1
ညီလင်းအိမ်
‘လမ်းပေါ်က မင်းသား’
သူတို့ကို ကိုယ်တွေဆီမှာပဲ အမည်သညာပေးကြတဲ့ ပေသီး၊ ခေါကြီး၊ ဂျစ်စုတ် စလို့ အဲသလို နာမည်တွေ ပေးရမလားတောင် မသိ။ သူရို့ကလေးအုပ်စုတွေထဲမှာ အယ်လီက ပိုမိုတောက်ပြောင်ဆုံးပဲ။ ကာဆာဘလန်စကာရဲ့ မြို့စွန်မြို့ဖျားတွေက သူတို့ရဲ့ အိမ်ယာတွေပေါ့။ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ အုပ်ထိန်းသူမဲ့နေကြတဲ့ အယ်လီတို့လို ကလေးငယ်များဟာ မြို့စွန် မြို့ဖျားက အိမ်ပျက်တွေ။ ပင်လယ်ကမ်းစပ်က အဆောက်အဦတွေမှာ ကပ်တွယ်နေထိုင်ကြတယ်။ တချို့ကတော့ ဂိုဏ်းတခုလို ဖြစ်နေကြတယ်။
လူကောင်ခပ်ကြီးကြီး စကားမပြောတတ်တဲ့ Dib ဆိုတဲ့ ကောင်လေးက ကလေးငယ်ပေါင်းများစွာကို ဗိုလ်လုပ်နေပြီး အနိုင်ကျင့် အုပ်ချုပ်နေတယ်။ သူ့လက်အောက်မှာ မနေကြတဲ့ အယ်လီတို့အုပ်စုမှာတော့ Dib ရဲ့ အနိုင်ကျင့်တာကို ခံကြရတယ်။ အုပ်ထိန်းစောင့်ရှောက်သူ မရှိကြတော့ စားဖို့နေဖို့အတွက်ကတော့ တချို့ကလေးတွေက ဆေးလိပ်တွေ စီးကရက်တွေ ရောင်းကြရတယ်။ လက်ပွေ့ဈေးသည်ကလေးတွေအဖြစ် မြို့လယ်က ကားတန်းတွေကြားထဲမှာ တိုးကြခွေ့ကြရတယ်။ အဲဒီကနေ ပိုက်ဆံကလေးရလာရင်တော့ စားစရာကလေးဝယ်စား ကမ်းနားဘေးက အိမ်ပျက်တွေပေါ် တက်အိပ်ကြတာပေါ့။ မှောင်ရိပ်ခိုသူတွေကို လိုက်ဖမ်းကြတဲ့ ရဲတွေလာရင်တော့ သူတို့တွေမှာ ထွက်ပြေးကြရတယ်။
တနေ့မှာတော့ အယ်လီက ရုပ်သံက သတင်းထောက်တယောက်နဲ့ အင်တာဗျူး ဖြေရတယ်။ အဲဒီရိုက်ကူးသူတွေကလည်း ကပ်ပါးကောင်များလို ဖြစ်နေကြတဲ့ သူတို့လေးတွေရဲ့ လမ်းပေါ်ကဘဝကို မှတ်တမ်းသဘောမျိုး ရိုက်ကူးရုံ သက်သက်ပဲ ဖြစ်ပါတယ်။ သူရို့ကလေးအုပ်စုများထဲမှာ အယ်လီက ပြောတတ်ဆိုတတ်တော့ အယ်လီကပဲ မေးသမျှကို ဖြေတယ်။ သူ့စကားလုံးတွေမှာ စွန့်ပစ်ခဲ့တဲ့ မိဘတွေကို ဘယ်လောက်တောင် နာကျင်နေသလဲ မသိ။
အယ်လီက မိုက်ကရိုဖုန်းကို စိုက်ကြည့်ရင်း သူ့ရောင်းရင်း ကွီတာရဲ့ လည်ပင်းကို ဖက်ထားတယ်။ ဝက်ကလေးရုပ်ပေါက်နေတဲ့ အပါးတော်မြဲ ဘောက်ကာကတော့ သူ့ဆရာ အယ်လီဖြေသမျှကို ပြုံးဖြဲဖြဲနဲ့ နားထောင်နေတယ်။ အယ်လီရဲ့ နောက်မှာ အရပ်သားအုပ်ကြီးရော။ သူတို့လို့ စွန့်ပစ်ခံ ကလေးတွေရော လူအုပ်လိုက်ကြီးနဲ့ စုဝေးနေကြတာပေါ့။ အယ်လီကတော့ မမှိတ်မသုန်အနေအထားနဲ့ပဲ မေးမြန်းသူကို စကားတွေပြောနေတယ်။ သူ့စကားလုံးတွေက အင်တာဗျုးဖြေတာမျိုးထက် စကားပြေ စာပိုဒ်တခုကို ဖတ်ပြနေသလိုပါပဲ။
ကျနော်လား။ လှေလေးကို တရွေ့ရွေ့နဲ့ လှော်နေတယ်။ လှိုင်းလုံးကြီးတွေကတော့ တရိပ်ရိပ်နဲ့ မြင့်တက်နေတာပေါ့။ လှေကလေးက အဲဒီကြားထဲမှာ လူးလူးလွန့်လွန့်နဲ့လေ။ နေကလည်း သာနေလိုက်တာ။ ကျနော့်မှာ ပူလာလို့ ချွေးတွေတောင် ထွက်လာတယ်။ လှေကလေးကို ဆက်မလှော်ဖြစ်တော့ပါဘူး။ အဲဒီအချိန်မှာပဲ မိန်းကလေးတယောက်က လှေနားမှာ ပေါ်လာတာ။ ကျနော့်ကို ပြုံးပြတယ်။ ကျနော်ကလည်း သူ့ကို ပြုံးပြမိတယ်။ ပြီးတော့ သူ့လက်ကလေးကို ကမ်းလင့်လိုက်ပြီး လှုပ်ခါနေတဲ့ လှေပေါ်ကို ဆွဲတင်လိုက်တယ်။ လှေပေါ်ကိုလည်း ရောက်တော့ လေပြည်ကလေးတွေကလည်း ရုတ်ချည်းပဲ ညင်သာစွာ တိုက်ခတ်လာပါရော ။
အယ်လီစကားတွေကို ကလေးအုပ်ကြီးက ဆိတ်ငြိမ်စွာနဲ့ပဲ နားထောင်နေကြတယ်။ သတင်းထောက်က မင်းက တကယ်ကို အတည်ကြီးပြောနေတာပဲ။ နောက်တော့ရော ဆိုတော့ ကျနော့်အိပ်မက်ကနေ နိုးလာတယ် တဲ့။ နားထောင်နေကြတဲ့ ကလေးတွေက ပြုံးစိစိနဲ့ ဘဝမှာ ပထမဆုံး လူရာသွင်း ခံကြရတဲ့ အသွင်မို့ ပျော်နေကြတာပဲလားမသိ။
အယ်လီ ဖြစ်ချင်တာက သင်္ဘောသား။ သူက ပင်လယ်ကြီးကို ဖြတ်သန်းချင်တာ။ နေနှစ်စင်းထွက်တာ မြင်ရတဲ့ ကျွန်းကလေးကို သွားချင်ခဲ့တာတဲ့။ အခုတော့ ကျနော့်မှာ မြို့တခုလုံးကို စီးမိုးပြီးပဲ ကြည့်နေရတာပဲ။ ဒီမှာ ရှင်သန်လို့ရအောင် ကိုယ့်ကိုယ်ကိုပဲ အားပြုရတာလေ။ ကျနော့် မိဘတွေလား။ သူတို့ကို ကြောက်လို့ လမ်းပေါ်ကို ထွက်ပြေးလာခဲ့တာပါ။ ကျနော် ခလေးဘဝတုန်းက အမေက ကျနော့် မျက်လုံးတွေကို ဖောက်ရောင်းမယ် လုပ်တာလေ။ အဲဒါကြောင့် လမ်းပေါ်ကို ထွက်ပြေးလာခဲ့တာ ခုဆို အသက်ဆယ့်ငါးနှစ် ရှိပြီတဲ့။ စကားအဆုံးမှာ အယ်လီလေသံက ဆွေးဆွေးမြေ့မြေ့။ တိမ်တိမ်ဖျော့ဖျော့။
သူတို့တွေမှာ အဲသလို နာကျင်ဖွယ် အကြောင်းတွေနဲ့လေ။ ဘတ်စ်ကတ်ဘော ဝတ်စုံ ယူနီဖောင်းလို အစိမ်းရောင် အင်္ကျီ ဖို့ရို့ဖားယားကြီးကို ဝတ်ထားတဲ့ ဝက်ပေါက်စကလေး ဘောက်ကာကတော့ သီချင်းတွေ အော်ဆိုလိုဆိုနဲ့ နှာရည်တရွှဲရွှဲဖြစ်နေတဲ့ သူ့ပါ့စပ်ဖျားကနေ ပြောသမျှ အကြောင်းတွေက တဦးးတည်းသော ဦးလေးအကြောင်း။ တနေ့မှာတော့ ချစ်ရတဲ့ ဦးလေးက သူ့ကို လာခေါ်မှာပါတဲ့။ ကွီတာတို့ အုပ်စုတွေမှာ နားရည်ဝနေတော့တဲ့ ဝက်ခေါလေး ဘောက်ကာရဲ့ ပုံပြင်တွေပေါ့။
ကွီတာဟာ အယ်လီရဲ့ စကားတွေကို နားထဲမှာ စွဲသွားတယ်။ အယ်လီက အမြဲအဲလိုပါပဲ ။ သူတို့တွေ အတူထိုင်ဖြစ်တိုင်း သူ့ရဲ့ ဘဝရည်မှန်းချက်တွေကို ပြောပြတတ်တယ် ။ စကားလုံးတွေကလည်း အဆန်းတကြယ်တွေချည်းပဲ။ ကွီတာမှာ နားထောင်ရင်း သူ့စိတ်နှလုံးအိမ်ထဲမှာ အယ်လီစကားဇာတ်ကြောင်းတွေကို စိတ်ကူးနဲ့ ပုံဖော်နေတတ်တာပေါ့။
အဲလိုထိုင်ရင်း စကားပြောနေကြတုန်းမှာပဲ ကစားကွင်းနားကို လူစုတ် ငအကောင် Dib ဦးဆောင်တဲ့ ကလေးအုပ်ကြီးက ရောက်လာပြီး အယ်လီတို့ လေးယောက်အုပ်စုကလေးကို အနိုင်ကျင့်ကြတယ်။ သူတို့လောကက ဘေးမဲ့ဥယျာဉ်ထဲက မျောက်တွေ အစာလုပွဲလိုပါပဲ။ တွေ့တဲ့နေရာမှာ ရန်ဖြစ်ကြ၊ နိုင်လွန်မင်းကျင့် လုပ်ကြတာက သဘာဝလို ဖြစ်နေပြီ။ ဒီလို အခြေအနေမဲ့ ကလေးတွေကို ဘယ်သူကမှလည်း အရေးစိုက်ဖို့ အကြောင်းမရှိဘူးလေ။ ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်အတ္တနဲ့ကိုယ် ရှင်သန်နေအောင် ကမ္ဘာကြီးထဲက လူတွေကပဲ သတ်မှတ် စည်းခြားပစ်လိုက်တာမျိုး မဟုတ်ပါလား။
အဲဒီမှာပဲ Dib အုပ်စုထဲက ကလေးတယောက်က အယ်လီခေါင်းကို ကျောက်ခဲနဲ့ ထုပစ်လိုက်တာကနေ သွေးထွက်လွန်ပြီး သေသွားတော့တယ်။ ငိုရကောင်းမှန်း မသိကြတော့တဲ့ ကျန်ရစ်ခဲ့ရတဲ့ အဖွဲ့တော်သား သုံးယောက်မှာ အယ်လီအလောင်းကြီးကို ပိုက်ရင်း ဘာလုပ်ရမယ် မသိတော့ဘူး။ အယ်လီရဲ့ စကားတွေက ကွီတာရဲ့ ရင်ထဲမှာ စူးနစ်ကျန်ရစ်ခဲ့တာလေ။
လှေကလေးနဲ့ ကျွန်းတနေရာကို ရွက်လွှင့်သွားချင်တာ သူ့အိပ်မက်။ သေသွားတော့လည်း ဘယ်သူက ပေးထားမှန်းမသိတဲ့ သံလိုက်အိမ်မြှောင်ကလေးကို ကိုင်ဆုပ်ရင်း အသက်ထွက်သွားတာ။ ဒီလိုနားက ကလေးတယောက် သေသွားလို့လည်း ဘယ်သူက အာရုံထားအရေးစိုက်မှာတဲ့လဲ။ နောက်တော့ ကျန်ရစ်ခဲ့ရတဲ့ သူတို့တတွေဟာ အယ်လီရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားကြတော့တယ်။
နောက်ပြီး သိလာရတာက အယ်လီရဲ့ ဘဝပြဿနာတွေက သူပြောသလို မဟုတ်။ အယ်လီအမေက ပြည့်တန်ဆာ တယောက်။ အဲဒီလို သက်ရှင်နေတဲ့ ဘဝမှာပဲ အယ်လီက ဘယ်သူအဖေမှန်းမသိဘဲ မွေးလာရပုံ။ ပြည့်တန်ဆာမ အမေက အယ်လီအတွက် နိဗ္ဗာန်ဘုံအသေးကလေး အခန်းကလေး ဖန်ဆင်းပေးခဲ့တာဆိုတာကို ကွီတာတို့ သိလာတယ်။ သူ့မေမေက ခုထက်ထိ သားပြန်လာမယ့် အချိန်ကို စောင့်နေဆဲလေ။ ကွီတာတို့လို လေလွင့်နေတဲ့ ကြောင်ကလေးလို ခွေးကလေးတွေလို ကော်ရှု ဆေးလိပ်သောက် ဖြစ်ချင်သလို ဖြစ်နေကြတဲ့ ကလေးတယောက်အဖြစ် မြင်မှ မမြင်ချင်ခဲ့တာ။ ဒါပေမဲ့ ပြည့်တန်ဆာအဖြစ် ရှု့မြင်မိသွားတဲ့ သူ့မိခင်အပေါ်ကို အယ်လီရဲ့ နာကျင်မှုက ဘယ်လောက်အထိ စူးနစ်နေခဲ့သလဲတာမှ မသိတာ။ ဒါတွေကြောင့် သူတို့နဲ့ အယ်လီရဲ့ စကားပြောပုံဆိုပုံတွေက ကွာခြားနေခဲ့တာ။
အခုတော့လည်း ကွီတာတယောက် ယောင်နနနဲ့ မြို့ထဲကို ရောက်ရင်း ပိုက်ဆံရှာနေပြီ။ အဲဒီမှာပဲ သေသွားတဲ့ အယ်လီရဲ့ ပုံပြင်ထဲက ရေအောက်နတ်သမီးလေးတပါးကို သွားတွေ့တယ်။ သူနဲ့ကတော့ မိုးနဲ့မြေ ကွာခြားလှတဲ့ ဘဝထဲက နတ်သမီးစစ်စစ်ကလေးဆိုပါတော့။ ကျောင်းဝတ်စုံ ဖြူဖြူကလေးနဲ့ သိပ်လှတဲ့ ကောင်မလေး။ အသက်ကတော့ ရှိလှ သူနဲ့ မတိမ်းမယိမ်းဘဲ နေမှာပေါ့။ အဲဒီကျောင်းနားကို ရောက်ပြီဆိုရင် သူ့မျက်လုံးတွေက အဲဒီကောင်မလေးဆီက မခွာနိုင်။ လာကြိုတဲ့ ကားပေါ်ကို တက်သွားတာမြင်ရရင်လည်း ဟန်မဆောင်နိုင်တော့ဘဲ ကားနားကိုတောင် အပြေးကလေး ငေးမိတဲ့အထိ ချစ်စရာကောင်းလှတဲ့ ကောင်မလေး။ ဒီလိုဘဝဦးထဲမှာ နှလုံးသားရဲ့ အဓိပ္ပါယ်ကို ပထမဆုံး ဖွင့်ဆိုပြောပြပေးသွားတဲ့ ကောင်မလေးပေါ့။
ကွီတာကလေးမှာ ဆိပ်ကမ်းစပ်က သင်္ဘောပျက်ပေါ်ကို တက်အိပ်တော့လည်း အိပ်မပျော်နိုင်ရှာဘူး။ ကောင်းကင်ကြီးကို ငေးရင်း စိတ်ကူးယဉ်မိသမျှကို ပုံဖော်နေရှာတယ်။ သူ့ရဲ့ဘော်ဒါဘော်ကျွတ် ဝက်ခေါနဲ့ အိုမာကတော့ တယောက်ကိုတယောက် ဖက်တွယ်ရင်း အိပ်နေကြပြီ။ သူ့မှာတော့ အိပ်မပျော်နိုင် လှေဝမ်းအောက်မှာ ဖွက်ထားတဲ့ အယ်လီအလောင်းကို ကျကျနန သင်္ဂြိုလ်ခွင့်ရဖို့ ကြိုးစားရဦးမယ်။ အဲသလို ဖြစ်ဖို့ကလည်း အခက်ခဲတွေက တပုံကြီး။ ဘာသာရေးထုံးတမ်းအရ သူတို့တွေက မြင့်မြတ်စွာ မြှုပ်နှံခွင့်ရဖို့ မထိုက်တန်တဲ့ သူတွေ။ ဘာသာတရားကို ကြည်ညိုကိုးကွယ်ရမှန်း မသိတဲ့ ကလေးတွေ ။ မသေခင်ကတည်းက နံစော်ပုပ်ဟောင်နေတဲ့ လူတွေ ဖြစ်နေတဲ့အတွက် လူလူသူသူ အသုဘတခုဖြစ်ဖို့ မဖြစ်နိုင်ပါဘူးတဲ့။ သူ့မှာ အဲဒီလို သူကိုယ်တိုင်လည်း သေချာနားမလည်တဲ့ စကားတွေနဲ့ အခက်အခဲဖြစ်နေရတယ်။
ပြီးတော့ အဲဒီကောင်မလေးကိုလည်း ထပ်တွေ့ချင်နေသေးတယ်။
ရုပ်ရှင်ရည်ညွှန်း – Prince of the Streets (2000)
