လက်သည်တရားခံ

“လက်သည်တရားခံ”
◼️အားတီ
ကျနော်က အညာသားတယောက်ဖြစ်ပြီး ဖွံ့ဖြိုးမှုအားနည်းတဲ့ ကန့်ဘလူမြို့နယ် ကျေးရွာတရွာမှာ ငယ်စဥ်က ကြီးပြင်းခဲ့ရတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေအရ လျှပ်စစ်မီးမရှိ၊ ဂြိုလ်တုစလောင်းနဲ့ တီဗွီရှားပါးတာကြောင့် VOA, BBC ကထုတ်လွှင့်တဲ့ ဆရာကြီး ဦးဝင်းဖေရဲ့ သက်ကြီးစကား သက်ငယ်ကြား၊ ဝင်းဖေ အရူးလွယ်အိတ်၊ မိုဘီဂျီနို၊ အလင်္ကာပုလဲပန်း၊ လမ်းဆုံက ဂျမ်းဘုံ စတဲ့ အသံလွှင့်အစီအစဥ်တွေ၊ ပြည်တွင်းပြည်ပသတင်းတွေကို အဖေ၊
အမေတို့နဲ့အတူ နားထောင်ရင်း ကြီးပြင်ခဲ့ရတယ်။
ရေဒီယိုဆိုတာကတော့ ကျနော့်ဘဝအတွက် ခြောက်သွေ့လွန်းတဲ့ သဲကန္တရလေးမှာ အိုအေစစ်လေးလိုပေါ့။ ကျနော့် ဘဝရဲ့ ဇာတ်လိုက်ကျော်က အမေပါ။ အမေဟာ စစ်အစိုးရတွေရဲ့အောက်မှာ ကြီးပြင်းခဲ့ရပြီး စီးပွားရေး အဆင်မပြေလို့ ဆယ်တန်းမတက်နိုင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ရင်း အိမ်ထောင်ကျခဲ့ရတယ်။ တက္ကသိုလ်တက်ချင်တဲ့ အမေ
တယောက် ဆယ်တန်းပါ ဆက်မတက်နိုင်ဘဲ ကိုးတန်းမှာ ကျောင်းထွက် အိမ်ထောင်ကျလာတဲ့အခါ သူ့ရင်ထဲမှာ အစိုင်အခဲတခု ကိန်းအောင်းနေတော့တာပါပဲ။ အဲဒီအစိုင်အခဲက ကျနော်တို့ကို ရောင်ပြန်ဟပ်တော့တာပေါ့။
အဲဒီအဖြစ်တွေဟာ စစ်အစိုးရကြောင့်လို့ အမေမသိလို့လား … သိပေမယ့် အမေ ထုတ်မပြောချင်လို့လားတော့ မသိပါ။ အမေက သူ့ဘဝကို အပြစ်တင်ပါတယ်။ တကယ်‌တော့ အမေ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အမေ့မှာ
နောင်တတွေနဲ့၊ ကျနော်တို့အပေါ်မှာတော့ မျှော်လင့်ချက်တွေနဲ့ပေါ့။ အမေက ကျနော်တို့ကို သူ့ဘဝရဲ့ အဖြစ်သနစ် တွေနဲ့ ကိုးကားပြီး ဆုံးမပါတယ်။ ငါ့သားတွေ ဘွဲ့ရ ပညာတတ်တွေ ဖြစ်ရမယ်၊ အမေ့တုန်းကလို မဖြစ်စေရဘူးပေါ့။
ဒါကလည်း မြန်မာပြည်က မိဘတိုင်းလိုလို ပြောတတ်တဲ့စကား ထင်ပါတယ်။ အမေက မပြည့်စုံပေမယ့် ကျနော်တို့ ကို ဂရုစိုက်ပါတယ်။ စာအုပ်စာပေတွေနဲ့ ထိတွေ့ခွင့်ပေးခဲ့တယ်၊ မှောင်ပျပျ ရွာ‌လေးရဲ့ အပြင်ဘက်မှာ ဘာတွေရှိတယ်ဆိုတာ အမေက ကျနော်တို့ကို မိတ်ဆက်ပေးခဲ့တယ်။
အဲဒီလိုနဲ့ ကျနော် ရှစ်နှစ်အရွယ်လောက်မှာ ကျနော်တို့ဘက်ကို စစ်တပ်စီးပွားရေး ကော်ပိုရေးရှင်းက သကြားစက်ရုံ တည်ထောင်ပါတယ်။ အဲဒါကပဲ ကျနော်တို့ဘဝတွေကို တခါ ဂျွမ်းထိုးမှောက်ခုံ ဖြစ်စေခဲ့တာပါ။ စစ်တပ်က ပိုင်တာဆိုတော့ စက်ရုံမှာ အာဏာရှိပါတယ်။ သူတို့က ကျနော်တို့ဒေသမှာရှိတဲ့ ခွန်ထမ်းမြေမှာ လုပ်စားနေတဲ့သူဖြစ်စေ၊ သစ်တောကြိုးဝိုင်းမှာလုပ်စားနေတဲ့သူဖြစ်စေ ကြံစိုက်ခိုင်းပါတယ်။ မစိုက်မနေရ ကြံပဲ စိုက်ရပါတယ်။ ရာသီသိမ်းတဲ့အခါ သူတို့စက်ရုံကို သွင်းရတယ်။ မဆလခေတ်က သီးနှံတွေကို သတ်မှတ်အချိူးကျအတိုင်း ဒိုင်သွင်းရသလိုပေါ့။
စစ်တပ်သကြားစက်ရုံရဲ့ သဘောသဘာဝလို့ ပြောရမလား၊ ညစ်လုံးလို့ ပြောရမလား၊ သူတို့ သကြားတန်ချိန် ပြည့်မီအောင် မထုတ်နိုင်တဲ့အခါ တောင်သူတွေအပေါ် ကျိန်းပြီး ချောင်ကြိုချောင်ကြားပါမကျန် နှိုက်နှိုက်ချွတ်ချွတ် ဆင်းဝယ်ပါတယ်။ သူတို့ လိုချင်တဲ့တန်ချိန် ပြည့်မီတဲ့အခါ စက်ရုံကို စောစောပိတ်ပါတယ်၊ မဝယ်တော့ပါဘူး။ အဲဒီအချိန် တောင်သူတွေ ဒုက္ခရောက်တာပေါ့။
တနှစ်တော့ ကျနော်တို့အိမ်က ကြံတွေ အများကြီးစိုက်တယ်။ ကြံတွေကလည်း ကောင်းတယ်။ အမေက မျှော်လင့်ချက်တွေနဲ့ပေါ့။ ဒါပေမယ့် အဲဒီနှစ်မှာ စက်ရုံက စောပိတ်ပြီး ကျနော်တို့ကြံတွေကို မဝယ်တော့ပါဘူး။ အဲဒီအချိန် အမေငိုပါတော့တယ်။ ဒီတခါလည်း အမေတို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ဒီတခါတော့ အမေ့စိတ်ထဲမှာ စစ်အစိုးရကို ဘယ်လို သဘောထားလဲ ကျနော် မပြောတတ်ပါဘူး။ ကျနော်တို့မိသားစုတော့ အဲဒီဒဏ်ကြောင့် သုံးနှစ်လောက်
အီနေအောင် ခံစားလိုက်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။
ကျနော် ၂၀၁၄-၁၅ တက္ကသိုလ် စတက်တော့ အမေက ကျနော့်ကိုမှာတယ်။ နိုင်ငံရေးတွေမလုပ်ဖို့၊ အမေတို့ ခေတ်တုန်းက ကြောက်စရာ ကောင်းခဲ့ပုံတွေ ပြောပြတယ်။ ဒါ‌ပေမယ့် ရေဒီယိုသတင်းတွေ စာအုပ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာကြောင့် ကျနော် တက္ကသိုလ် စရောက်ပြီး မကြာခင်မှာပဲ သူငယ်ချင်းနှစ်ယောက်နဲ့ပေါင်းပြီး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ ကြိုးစားပါတော့တယ်။
အမေတော့ ဒီတခါ တက္ကသိုလ်ပို့မိတာ မှားတယ်လို့များ တွေးနေမလားမသိပါ။ ဒီလိုနဲ့ ၂၀၂၁ အာဏာသိမ်းတော့ ကျနော်က သမဂ္ဂရုံးခန်းထဲမှာ ရှိနေတဲ့အချိန်ပါ။ သတင်းကြားကြားချင်း ငါတို့ ဘာမှ အမှားမလုပ်ဘဲ ဒီကောင်တွေ ညစ်ပြန်ပြီပေါ့။ ဒီလိုနဲ့ လှုပ်ရှားရုန်းကန်ရင်းနဲ့ ကျနော့်ညီ ဆယ်တန်းကျောင်းသားက CDM လုပ်ပါတော့တယ်။ ကျောင်း ဆက်မတက်တော့ဘူးပေါ့။
သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့ အမေ၊ ဘဝကို ခက်ခက်ခဲခဲရုန်းကန်ပြီး သားတွေကို ကျောင်းထားခဲ့တဲ့အမေ၊ ဒီတခါတော့ သားငယ် ကျောင်းမတက်တာကို အမေ မတားတော့ပါဘူး။ ဘာမှလည်း မပြောတော့ပါဘူး။ အဲဒီနောက် ၂၀၂၄ နှစ်လယ်ပိုင်းမှာ သဘာဝအတိုင်း ကျနော့်ညီ မိန်းမရပါတော့တယ်။ ကျနော်က အဝေးမှာဆို‌တော့ အမေ ဘယ်လိုခံစားနေရတယ်ဆိုတာ မသိလိုက်ဘူး။ အမေတော့ ဘယ်စိတ်ကောင်းမလဲ။ နှမြောတော့ နှမြောတာပေါ့။ ဘယ်တတ်နိုင်မလဲ ဆိုတာနဲ့ပဲ ပြီးသွားတယ်လို့ ကျနော်ကြားပါတယ်။
ခေတ်ဆိုးကြားက အမေပေါ့။ ခေတ်ကောင်းရင် ငါ့သားလေး တက္ကသိုလ်တက်ရမှာပဲလို့ တွေးရင် တွေးနေမှာပေါ့။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေ့စိတ်တွေ၊ မျှော်လင့်ချက်တွေ လျော့သွားပုံရပါတယ်။ သိပ်ပြီး ခံစားမနေတော့ဘဲ တည်ငြိမ်လာသလိုပဲ။ ရက်စက်မှုတွေ၊ အနိဋ္ဌာရုံတွေကလည်း ပြည့်နေတာကို။ တခါတခါ အဆက်သွယ်ရရင် အမေတို့အတွက်တော့ ပူမနေပါနဲ့တဲ့၊ စစ်ကြောင်းထိုးလာရင် သူများပြေးသလို ပြေးလိုက်တာပဲ၊ သူများစားသလို စားလိုက်တာပဲလို့ ပြောပါတယ်။ တခါတခါ စစ်ပြေးရရင် ဆွေမျိုးတွေနဲ့ ပျော်ပွဲစား ထွက်ရသလိုပါပဲလို့ ပြောတတ်ပါတယ်။ ဒါပေမယ့် စစ်ပြေးရတာ ပျော်ပွဲစားထွက်ရတာမှ မဟုတ်တာဘဲ အမေရယ်။ လူတောင် သေရသေးတာ အိမ်တွေ ယာတွေလည်း ထည့်တွက်မနေတော့ပါဘူးလို့လည်း အမေက တခါတခါ ဆိုတတ်ပါတယ်။ ဒီတခါလည်း အမေ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ပြေးလွှားနေရတုန်းပါပဲ။
အမေ့လိုပဲ တခြားသူတွေလည်း ဘာအမှားမှ မလုပ်ပါဘဲနဲ့ လုံလောက်တဲ့ ပညာရေးထောက်ပံ့မှု၊ ကျန်းမာရေး‌ စောင့် ရှောက်မှုတွေ၊ လူမှုတရားမျှတမှုတွေ မရခဲ့ပါဘူး။ ဒီတခါတော့ ကျနော့်အမေလို တောသူတောင်သားတွေအတွက် လက်သည်တရားခံဟာ ပုံရိပ်ယောင်မဟုတ်တော့ဘဲ ရှင်းရှင်းလင်းလင်း ကိုယ်ထင်မြင်နေရပြီ။
ဒီတခါတော့ ဒီလက်သည်တရားခံ ပြေးမလွတ်တော့ဘူးပေါ့။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*