2
နေချိုသွေး
‘လက်ပံ
ရောက်ရှိလာမယ့် နွေနေ့ရက်တွေက မြေအောက်ခန်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်အရက်ချိုလို ပြင်းရှနေရင် သိပ်ကောင်းမှာပါပဲ။ နွေပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ လူတယောက်အတွက် တခါတလေမှာ လဲမှို့ပွင့်လို လွင့်နေချင်မိတယ်။ မျှော်လင့်မှုတွေက မီးခိုးမဆုံး မိုးမဆုံးနဲ့ ကျယ်ဝန်း ပြန့်ကားလို့နေတယ်။ အရာရာကို လွှတ်ချထားလိုက်ချင်ပေမယ့် ရေလိုက်ငါးလိုက် မနေတတ်တဲ့ စိတ်က မတရားတာကို မြင်ရင် ဝင်ပါလိုက်ချင်တယ်။
ရာထူး အာဏာ ဘာကိုမှ မက်မော တွယ်တာမနေတော့တဲ့အခါ မတရားမှုနဲ့ ရှာဖွေလို့ရလာမယ့် ငွေကြေးချမ်းသာစေမယ့်အကြောင်း ခေါင်းထဲမှာကို မထည့်ထားမိတော့ဘူး။ အလိုလောဘနောက် လိုက်မိတဲ့အခါ မတရားတဲ့ အမှုကိစ္စတွေကိုလည်း ပြုလုပ်ကျူးလွန်ဖို့ ဝန်မလေးတဲ့ လောကကြီးမှာ တရားသဖြင့်တွေနဲ့ ရှင်သန်နေထိုင်နိုင်အောင် ကြိုးစားနေပါတယ်။
ငယ်ငယ်တုန်းကဆို ဒိုင်ယာရီစာအုပ်ထဲက အဖြူရောင်စာရွက်ထဲမှာ ကိုယ်ဖြစ်ချင်တာကိုရေးပြီး စက္ကူလှေလေးတွေလုပ် တောင်ကျရေချောင်းထဲ မျှောပစ်လိုက်ဖူးတယ်။ တောင်ကျရေချောင်းတလျှောက် မျောပါသွားတဲ့ စက္ကူလှေလေးတွေကို မျက်စိတဆုံး ငေးကြည့်ရင်း ဖြစ်ချင်တာကို ဆုတောင်းခဲ့ဖူးတယ်။
စက္ကူလှေလေးတွေကို သယ်ဆောင်သွားတဲ့ တောင်ကျရေတွေက မြစ်ပြင်ကျယ်ထဲ စီးဝင်သွားတယ်ဆိုတာ အဲဒီ့အချိန်က မသိခဲ့ဘူး။ မိုးကုပ်စက်ဝိုင်းအထိ စက္ကူလှေလေးတွေ ဘေးမထိ ရန်မခဘဲ မျောပါသွားမယ်လို့ ယုံကြည်ခဲ့ဖူးတာပါပဲ။
အိမ်ကယူလာတဲ့ ပြောင်းဖူးပေါက်ပေါက်စေ့တွေကို တောင်ကျရေချောင်းထဲက ငါးလေးတွေအတွက် အစာကျွေးတယ်။ ငါးလေးတွေကို အစာကျွေးပြီးရင် ရေချောင်းထဲ ဆင်းပြီး လက်ပန်းကျတဲ့အချိန်ထိ ရေကူးတယ်။ ရေချောင်းစပ်က သဲစိုစို သောင်ပြင်ပေါ်မှာ ပက်လက်ကလေး ကျောခင်းရင်း ကောင်းကင်ပြာပြာကြီးကို ငေးကြည့်တယ်။ အမြင့်ပျံသွားတဲ့ ငှက်တအုပ်ကို ကြည့်ပြီး ဘာရယ်မဟုတ် ဝမ်းသာ ကြည်နူးနေမိတယ်။
ရေချောင်းကမ်းစပ်မှာ ပေါက်နေတဲ့ သစ်ပင်မြင့်မြင့်ကြီးကို ကြည့်ပြီး စိတ်ထဲရှိသမျှ အော်ဟစ်လိုက်ဖူးတယ်။ သစ်ပင်က မြင့်လွန်းတော့ သစ်ပင်သစ်ကိုင်းပေါ် ရောက်အောင် မတက်နိုင်တဲ့အတွက်ကြောင့်လည်း ပါတာပေါ့။ ကိုယ် မတက်နိုင်တဲ့သစ်ပင်ကို ခုတ်လှဲပစ်မယ့်ဆိုတဲ့ စိတ်တော့ မရှိခဲ့မိတာ သေချာပါတယ်။
ဘယ်လောက်မြင့်တဲ့ သစ်ပင်ဖြစ်ဖြစ် ကမ်းနား သစ်ပင်ဆိုတာက အမြစ်မကျွတ်ခင် အချိန်ထိဘဲ အရာဝင်တာပါပဲ။ အတိတ်အကြောင်းကို ပြန်တွေးကြည့်မိတော့ အပူအပင်ကင်းတဲ့ ငယ်ဘဝက လွမ်းစရာပါပဲ။ ပြုမူ လုပ်ဆောင်ခဲ့တဲ့ အကြောင်းအရာတွေက ဘယ်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာစရာတွေ မဖြစ်ခဲ့တာ သေချာခဲ့လို့လေ။ အတွေးထဲကို ကုတ်ခြစ်ပြီး ဝင်ရောက်လာတာ ကြောင်တကောင် မဟုတ်ပေမယ့် ကြောင်တောင်တောင်နိုင်တယ်လို့ အပြောခံရတဲ့အဖြစ်အပျက်တချို့လည်း ရှိခဲ့ဖူးပါတယ်။
လမ်းဘေးမှာ ကိုယ်နဲ့ ရွယ်သူ ကောင်လေးတယောက်ကို ဝါးခြမ်းပြားနဲ့ ရိုက်နေတဲ့ မိန်းမကြီးတယောက်ကို ခဲနဲ့ ကောက်ပေါက်ဖူးတယ်။ အိမ်ပြန်ရောက်တော့ ပြဿနာကို မီးခွက်ထွန်းရှာရမလားဆိုပြီး ဝါးခြမ်းနဲ့ အသင့်စောင့်နေတဲ့ မိခင်ကြီးကို မြင်ရတယ်။
ခဲနဲ့ပေါက်ခံရတဲ့ အဒေါ်ကြီးရှေ့မှာ ဝါးခြမ်းပြားက ကိုယ့် ခန္ဓာကိုယ်အတွက်ဖြစ်သွားတယ်။ မျက်စိရှေ့မှာ ကလေးတယောက်ကို ငိုအောင် ရိုက်နေတာ မကြည့်ရက်လို့ဆိုတဲ့ ကိုယ့် အဖြေစကားမှာ အရှိုးရာ အထပ်ထပ်ကျလာတယ်။ ကိုယ်နဲ့မဆိုင်ရင် ဝင်ဝင်မပါနဲ့ဆိုတဲ့ မိခင်ကြီးရဲ့ဆုံးမစကားမှာ ကိုယ်ဟာ အခုအရွယ်ထိ ခေါင်းမာနေတုန်းပါပဲ။
နွေခေါင်ခေါင်မှာ ညဘက်ကြီး မိုးတွေရွာတဲ့ တရက်က မိခင်ကြီး မသိအောင် အိမ်ပြတင်းပေါက်ကနေ ခုန်ဆင်းပြီး မိုးရေထဲ ပြေးလွှား ဆော့ကစားခဲ့ဖူးပါတယ်။ငယ်တဲ့အရွယ်ဆိုတော့လည်း ကိုယ်တုံးလုံး၊ အဝတ်မပါ ကိုယ်ဗလာနဲ့ မှောင်မှောင် မည်းမည်း မိုးရေထဲမှာ လျှောက်ပြေး ဆော့နေမိတာပါပဲ။
ရပ်ကွက်ထဲမှာ လမ်းထဲ သွားလာနေတဲ့လူတွေကို ခြံဝင်းထဲကနေ ထွက်ထွက်ကိုက် တတ်တဲ့ ခွေးတကောင်ရှိတယ်။ ခွေး ပိုင်ရှင်ရဲ့ အိမ်ခြံဝင်း သံတံခါးပေါက်မှာ “သတိ! အိမ်ရှင်ခွေး ကိုက်တတ်သည်”ဆိုတဲ့ စာလုံးကို အိမ်ရှင် မသိအောင် ရေးထားပေးဖူးတယ်။
တကျပ်တန် မန်ကျည်းသီးယိုထုပ်ကို ကြွပ်ကြွပ်အိတ်ပါ ဝါးပြီး မန်ကျည်းသီးယို အရသာကုန်တော့မှ ထွီးခနဲ့နေအောင် ထွေးထုတ်ဖူးတယ်။ သူများအိမ် ခြံစည်းရိုးမှာ ပေါက်နေတဲ့ ကြံပင်ကို အလေ့ကျပေါက်နေတယ် အထင်နဲ့ လက်နှစ်ဖက်နဲ့ အားရပါးရလှဲချိုး စားဖူးတယ်။ လက်ထဲကနေ မြေကြီးပေါ်ကဖုန်တောထဲ ပြုတ်ကျသွားတဲ့ချိုချဉ်ကို ပြန်ကောက်ပြီး ဝတ်ထားတဲ့ မြင်းခေါင်းတံဆိပ် စွပ်ကျယ်အင်္ကျီ အဖြူနဲ့ သုတ်ပြီး တကျွတ်ကျွတ်နဲ့ ကိုက်ဝါးစားခဲ့ဖူးတယ်။
နေကြာစေ့တွေကို အခွံမခွာဘဲ ဝါးပြီး ထွီ ခနဲ့နေအောင် ထွေးထုတ်ပစ်လိုက်ဖူးပါတယ်။ သားရေဖိနပ်ကို ဖနောင့်နေရာ နောက်မြီးပါးပြီး ပေါက်သွားတဲ့အထိ စီးခဲ့ဖူးတယ်။ ဘုန်းကြီးကျောင်းဝင်းထဲ လျှောက်သွားပြီး ကပ္ပိယထံက ထမင်းကျန်၊ ဟင်းကျန်တွေစုပေါင်းထားတဲ့ ဟင်းလေးကြီးချက်ကို တောင်းစားခဲ့ဖူးတယ်။
လက်ပံပင်ပေါ်ကနေ တဖြုတ်ဖြုတ်ကြွေကျလာတဲ့ လက်ပံပွင့်တွေကို မြေပေါ်မကျရောက်ခင် လွယ်အိတ်နဲ့ ခံယူခဲ့ဖူးတယ်။ ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ မြေမနမ်းသေးတဲ့ လက်ပံပွင့်တွေကို လွယ်အိတ်ထဲ အပြည့် ထည့်ယူခဲ့ဖူးပါတယ်။ လက်ပံပွင့်တွေကို ကြိုးနဲ့သီ၊ လည်ပင်းမှာဆွဲပြီး အိမ်အထိ ပြန်ဖူးတယ်။ လမ်းတလျှောက် ဖြတ်သွားဖြတ်လာ လူတွေရဲ့ စူးစမ်းတဲ့အကြည့်ကို နားမလည်ဖူးဘူး။ အိမ်ရှေ့ကွင်းပြင်မှာ လက်ပံပွင့်တွေကို ခြောက်သွေ့သွားအောင်
နေထုတ်လှန်းရတာ အလုပ်တခုလိုပါပဲ။
ရေနွေးနဲ့ ပြုတ်ထားတဲ့လက်ပံပွင့်တွေကို ခရမ်းချဉ်သီး၊ ငါးပိများများနဲ့ ငရုတ်သီးစပ်စပ်ချက်ပြီး ထမင်းပူပူနဲ့စားခဲ့ရတာကို ဒီတသက် မမေ့နိုင်ဘူး။ လက်ပံပွင့်ခြောက်တွေကို ဟင်းစာအတွက် တန်ဖိုးထားပြီး သိမ်းထားခဲ့ရဖူးတဲ့ ငယ်ဘဝကို မမေ့နိုင်တော့ပါဘူး။
ကိုယ့် ဇာတိ တောင်ပေါ်မြို့မှာ လက်ပံပင်ဆိုတာ လက်ချိုးရေတွက်လို့ ရတဲ့အထိ ရှားရှားပါးပါးနဲ့ အလေ့ကျ ပေါက်ရောက် ရှင်သန်နေကြတာပါပဲ။ ဘုန်းကြီးကျောင်းဝင်းထဲမှာ တည်ထားတဲ့စေတီ နဘေးမှာ အကိုင်းအခတ်တွေ ယှက်ဖြာနေတဲ့ လက်ပံပင်ကြီးက တုတ်ခိုင်မြင့်မားပြီး တပင်ထဲ ထီးတည်းကြီးပေါက်နေတယ်။ ရိုးမတောင်တန်းတွေဘက်က တိုက်ခတ်လာတဲ့ လေအဝှေ့မှာကြွေကျလာတဲ့ လက်ပံပွင့်တွေက ပြန့်ပြူးတဲ့မြေပြင်ပေါ် ရဲရဲနီတဲ့ ကမ္ဗလာကော်ဇော ခင်းထားသလိုကို ဖြစ်နေတော့တာ။
သစ်ပင်သစ်ကိုင်းပေါ်မှာ အဖူး၊ အပွင့်တွေ အပြိုင်အဆိုင်နဲ့ ရဲရဲနီ ရဲရဲတောက် ပွင့်လန်းနေတဲ့ လက်ပံပင်မှာ သစ်ရွက်ဆိုလို့ တရွက်တလေတောင် မမြင်တွေ့ရတော့ဘူး။ လက်ပံတွေ မပွင့်ခင် သစ်ရွက်အို၊ သစ်ရွက်ဟောင်း ရော်ရွက်ဝါတွေက
ကြွေကျ မြေခ ပေးရရှာတာပါပဲ။ လက်ပံပင်ရဲ့ သစ်ကိုင်းတွေပေါ် ရှုပ်ယှက်ခတ်နေတဲ့ သစ်ရွက်စိမ်းစိမ်းတွေကို သဘာဝတရားက ခြွေချပစ်လိုက်ပုံရတယ်။
လက်ပံတွေ အစွမ်းကုန် ဖူးပွင့်ပါစေတော့။ ဆောင်းခိုငှက်တွေရှိသလို ပူလောင်မှုတွေကို တိမ်းရှောင်လာတဲ့ နွေခိုငှက်တွေလည်း မိုင်ထောင်ချီ ပျံသန်းလာရင်း လက်ပံပင်တွေပေါ် ရောက်ရှိလာပုံရပါတယ်။ လက်ပံပင်ထက်မှာ ပျံသန်းရောက်ရှိလာတဲ့ ငှက်တွေကလည်း ပိုးကောင်၊ မွှားကောင်လေးတွေကို နှုတ်သီးချွန်ချွန်ကလေးတွေနဲ့ ထိုးဆွ စားနေကြတယ်။ လက်ပံပွင့်တွေရဲ့ အကြိုအကြားတွေမှာ ကပ်တွယ်နေတဲ့ ပိုးကောင်လေးတွေကို နှုတ်သီး ချွန်ချွန်လေးတွေနဲ့ ထိုးဆွ ရှာဖွေ စားနေတော့ လက်ပံပွင့်တွေကို ခြွေချသလို ဖြစ်နေတယ်။
လက်ပံပင်ပေါ် ဇရက်ကျတယ် ဆိုတဲ့အတိုင်း ငှက်တွေရဲ့ အစာလုမြည်ကျူးသံတွေနဲ့ ညံနေတော့တယ်။
လက်ပံပင်ရဲ့ အနီးဝန်းကျင်မှာ ငှက်ငယ်လေးတွေရဲ့ အစာလုမြည်ကျူးသံတွေက တဖြုတ်ဖြုတ် ကျွေကျလာတဲ့ လက်ပံပွင့်တွေနဲ့အပြိုင် ပျံ့နှံ့နေပါတော့တယ်။ငွားငွားစွင့်စွင့်ဖူးပွင့်နေတဲ့ လက်ပံတွေ ပင်လုံးဝေတာကြည့်ပြီး ကြည်နူးနေမိတယ်။ ကြည်နူးချမ်းမြေ့မှုတွေက တာရှည်မှ ခံပါ့မလား။
အစိုးမရတဲ့ စိတ်တွေအတွက် စိုးရိမ်လို့၊ နောင်တချိန်မှာ လက်ပံပင်တွေကို မြင်တွေ့ရပါတော့မလား။ ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ပေါက်နေတဲ့ သစ်ပင်တွေတောင် အာမခံချက် မရှိတဲ့ အခြေအနေတွေဆိုတော့။ လက်ပံတွေ တတောလုံးဝေပြီး တပင်လုံး မွှေးပါစေလို့ပဲ ဆုတောင်းနေမိတယ်။
လူတိုင်း ဆိုးယုတ်တဲ့ စိတ်တွေ မရှိကြပါစေနဲ့။
ခေတ်ကာလကြီးက ဆုတောင်းစရာမလိုတဲ့ အခြေအနေမှာ ရှိနေရင်တော့ သိပ်ကောင်းတာပေါ့။
ခေတ်ကာလကြီးက ကိုယ့် သူမယုံ၊ သူ့ ကိုယ်မယုံနဲ့ အေးချမ်းမှုတွေ တဖြည်းဖြည်း ဆိတ်သုဉ်းလာနေတဲ့အခြေအနေမှာ အုပ်ချုပ်သူ လူတန်းစားကောင်းတဲ့ ခေတ်ကောင်းကို လိုအပ်နေတယ်။
နွေကာလက ခြောက်သွေ့ပူလောင်မှုတွေ ကဲလာတယ်။ နွေကာလက ချွေးသိပ်စရာ အေးရိပ်ဆာယာတွေကို လိုအပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။
တနွဲ့နွဲ့တိုက်ခတ်လာတဲ့ လေပြည်လေညင်းတွေသာ မရှိရင် နွေကာလက ပိုပြီး ပူလောင်ခြောက်သွေ့နေတော့မယ်။ ဆိုလိုတာက သစ်ရိပ်ဝါးရိပ်တွေ ထူထူထဲထဲ ရှိနေစေချင်တာပါပဲ။ သစ်ပင်၊ သစ်တောတွေကို ညို့ညို့ဆိုင်းဆိုင်းနဲ့ ရှိနေစေချင်တာပါပဲ။
နွေကာလရောက်ပြီဆိုရင် လက်ပံပင်တွေပေါ် ရဲရဲနီ၊ ရဲရဲတောက်နေတဲ့ လက်ပံပွင့်တွေကို မြင်တွေ့ချင် မိတာပါပဲ။
ငယ်ငယ်တုန်းကလို လက်ပံပွင့်တွေကို ကြိုးနဲ့သီ၊ လည်ပင်းမှာ ဆွဲပြီး သွားရင် ရူးနေတယ်လို့ထင်ကြမှာပါပဲ။ ဘယ်သူ ဘာထင်ထင်။ အပေါ်ယံ အမြင်ဆိုတာ အမြဲတမ်း မမှန်ဘူးဆိုတာ သိနေမှပဲ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
