
“လည်ဆွဲနှစ်ခုနဲ့ စစ်မြေပြင်သတင်းထောက်”

ညက အေးသထက် အေးလာတယ်။ မြို့ပြမှာ အအေးပိုတဲ့ ရက်တွေပါ။ မြို့ပြမဟုတ်တဲ့ နေရာတွေမှာတော့ ပိုပြီးအေးမှာ သေချာပါတယ်။ အအေးဒဏ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အန်တုရတာပါပဲ။
အအေးဒဏ်ကို အန်တုဖို့ အပူဓာတ်တခုကို မှီဝဲနေစဉ်မှာပဲ မက်ဆင်ဂျာက ဖုန်းခေါ်သံတခုကို ကြားလိုက်ရတယ်။ ဖုန်းကိုယူကြည့်လိုက်တော့ စစ်မြေပြင် သတင်းထောက်တယောက် ဆက်သွယ်လာတာ။
သူနဲ့ကျနော်က သတင်းဌာနတခုမှာ အတူ တာဝန်ထမ်းဆောင်ဖူးပါတယ်။ လက်ရှိ သူက အဲဒိသတင်းဌာနမှာပဲ စစ်မြေပြင် သတင်းထောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေဆဲပါ။ ကျနော်ကတော့ နောက်ထပ် ကိုယ်ယုံကြည်ရာလမ်းကို ခေါင်းတိုးပြီး လျှောက်လှမ်းနေသူပါ။
သတင်းဌာနတခုမှာ အတူ တာဝန်ထမ်းဆောင်ချိန်ကဆို သူက စစ်မြေပြင်သတင်းတွေ တင်ဆက်သူ၊ ကျနော်က အယ်ဒီတာအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က သူနဲ့ကျနော် သတင်းအကြောင်းအရာတွေကို ပြောဖြစ်ကြသလို တောအကြောင်း တောင်အကြောင်းတွေလည်း ပြောဖြစ်ကြတယ်။
ကျနော်ထင်ပါတယ်။ သူနဲ့ကျနော် သတင်းထောက်နဲ့ အယ်ဒီတာ ဆက်ဆံရေးထက်ပိုတဲ့ ဆက်သွယ်ချက်တခု ရှိနေကြမယ်လို့ ထင်ပါတယ်။သူက ကရင်နီနယ်မြေမှာ စစ်မြေပြင်သတင်းထောက်၊ ကျနော်က ရန်ကုန်လိုနေရာမှာ အယ်ဒီတာ။
“ကျနော်တို့နှစ်ယောက်က ပြောင်းပြန်ကြီးဖြစ်နေတယ်ဗျ”
လွတ်မြောက်နယ်မြေတနေရာမှာ တဲတလုံးဆောက်ဖို့ ဝါးခုတ်နေတဲ့ပုံကို ရုပ်သံရိုက်ပြီး သူတင်ထားတာကိုတွေ့ပြီး ကိုယ့်ကိုယ်ကို အားမရတဲ့လေသံနဲ့ သူ့ကိုပြောမိတယ်။ ဝါးဆိုတာက ကျနော်နဲ့ မစိမ်းလှဘူး။ တရင်းတနှီး လက်ပွန်းတတီး ရှိခဲ့တယ်လို့ ပြောလို့ရတယ်။
ဝါးနဲ့ပတ်သက်တာတွေကို ပြောရရင် ငယ်ဘဝ မိသားစုထမင်းဝိုင်းက စပြောရမှာပါ။ မိသားစုထမင်းဝိုင်းမှာ ဝါးမျှစ်ဟင်းက အဓိက ဟင်းတခွက်။ တနပ်တအိုးနဲ့ ပြီးသွားတာမျိုး မဟုတ်ဘူး။ မနက် ထမင်းကြမ်းစားတော့လည်း ဝါးမျှစ်ဟင်း၊ ကျောင်းကို ထမင်းထည့်သွားတော့လည်း ဝါးမျှစ်ဟင်း၊ ညစာထမင်းဝိုင်းထဲမှာလည်း ဝါးမျှစ်ဟင်းပဲ။ တရက်တလေလည်း မဟုတ်ပြန်ဘူး။ တမိုးတွင်းလုံး အခုလိုပဲ စားရတာပါ။
ဒါတင်ပဲလားဆိုတော့ မပြီးသေးပါဘူး။ နေတဲ့အိမ်ကလည်း ဝါးအိမ်ပါ။ နှစ်နှစ်ကို တခါလောက် အိမ်အသစ်ပြန်ဆောက်တော့လည်း ဝါးအိမ်ပါပဲ။ အဖေနဲ့ကျနော် ညလုံးပေါက် နှီးထိုင်ဖြာပြီး ဝါးနှီးတွေကိုလည်း ရောင်းခဲ့ရဖူးပါတယ်။ အခုလို မိတ်ဆွေ စစ်မြေပြင်သတင်းထောက်တယောက်က ဝါးတပင်ကို မောကြီးပန်းကြီးနဲ့ အင်တိုက်အားတိုက် ကြိုးစားပမ်းစား ခုတ်နေတာကိုမြင်ရတော့ သူနဲ့ကျနော် နေရာမှားနေတာလို့ ပြောလိုက်မိတာပါ။
“ဝါးခုတ်ရင် ဓားရိုးကို အဲဒီလိုကြီး မကိုင်ရဘူးဗျ ။ဝါးမျက်ဝါးဆံ သတ်တဲ့အခါလည်း ဓားကိုင်နည်းလိုတယ်” လို့ သူ့ကိုပြောတော့ ဘာမှမပြောဘဲ ပြုံးပဲပြုံးနေတာကို တွေ့ရတယ်။
အခုတကြိမ် ဆက်သွယ်လာတော့ သူနဲ့ကျနော် ဖုန်းပြောကြတဲ့ ကြာချိန်က ၂ နာရီကျော် ၃ နာရီနီးပါး ကြာသွားတယ်။ ကြားကာလမှာ သူနဲ့ စကားမပြောဖြစ်တာလည်း ကြာသွားတယ်။ စကားပြောဖြစ်ကြတဲ့ အချိန်လေးအတွင်းမှာ သူ့ဘက်က မကြာခဏ ထုတ်ပြောလာတဲ့စကားက “အခုလို လက်ခံ စကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူ အခုလို စကားပြောချင်တာကို အချိန်အကြာကြီး နားထောင်ပေးလို့ အားနာနေပုံရပါတယ်။ အခုလို စကားတွေပြောချင်နေတာ ကြာပြီလို့လည်း ပြောရှာပါတယ်။
ဒီတခါ စကားတွေပြောကြတာမှာ သူ အရင်ကနဲ့ မတူတော့တာကို သတိထားမိတယ်။ လေးနှစ်နီးပါးကာလမှာ ဘဝကို တောထဲမှာပဲ ဖြတ်သန်းနေသူပီပီ အတွေ့အကြုံတွေက သူ့ကို အများကြီး သင်ကြားပေးလိုက်ပုံ ရပါတယ်။ ဒီနှစ်ကာလတွေက သူ့လို စစ်မြေပြင် သတင်းထောက်တယောက်ကို တောတောင်ရေမြေတွေကို နှံ့စပ်သူတဦး ဖြစ်လာစေဖို့ သင်ကြားခံလိုက်ရတာလည်း ဖြစ်မှာပါ။
သူက တောထဲမှာ ရှင်သန်တတ်သွားပြီ။ တောကျွမ်းကျင်သူတယောက် ဖြစ်သွားပါပြီ။ သူ့ကျွမ်းကျင်မှုတွေထဲမှာ အသံတွေကို ခွဲခြားတတ်တာလည်း ပါတယ်။ စကားပုံတခုလို “ခြေမြန်ရင်ပြေး လက်မြန်ရင်စား” ဆိုတာကို သူ မသင်ရဘဲ တတ်သွားပါပြီ။
“နောက်ကျခြေထောက် သစ္စာဖောက်ပဲ ကျနော် အပြေးမြန်လို့ ၊ ဗုံးခိုကျင်းထဲ ဝင်ပြေးတဲ့အချိန်နဲ့ လက်နက်ကြီးကျတဲ့အချိန် စက္ကန့်ပိုင်းလေးပဲ ကွာတယ်”
အခုလို အခြေအနေမျိုးကနေ အသက်ဘေးက အကြိမ်ကြိမ်လွတ်ခဲ့ပုံကို ပြောပြတယ်။
“အသံတွေကို နားစွင့်တတ်ရသေးတယ်။ လက်နက်ကြီး ပစ်သံလား၊ လက်နက်အသေးနဲ့ ပစ်သံလား၊ လေကြောင်းကနေ ပစ်တဲ့အသံလား၊ ဘယ်ပစ်ခတ်သံဟာ ဘယ်ကျည်အမျိုးအစားနဲ့ ပစ်နေတာလဲဆိုတာ ခွဲခြားတတ်သွားပြီ” လို့ သူ့ဆီက စကားသံကို ကြားရပါတယ်။
တောထဲမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ စစ်ပြေးခဲ့ရဖူးတဲ့ အဖွားက ပြောပြဖူးတယ်။ မီးခိုးမထွက်အောင် ထမင်းချက်တတ်ရတာ၊ တောကောင်တွေအသံ ဘယ်လို ခွဲခြားသိရလဲဆိုတာ လက်တွေ့ သင်ကြားပေးခဲ့ဖူးပါတယ်။ ဘယ်အသံက ပုရစ်အော်သံ၊ ဘယ်အသံက ပုဇင်းရင်ကွဲအော်သံ၊ ဘယ်အသံဆို ဖားလက်တက်အော်သံ၊ ဘယ်အသံက ဖားဂုံညင်းအော်သံ၊ ဘယ်အသံဆို မြွေပွေးအော်သံ၊ မြွေဟောက်အော်သံ၊ ခွေးအအော်သံ။ ညဘက်မှာ ခွေးအတအုပ်နဲ့ လမ်းမှာတွေ့ရင် ဘယ်လိုနေရမလဲဆိုတာ အဖွားက ကျနော့်ကို ပြောလည်းပြောပြသလို သင်လည်း သင်ပြပေးခဲ့ဖူးပါတယ်။ ကျနော့်မိတ်ဆွေ စစ်မြေပြင်သတင်းထောက်လိုတော့ လက်နက်ပစ်ခတ်သံကို ခွဲခြားတတ်မှာ မဟုတ်ပါဘူး။
နေရာတခုမှာ အချိန်ကြာကြာ နေလိုက်တာနဲ့ အဲဒီနေရာနဲ့ ယဥ်ပါးသွားမှာပါ။ ဘယ်လိုပဲ မျက်နှာစိမ်းတဲ့နေရာဖြစ်ပါစေ အချိန်ကာလတခုအထိ နေထိုင်ဖြစ် လိုက်တယ်ဆို အဲဒီနေရာနဲ့ တရင်းတနှီး ဖြစ်သွားမှာပါ။ ကျနော့်အဖို့ တောနေတောထိုင်ဘဝကို ရှင်သန်လာခဲ့ရဖူးပေမယ့် အခုတော့ တောနေတောထိုင်ဘဝက ကျနော်နဲ့ မျက်နှာစိမ်း အရပ်ဒေသတခု ဖြစ်သွားခဲ့ပါပြီ။ တောနေတောထိုင် မကျင်လည်လာခဲ့ဖူးပေမယ့် ကျနော့်မိတ်ဆွေ စစ်မြေပြင် သတင်းထောက်တယောက် တောနေတောထိုင်ဘဝကို ယဥ်ပါးသွားတာကို မြင်လိုက်ရတယ်။ ကျနော်ကိုယ်တိုင် အဲဒီနေရာကို သွားရမယ်ဆို သူ့အကူအညီမပါဘဲ သွားလို့ရမှာ မဟုတ်ပါဘူး။
စကားပြောနေရင်းကပဲ သူပိုင်ဆိုင်ထားတဲ့ အရာနှစ်ခုကို ထုတ်ပြပါတယ်။ အဲဒီအရာနှစ်ခုက သူနဲ့အတူ အမြဲရှိနေတဲ့ လည်ဆွဲနှစ်ခုပါ။ လည်ဆွဲနှစ်ခုရဲ့ ဆွဲပြားပေါ်မှာတော့ စကားလုံးတချို့ ရိုက်နှိပ်ထားပါတယ်။ တခုက သူရောက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့အမှတ်အသား။ နောက်ထပ် ဆွဲပြားတခုမှာတော့ သူ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သတင်းဌာနရဲ့နာမည်ကို အသားတံဆိပ် ရိုက်နှိပ်ထားတာပါ။ ဒီလည်ဆွဲနှစ်ခုက သူနဲ့အတူ မကင်းမကွာ အတူရှိနေတာပါ။
လည်ဆွဲတွေက ခေတ်လူငယ်တွေ ဖန်စီကျကျ ဝတ်ဆင်လေ့ရှိကြတဲ့ လည်ဆွဲမျိုးပါ။ ဒီလည်ဆွဲတွေက မပြောကောင်းမဆိုကောင်း သူ တခုခု အဖိတ်အစင် ဖြစ်ခဲ့ရင် ဘယ်ကလဲဆိုတာ တန်းသိလို့ရအောင် ဆွဲထားရတာလို့ ပြောပြပါတယ်။
ကျနော်တို့နှစ်ယောက် ပေါ့ပေါ့ပါးပါး အပြန်အလှန် စကားပြောနေရင်းက လည်ဆွဲအကြောင်း ရောက်သွားတော့ သက်သောင့်သက်သာတော့ မဖြစ်ခဲ့ကြပါဘူး။ သူဆွဲထားတဲ့ ဆွဲပြားနှစ်ခုကို မန်ယူဂျာစီအ တွင်းဘက်ကို ထည့်လိုက်တယ်။ ကျနော်လည်း တခြားအကြောင်းအရာတခုကို စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။
စကားလမ်းကြောင်း လွှဲလိုက်တဲ့ အကြောင်းအရာတခုမှာပဲ အရင်ကလို စကားတွေ ပေါ့ပေါ့ပါးပါးနဲ့ မိနစ်အတော်ကြာတဲ့အထိ ဆက်ပြောဖြစ်ကြတယ်။ သူ့ဘေးက လေးထောင့်ပုံး အဝါထဲက အရက်ဖြူတချို့ကို ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်တယ်။ တဆက်တည်းပဲ ဖန်ခွက်ကို မြှောက်လိုက်တယ်။ ကျနော့်ဘက်ကလည်း အရံသင့်ငှဲ့ထည့်ထားတဲ့ ခွက်တလုံးကိုကိုင်ပြီး မြှောက်ပြလိုက်တယ်။ သူနဲ့ကျနော် ဖုန်းစခရင်ထဲကနေပဲ “ချီးယား (Cheers)” လုပ်လိုက်ကြတယ်။
Be the first to comment