုံးသားကိုဖောက်ဝင်မယ့်
ကျည်ဆံဟာ စိုင်လန့်ဆာတပ်ပြီး
တိတ်တိတ်လေး လာနေတယ်
ရဲဘော်…။
၅/၃/၂၀၂၅
(* မောင်ချောနွယ်)
Be the first to comment