လရောင်ပျောက်သော ညများ

◼️ညီလင်းအိမ်
ဟိုနေ့ညက The Sent Down Girl (1998) တရုတ်ရုပ်ရှင်ကြည့်ဖြစ်တော့ ထုံးစံအတိုင်း အတွေးသမား ကျနော့်မှာ တန်းအိပ်မပျော်နိုင်တော့။ အတိတ်တွေထဲက ဖြတ်သန်းခဲ့ရာ ဘဝကြောင်းတွေက ရုပ်ရှင်နဲ့အတူ ဆက်စပ်ပြီး ခေါင်းထဲဝင်လာတယ်။ ဒီရုပ်ရှင်က တရုတ်ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အနာတွေကို ပြတဲ့ ရုပ်ရှင်။ တရုတ်အနုပညာသည်တွေကျလည်း ဒီလိုအနာတွေကို အင်မတန်မှ ထင်ရှားပေါ်လွင်အောင် ပြဆိုနိုင်ကြတော့ ကြည့်ဖြစ်တိုင်းလည်း နာကျင်ဝမ်းနည်းရတာပဲ။
ခုရုပ်ရှင်ဇာတ်ကြောင်းကလည်း ရှိုရှိုဆိုတဲ့ ဆယ့်ငါးနှစ်အရွယ်ပန်းမျှလောက်ပဲ ရှိ‌သေးတဲ့ စတိတ်ကျောင်းသူကလေးရဲ့ ရင်နင့်နာကျင်ဖွယ် ဖြစ်ရပ်ဆိုးကို တင်ပြထားတဲ့ ရုပ်ရှင်။ သူကလေးမှာ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ဝေးသီခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေဆီကို သွားရဖို့ ဖြစ်လာတယ်။ မိဘအရိပ် အောက်မှာပဲ ပြစ်မျိုးမှဲ့မထင် ဘဝနဲ့ပတ်သက်တဲ့ လေးလံဖိစီးမှုဆိုတာတွေကို ဘာတခုမှ မသိနားမလည်သေးတဲ့ ဒီလိုကောင်မလေးမှာ ကျေးလက်ဒေသကြီးထဲကို လုပ်အားပေးသဘော ရောက်သွားတာဆိုတော့ ကြုံလာရတဲ့ အခြေအနေဆိုးတွေကို ဘယ်လို ခံနိုင်ပါ့မလဲ။ နယ်ဘက်မှာ အစိုးရနဲ့ပတ်သက်ဆက်နွယ်တဲ့ကောင်တွေက ထင်တိုင်းကြဲနေကြတယ်။ ရှိုရှိုလို ပျိုဖော်ဝင်စ မြီးကောင်ပေါက်မလေးတွေရဲ့ ကာမကိုရယူဖို့ ကြိုးစား ယုတ်မာနေကြတာတွေကို ကြုံရတယ်။
အိမ်ကို အင်မတန်လွမ်းနေတဲ့ ကောင်မလေးမှာ တိဘက်လူမျိုးတယောက်နဲ့အတူ မြင်းအုပ်တွေ ထိန်းကျောင်းရတဲ့အလုပ်ကို လုပ်ကိုင်ရတယ်။ သူတို့အနားမှာက စောစောကပြောသလို ခေတ်ဆိုးကြီးရဲ့ ပျက်ပြားနေတာကို အခွင့်ကောင်းယူပြီး မိန်းကလေးငယ်တွေရဲ့ အရှက်ကာမကို လိမ်လည်ရယူဖို့ ချောင်းနေကြတဲ့ကောင်တွေ ရှိတယ်။ အဲဒီကောင်တွေကပဲ အိမ်ပြန်ချင်နေရှာတဲ့ ကလေးမကလေးကို အိမ်ပြန်လို့ရအောင် လုပ်ပေးမယ် စာရွက်စာတမ်း ဘာညာတွေ ဖန်တီးပေးမယ် စလို့ လိမ်လည်ရင်း တယောက်ပြီးတယောက် သူမရဲ့ကာမကို လာရောက်ရယူကြတာဖြစ်တယ်။ ဒီလိုနဲ့ပဲ နူရာဝဲစွဲပေးချင် လဲရာသူခိုးထောင်းပေးချင်ကြတဲ့ လူမှုအလွှာကြီးကပဲ ဒီကောင်မလေးကို ပြည့်တန်ဆာမဆိုပြီး လူ့အဖွဲ့အစည်းအတွင်းကို ပြန်မရောက်လာအောင် ဖိနှိပ် ရက်စက်ကြတဲ့ အကြောင်းတွေ ဖြစ်တယ်။
ကျနော်တို့ပြည်မှာလည်း အင်မတန်မှ မွဲတေခေါင်းပါးတဲ့ ခေတ်စနစ်ကြီးအောက် ရှင်သန်ကြရတော့ အချို့သော သားကောင်းသမီးပျိုလေးတွေခမျာ ဘဝမှာ ရင်းနှီးစရာ ပညာမရှိ၊ ဘဝနောက်ခံမရှိ၊ အားကိုးစရာရယ်လို့ မရှိကြတော့ ရှိတဲ့ခန္ဓာကိုယ်ကိုပဲ ထိုးကျွေးရတဲ့ဘဝကို ရောက်ကြရတယ်။ ကျနော့်မိတ်ဆွေ ကားဒရိုင်ဘာနဲ့ ရထားဘူတာနားက ဖြတ်တော့ ဘီယာဆိုင်ဘေးနားမှာ ထိုင်နေတဲ့ လှတပတ ပြင်ဆင်ထားတဲ့ မိန်းကလေးတယောက်ကို လက်ညှိုးထိုးပြတယ်။
အဲကောင်မလေးက ဟိုတလောကာလတွေက ဒီနားမှာ ပြောင်းဖူးပြုတ်သည်ကလေးကွ။ ခုတော့ ဖာတောင်ဖြစ်နေပြီ လို့ ပြောတယ်။ ကျနော့်မှာ ဘာမှ ပြန်မပြောနိုင်။ ခေတ်လေကွာ ခေတ်လို့ပဲ သူက ဆက်ပြောတယ်။
ပြည်လမ်းမကြီးကနေ ဆန်သွားရတဲ့ ပဲခူးရိုးမ အရှေ့ပိုင်းကိုရောက်တော့ ကျနော်တို့ သစ်ထုတ်စခန်းတွေမှာ နေကြရတယ်။ ရောက်ပြီး တညနှစ်ညလောက်ရှိသေးတယ်။ အသိ ကားစပယ်ယာက ကျနော့်ကို လာခေါ်တယ်။ သားရီး စော်ချမလား။ ကော်ဖီမစ်ထုပ် တထုပ်ပေးရင်တောင် ရတယ်ဆိုပြီး လာခေါ်တယ်။ သစ်ထုတ်စခန်းကြီးထဲမှာ ပုံထားတဲ့သစ်တွေက တော်ရုံတောင်ပူစာလောက် ရှိတယ်။ နေရာအနှံ့အပြည့်ပဲ။ ဒီသစ်လုံးကြီးတွေအနားမှာပဲ သွေးသားဈေးကွက်လို ဖြစ်နေကြတာ။
ကော်ဖီမစ်ထုပ် တတွဲလောက်ပေးတာနဲ့ ကြိုက်သလို လုပ်ရတယ်ဆိုတဲ့ အမျိုးသမီးကိုမြင်ရတော့ ရင်ထဲ ဆို့သွားရတယ်။ ခုပြောတဲ့ ရုပ်ရှင်ထဲက ရှိုရှိုတို့ အရွယ်သာသာလောက်ပဲ ရှိဦးမယ့် ကောင်မကလေး။ အင်္ကျီအဝတ်အစားနွမ်းနွမ်းနဲ့။ သွယ်တဲ့ ခန္ဓာကလေးနဲ့။ သူမ ကိုယ်တခုလုံးမှာ ဘယ်လိုအကြောင်းမျိုးရယ်မှ တပ်မက်စရာ အလှကောက်ကြောင်းရယ်လို့ မရှိသေးတဲ့ အရွယ်ကလေး။ ပြီးတော့ ခုအရွယ်ကလေးနဲ့ ဓာတ်သဘောချင်းမတူတဲ့ ခန္ဓာကိုယ်နှစ်ခု ထိတွေ့ပေါင်းကူးရတဲ့ သာယာပျော်မွေ့မှုသဘောကို ဒီကောင်မလေးက နားလည်တတ်ပါဦးပါ့မလား။ ကားစပယ်ယာက ကျနော့်ကို ရှင်းပြတယ်။
ဒီမှာ အလုပ်အကိုင်ရယ်လို့ မရှိကြတော့ ငါတို့ သစ်လာဆွဲခါမှပဲ သူတို့တွေမှာ ဝင်ငွေရတာမျိုးကွ။ သစ်ခွံတွေလာကောက်ကြ။ မီးသွေးလိုက်သည်ကြနဲ့ပေါ့ကွာ။ တချို့လည်း အန္တရာယ်များလို့ သစ်လုံးကြားက သစ်ခွံတွေ လာမကောက်ပါနဲ့ ပြောလည်း တားမရ ။ သစ်လုံးပြိုပိလို့ သေတဲ့သူတွေလည်း ခဏခဏပဲ။ အဲဒီမှာပဲ ဒီကောင်မလေးက ဘယ်လိုဖြစ်သွားလဲ မသိပါဘူး။ ကားဒရိုင်ဘာတွေက မုန့်ဖိုးပဲဖိုးပေးရာကနေ မြည်းကြစမ်းကြတာ ဖြစ်မှာပေါ့။ အဲကနေ သစ်ခွံတထုပ်ပဲပေးပေး။ ပိုက်ဆံငါးရာလောက်ပဲ ပေးပေး ။ လက်ခံနေတော့ ဟိုလူတက်လုပ်။ ဒီလူတက်လုပ် ဖြစ်နေတော့တာ။ ဒီနားက ပြန်တယ်လို့လည်း မရှိပါဘူး။ အဖေ အမေလား၊ မသိပါဘူးကွာ၊ ဒီနားကရွာထဲ ရှိချင်ရှိမှာပေါ့ တဲ့။
ခေတ်စနစ်က ဆိုးဝါးကျပ်တည်းလှပေမဲ့ အသက်အရွယ်ကလေးတွေ ရောက်လာတော့ အလှအပနဲ့ပတ်သက်ပြီး ပြင်ချင် လှချင် အဝတ်အစားကလေးတွေ ဝတ်ချင် စားချင်တာလည်း သဘာဝပဲမဟုတ်လား။ သို့ပေမဲ့ ဝင်ငွေရယ်လို့မရှိတော့ ဒီအရာတွေကို ဘယ်လို လက်လှမ်းမီပါ့မလဲ။
မြန်မာပြည် တနံတလျားက ကားသမားတွေ ဆုံဆည်းကြတဲ့ ဒီလိုဒေသတွေမှာ နယ်ခံကောင်မလေးတွေရဲ့ အထင်ကြီးမှုတွေ ခံကြရတာလည်း အဆန်းတကြယ်မထင်။ ကားသမားတွေက လက်ဖျားငွေသီးကြတော့ သူတို့မှာ အားကျ အထင်ကြီးကြရတယ်။ တနေ့ကို ပိုက်ဆံနှစ်ရာတောင် မသုံးနိုင်တဲ့ကာလမှာ ကားသမားတွေက ကွမ်းယာဝယ်စားလည်း ထောင်တန် အုပ်လိုက်နဲ့ဆိုတော့ သူတို့တွေနဲ့အတူ သစ်တောထဲကနေ မီးသွေးရောင်းချင်တာမျိုး စတာတွေ လုပ်ချင်ကြတယ်။
အချို့သော ကလေးမလေးတွေကလည်း အဲဒီ အထင်ကြီးစေလိုမှုနဲ့ ဖြားယောင်းတာကို ခံကြရရင်း သူတို့လိုချင်တဲ့ကာမကို ပေးအပ်လိုက်ကြရတယ်။ မီးတွေထိန်လင်းနေတဲ့ သစ်ထုတ်စခန်းကြီးပတ်လည်က သွေးသားရောင်းဝယ်ရေး ပွဲတော်ကြီးသဖွယ်ပါပဲ။ သူတို့ကို တဘဝစာအထိ ပေါင်းသင်းချစ်ခင်ပါ့မယ် စတဲ့ လိမ်လည်မှုတွေနဲ့ သူတို့လိုချင်တာကို ညစဉ် ပေးအပ်နေရတဲ့ ကောင်မလေးတွေ။ ပြည်ကနေ ညကြေးအပြတ်နဲ့ ငှားလာတယ်ဆိုတဲ့ အရွယ်တောင် ရောက်ပုံမရသေးတဲ့ ပြည့်တန်ဆာမလေး။ အင်ဖက်တောထဲက ရွက်ကြွေတွေအောက်မှာ ခေါင်းစည်းကွင်းကလေး ကျကျန်ရစ်ခဲ့တာ သူမပေါ့။ နောက် လုပ်ငန်းသဘောဆိုပြီး သစ်တောကြီးထဲ ကားအရပ်မှာ မိမိအရှက်ကို ပေးလိုက်ရတဲ့ မီးသွေးကုန်သည် အမျိုးသမီးလေးတွေ။
ကျနော့်မှာ ရှိုရှိုကိုကြည့်ရင်း သူတို့လေးတွေကို မြင်ယောင်မိလာတယ်။ ခေတ်ရဲ့ စက်ယန္တယားကြီးထဲက ချောဆီမပါဘဲ အသုံးချခံလိုက်ရတဲ့ ခွေးသွားစိတ် ကလေးတွေ ဆိုပါတော့လေ။ ရည်ရွယ်လိုရင်းမရှိရတဲ့ ဘဝပန်းတိုင် မရှိရတဲ့ လမ်းတွေအလယ်ကို လျှောက်ရင်း လမ်းပျောက်နေကြရင်း ကာမကိုကြိုက်တဲ့ ပုရိသတွေရဲ့ လိမ်လည်လှည့်ဖျားမှုအောက်မှာ ဘာမှန်းမသိ ဒုက္ခရောက်ကြရတဲ့ အမျိုးသမီးငယ်တွေ။ ဒုတိယ တတိယ စတုတ္ထ ရှိုရှိုတွေ။
ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဒီပြည်ပမှာရော ဘာထူးလို့လဲ။ အသင့်ရောက်နေတဲ့ အဆီအသားကြိုက် ပုရိသတွေက လှည့်ဖျားစားသောက်ဖို့ အသင့်စောင့်နေကြတယ်။ ဘာရယ်မသိ ဒီလို ကာမရေအလျဉ်ကြောကြီးထဲကို ပါသွားတဲ့အခါမှာ ကိုယ်လေးလက်ဝန် ရပြီးတဲ့နောက် ထွက်ပြေးသွားကြတဲ့ ယောက်ျားပုရိသ ရင့်မာကြီးတွေ၊ ကလေးလေးကိုပွေ့ရင်း ဘဝခရီးကို ဆက်လက်ချီတက်နေတဲ့ ကလေးမကလေးတွေလည်း ဒီမှာ ဒုနဲ့ဒေးပေါ့။
ကျနော့်မှာ ဒီရုပ်ရှင်ပြီးတဲ့တိုင်အောင် အိပ်မရ။ အိပ်ရာထဲမှာ တလူးလူးတလှိမ့်လှိမ့်။ သနားစရာ ရှိုရှိုကလေးရဲ့ မျက်နှာကိုပဲ မြင်ယောင်နေတယ်။ အိမ်ပြန်ချင်စိတ်တွေ၊ ငြီးငွေ့ မွန်းကြပ်မှုတွေကနေ လိင်မှုကိစ္စဆိုတာကို ဘာမှရေရာစွာ မသိသေးတဲ့ အရွယ်မှာတင် သွေးသားဈေးကွက်ထဲကို ရောက်သွားတဲ့ ကောင်မလေးပေါ့။ သူမ နေထိုင်တဲ့ တောတွင်းနေရာကလေးနဲ့ မနီးမဝေးမှာရှိနေတဲ့ ကျနော်တို့လို ပုရိသကောင်တွေရဲ့ ပါးစပ်ဖျားမှာတော့ အရသာခံစကားလုံး ဖြစ်နေတော့မယ့် ကလေးမလေး။
အဲကောင်မလေးလား။ အသားဖြူဖြူနဲ့ အမိုက်စားလေးကွ။ မင်း စားချင်လို့လား။ သူနဲ့အတူနေတဲ့ တိဘက်အဖိုးကြီး မရှိတုန်း အသာသွား။ စာရွက်စာတမ်းတွေ ရတော့မယ် ဘာညာပြော။ ပြီးရင် ကြိတ်။
ဟာ ဘာမှပြောမနေနဲ့။ အသာသာ တက်စားပစ်လိုက်၊ ကောင်မလေးက ကက ဖြစ်နေပြီ၊ အေးဆေး စလို့ ရွက်ဖျင်တဲကလေးထဲက အမှောင်ရိပ်ထဲမှာ အိမ်ကိုလွမ်းတဲ့စိတ်နဲ့ တရှုံ့ရှုံ့ ငိုနေရတဲ့ ကောင်မလေးကို သနားညှာတာရမှန်းမသိ၊ မိမိတို့လိင်ဆန္ဒ အာသာပြေဖို့ပဲ ဦးတည်ပြောနေကြရင်း လူတကာ တံတွေးခွက်ထဲကို ဘာမှန်းမသိ မျောသွား နစ်မြုပ်သွားရတဲ့ ကလေးမလေး၊ ပျိုဖော်ဝင်စ အပြစ်ကင်း နုနယ်လွန်းလှတဲ့ ကလေးမလေး။
ကျနော့်မှာ နောက်တနေ့ အလုပ်ခွင်ထဲရောက်တဲ့တိုင်အောင် ဒီအကြောင်းတွေ တွေးရင်းနဲ့ပဲ ယောင်လည်လည်ဖြစ်လို့။ ပုရိသဖိုသတ္တဝါ ဖြစ်ရမှုရဲ့နောက်က ရှိနေကြတဲ့ နိုင်ထက်စီးနင်းမှုတွေ။ စင်စစ် လောကကြီးအတွင်းက မေတ္တာတရားဆိုတာတွေက နာဖျားနေမှုသာသက်သက်။ အဲဒါတွေက အနာသဖွယ်သာ ဖြစ်ရင်းနဲ့ ကန့်လန့်ကာများရဲ့ စည်းတဘက်ပိုင်းမှာတော့ လရောင်များရဲ့အောက်မှာ ကြေမွလျက်သားရှိနေတဲ့ သခွပ်ပွင့် ဖြူဖြူအဖတ်ကလေးတွေ။ အဲဒီအပေါ်မှာ မညှာမတာ နင်းချေလျက်သားရှိနေကြတဲ့ ကျနော်တို့တွေရဲ့ ရမ္မက်ခြေဖဝါးတွေ။ ကျားလျှာများထက် ကြမ်းရှသော ဆူးများအပြည့်ပါနေတဲ့ လျှာဖျားပေါ်က စကားလုံး အစုတ်အမွတွေ။ ဒီအရာတွေနဲ့ အားနည်းသူတွေအပေါ်ကို ဆုတ်ဖြဲ နင်းချေချလိုက်ပုံတွေ။
တောင်စဉ်ရေမရ စဉ်းစားနာကျင်ရင်းနဲ့ပဲ ခေါင်းထဲမှာလည်း တိဘက်အဖိုးကြီး ပစ်ချလိုက်တဲ့ သေနတ်သံကပဲ မိုးလုံးခြိမ့် မြည်ဟီးလို့ပေါ့။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*