1
ညီလင်းအိမ်
“လိပ်ပြာတောင်ပံများအောက်က လူတွေ”
(၁) အခြားတိုင်းပြည်များက လိပ်ပြာတောင်ပံ
ခတ်သံ
မောင်မောင်ဇော်လတ် ရေးထားတဲ့ သီချင်းစာသား တခုထဲမှာ ကြားဖူးကြမယ် ထင်ပါတယ်။ ကမ္ဘာကြီးရဲ့ အခြားတဖက်မှာ လိပ်ပြာလေးအတောင်တချက်ခတ်ခြင်းက အစပြုသတဲ့လေပွေမုန်တိုင်းများ ဒီကမ္ဘာတဖက်ခြမ်းက ဆိုပြီးလေ။ ခုရုပ်ရှင်က အဲဒီ Butterfly Effect ကို ဖော်ပြထားတဲ့ ရုပ်ရှင်ပါတဲ့။ ပြောမယ်ဆို ခုရုပ်ရှင်က နိုင်ငံရေး ဘာသာရေးကနေ လိင်လူနေမှုဘဝများအထိ တွေးလို့မဆုံး ရှုမြင်လို့မဆုံးနိုင်အောင် အတွေးနယ်ချဲ့လို့ရတဲ့ဖလင်။ ကျနော်တို့ကြားဖူးနားဝပဲဖြစ်တဲ့ စပါးကြီးမြွေတကောင်ညှို့ခံရရင် ပြေးလေ နီးလေ မွန်းကျပ်လေ။ နောက်ဆုံးတော့ အသက်ရှုကြပ်ပြီး သေရတာပဲတဲ့။ ကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေပဲ ထုတ်လုပ်ခဲ့တဲ့ မက်ဆီကန် ဒါရိုက်တာကြီး Alejandro González Iñárritu ကတော့ ဒီရုပ်ရှင်ကနေ စပါးကြီးမြွေရဲ့ ညှို့အားထက် ပြင်းထန်တာတွေကို ကျနော်တို့ဆီ အလျင်အဟုန်ပြင်းထန်စွာ ပို့လွှတ်ပစ်ခဲ့ပါတယ်။ သူကတော့ ဒီရုပ်ရှင်တွေမှာ နီးကပ်စွာရှိတဲ့ ထပ်ဖန်တလဲလဲဖြစ်နေတဲ့ သေခြင်းတရားတွေနဲ့ လူတွေရဲ့ဘဝဘုံကို ဖော်ပြတဲ့ ရုပ်ရှင်တွေပဲမို့ ( Amores perros | 21 Grams | Babel ) ဒီရုပ်ရှင်သုံးကားကို Death Trilogy လို့ အမည်သညာပေး ခေါ်ဝေါ်ကြပါတယ်။
ခုရုပ်ရှင်မှာ နေရာဒေသချင်းတွေမတူကြပေမဲ့ လူသားတယောက်ရဲ့ ပယောဂတခုကြောင့် မဆိုင်တဲ့မိသားစုတွေပါ လိုက်လံထိခိုက်ရတယ်ဆိုတာကို မြင်ရမယ်။ ကျနော်တို့ဆီက မင်းအောင်လှိုင်လို အာဏာရူးမှုကြောင့် မဆီဆိုင်တဲ့ တိရစ္ဆာန် ဥယျာဥ်က သတ္တဝါတွေကစလို့ အသက်မဲ့ပန်းပွင့်ကလေးတောင် မဖူးပွင့်နိုင်ကြတော့ပဲ ညှိုးလျော်ကြရတာ အခြားသော လူသားသက်ရှိတွေရဲ့ဘဝတွေတော့ ပြောစရာမလိုအောင် ဘဝတွေဆိုးဝါးသွားရပုံလိုမျိူးပေါ့။
ခုရုပ်ရှင်မှာလည်း ခရီးထွက်လာခဲ့တဲ့ ဂျပန်လူမျိုးတယောက်က မော်ရိုကို ကန္တာရ ရွာကလေးထဲက လူတယောက်ကို အမဲပစ်ရိုင်ဖယ်တလက်ကို လက်ဆောင်ပေးပစ်ခဲ့တယ်။ အဲဒီလိုပေးခဲ့တာလည်း နှစ်ကာလမနည်းကြာလှပြီ။ အဲဒီနောက်မှာပဲ သေနတ်ရတဲ့သူက ဆိတ်ကုန်သည်တယောက်ကို ပြန်ရောင်းတယ်။ ဆိတ်ကုန်သည် အဖေကြီးကလည်း သူ့သားနှစ်ယောက် ဆိတ်ကျောင်းရာမှာ ဆိတ်တွေကို လာလာပြီး ဖမ်းစားတဲ့ တောခွေးတွေ ရန်ကနေ ကာကွယ်လို့ရအောင်အဆင်ပြေအောင် ဆိုပြီး ဝယ်လိုက်တာကနေ ခု ဖြစ်ရပ်တွေက နောက်ဆက်တွဲ ရင်နင့်နာကျင်ဖွယ်ရာတွေ ဖြစ်လာရတာဖြစ်တယ်။
ကျနော်ကတော့ ဇာတ်လမ်း Plot ကြီးကို ပြောချင်တာထက် ဒီထဲက ဇာတ်ဆောင်တွေဆီကိုပဲ ပူးကပ်စွာ ခံစားရရင်းနဲ့ မိမိတို့ဖြစ်တည်ရာဘဝနဲ့ တူညီမှုတွေကိုပဲ လိုက်လံငေးမောရင်း နာကျင်ရတာကိုပဲ တွေးတောနေမိခဲ့တာမျိုးပါ။
ဒီထဲမှာ ဘဝဘုံချင်းမတူတဲ့ မိသားစု သုံးစုပါတယ်။ ပထမက မော်ရိုကိုက ဆိတ်ကျောင်းသား မိသားစု။ ဒုတိယက ဂျပန်က ဆွံအနားမကြားရှာတဲ့ ကောင်မလေး(အမေဖြစ်သူက ဆူဆိုက်လုပ်သွားပြီး ဖခင်က မော်ရိုကိုက ဆိတ်ကျောင်းသားတွေဆီက သေနတ်ပိုင်ရှင်)။ တတိယက မော်ရိုကိုနိုင်ငံကို အလည်ထွက်လာတဲ့ တိုးရစ်မိသားစု။ သူတို့ရဲ့ သားငယ်သမီးငယ် နှစ်ယောက်ကိုတော့ မက္ကဆီကန်သူအဒေါ်ကြီးက အိမ်ဖော် နာနီအဖြစ် စောင့်ရှောက်ထားတာ။
ဆိတ်ကျောင်းသား မိသားစု ဘဝက ကျနော်တို့ နိုင်ငံက ဆင်းရဲသားမိသားစုတွေနဲ့ ထပ်တူပါပဲ။ တိုးတက်ဖွံဖြိုးခြင်း မရှိတဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသမှာ လူဖြစ်လာရပြီး ဆိတ်မွေးပြီးပဲ ဘဝကို ရပ်တည်ကြရတယ်။ သူတို့ဒေသမှာ မာကျူရီညတွေ မရှိ။ အလင်းဆိုင်ထဲမှာ အိပ်မပျော်လို့ One Night Stand အဖြစ် အဖော်တယောက် လာရှာတဲ့ မိန်းမမျိုးတွေ မရှိ။ Sex Educationကို သင်ပြပေးတဲ့ စာသင်ကျောင်းမရှိ။ ဒါပေမဲ့လည်း လူသားတယောက်ဖြစ်တည် ပြီးပြည့်စုံလာမှုကိုတော့ ဒီလိုငတ်မွတ်ခေါင်းပါးတာ ဆင်းရဲမွဲတေတာတွေက မတားမြစ်နိုင်ဘူး မဟုတ်လား။ ကျနော်တို့ မြန်မာပြည်က လူငယ်အချို့ဟာ အရွယ်ရောက်လာမှုရဲ့ လိင်စိတ်ဖွံ့ဖြိုးမှုအတွက် နှစ်သိမ့်ရမယ့် နည်းလမ်းတွေနဲ့ အဖော်တယောက်ကို ရှာဖွေလို့ မဖြစ်နိုင်တဲ့အခါမှာ တိရစ္ဆာန်တွေကိုတောင် လိင်မှုသွားလုပ်မိသလိုမျိုးပေါ့။ ဒီထဲက အငယ်ကောင်လေးက အကြီးအကိုလို အရာရာကြောက်လန့်ပြီး အားငယ်တွေဝေတတ်သူမဟုတ်ဘူး။ သူဟာ ပြီးပြည့်စုံလာတဲ့ ခန္ဓာကပေးတဲ့သာယာမှုနောက်ကို လိုက်ရဲသူ။ စူးစမ်းချင်လွန်းသူ။ လူပီသတဲ လူငယ်ပေါက်စ ကလေးတယောက်ဖြစ်တယ်။
ဒါပေမဲ့လည်း သူဖြစ်တည်ရာ ဘဝကြီးက အရာရာ အခြေအနေမပေးတဲ့အခါ သူ့လိင်စိတ်ကို ဆင်ခြင်ဥာဏ်နဲ့ မထိန်းကွပ်တတ်တော့ဘူး။ သူဟာ အမဖြစ်သူကို ချောင်းကြည့်ပြီး လိင်စိတ်နိုးကြွရတဲ့ ဖီလင်ကို အရသာတွေ့လာတယ်။ဆိတ်ကျောင်းရင်းနဲ့ပဲ လက်နဲ့ အာသာဖြေတယ်။
ဂျပန်နိုင်ငံကျတော့လည်း သိကြတယ် မဟုတ်လား။ ကမ္ဘာ့ထိပ်တန်းနိုင်ငံ။ စီးပွားရေး လူမှုရေး ပညာရေး အမြဲထိပ်က ပြေးနေတဲ့ နိုင်ငံကြီးပေါ့။ ခေတ်မီတဲ့ ဇိမ်ခံပစ္စည်းတွေ။ အိုးအိမ်တိုက်တာအကောင်းစားတွေနဲ့ ဘဝကို သက်တောင့်သက်သာစွာ ဖြတ်သန်းကြရတယ်။ အထူးသဖြင့် လူငယ်တွေဘဝက အထက်ကပြောတဲ့ ဆိတ်ကျောင်းသားလေးရဲ့ ဘဝနဲ့ တခြားစီပဲပေါ့။ လူငယ်တွေအားလုံးက လိင်မှုသဘောတရားကို နားလည်ကြတယ်။ ဘယ်လိုဟာမျိုးကို ရှောင်ရမယ်။ လက်ခံရမယ်။ မှီဝဲရမယ် စတာတွေကို အကုန်လုံး နားလည်နေကြတဲ့သူတွေ။ ဒီတော့ သူတို့လူငယ်ထုအကြားမှာ လိင်ကိစ္စဆိုတာ အထူးတလည် ကြီးမားရှုပ်ထွေးလွန်းနေတဲ့ ပြသာနာ မဟုတ်။
ဒါပေမဲ့လည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အလျှံပယ်ဖြစ်ထွန်းနေတဲ့အခါမှာ သူမလို ဆွံအနားမကြားဖြစ်မှုက မော်ဒန်လူနေမှုဘဝထဲမှာ နာကျင်စွာ စွန့်ပယ်ခံရတယ်။ အိမ်က မိဘနှစ်ပါးရဲ့ အရိပ်ဆိုးတွေကလည်း နုနယ်လှတဲ့ သူမဘဝအပေါ် အရိပ်လာထိုးတယ်။ သူမအနေနဲ့လည်း အဖော်တွေလို ပျော်ရွှင်တဲ့လူငယ်ဘဝကို ခံစားချင်တယ်။ အပြာရုပ်ရှင်တွေထဲကလို မွတ်မွတ်သိပ်သိပ်နဲ့ ရွယ်တူလူငယ်တယောက်ယောက်နဲ့ ချစ်ဗျူဟာ ခင်းပစ်လိုက်ချင်တာပေါ့။ ဒါပေတဲ့လည်း သူမကို လူသားအင်္ဂါရပ်တွေ မပြည့်စုံသူအဖြစ် လူငယ်တွေက ရှောင်ဖယ်ကြသတဲ့။ ဒီလို အထီးကျန်စိတ်ဒဏ်ရာတွေ နေ့စဥ်ရက်ဆက် ပြိုဆင်းပိကျမှုကို မခံရပ်နိုင်တဲ့ အခါမှာတော့ သူမမှာ ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးသွားရတယ်။ အထက်ကဆိတ်ကျောင်းသားလေးလိုပါပဲ။ ဘဝက မီးရောင်တွေလက်လက်ထနေတဲ့ ပန်းချီနောက်ခံကားကြီးထောင်ထားတဲ့ သဲကန္တာရထဲကို လမ်းလျှောက်နေရတဲ့ ဘဝထဲကို ရောက်သွားခဲ့ရတယ်။ ဘယ်ယောကျ်ားပဲလာလာ လိင်မှုသာယာမှုရရင် ပြီးရော လူကြားသူကြားထဲမှာတောင် မအင်္ဂါကို မြင်အောင် ပြမိနေတာမျိုးတွေ ဖြစ်သွားရရှာတယ်။
မော်ရိုကိုထဲက ဆင်းရဲခေါင်းပါးဒေသကို အလည်လာတဲ့ ရေပေါ်ဆီနိုင်ငံက တိုးရစ်ဆိုသူတွေရဲ့ ဖီလင်ကိုတော့ ကျနော့်အနေဖြင့်တော့ သိပ်ကြီးအယုံအကြည် မရှိလှပါဘူး။ ယောကျ်ားဖြစ်သူကိုတောင် ဆိုင်ထဲက ရေကို သောက်လို့ ဒီနိုင်ငံက ရေတွေမှာ ဘယ်လိုဗိုင်းရပ်စ်တွေပါတာ နင်သိလားဆိုပြီး မြည်တွန်တောက်တီးတဲ့ ဇနီးက ကန္တာရလွင်တီးခေါင်က ရွာတွေဆီကို ဘယ်လိုစိတ်ခံစားချက်တွေ နှိုက်ထုတ်ဖို့ ရောက်လာကြသလဲဆိုတာ တွေးမရဘူး။ သူတို့ဟာ သူတို့နဲ့မတူတဲ့ လူသားများ ကိုယ်ဆင်းရောင်ဝါ ပိုမိုတောက်ပတဲ့အသွင်ဖြစ်နေတာကို အားကျငေးမောပြီး ကြည့်တဲ့အကြည့်တွေကို အာလျတွေ့နေလို့လား။ ဒါမှမဟုတ် ဆင်းရဲခေါင်းပါးမှုနဲ့ ပူပြင်းခြောက်သွေ့မှု အရသာတွေကို မခံစားဖူးလို့ လာရောက်ကြည့်ရှုကြတာလား။ ဘုရားသခင်ရဲ့အလိုတော်အရ မြင့်မြတ်တဲ့လူသားဘဝကို ရနေမှုကနေ သနားကရုဏာဖြစ်ရမှုရဲ့ စိတ်ဝေဒနာကို မြင်သိခံစားချင်လို့ ဒီလိုနယ်မြေတွေကို ရောက်လာကြသလား။ သူတို့ပဲ သိကြမှာပေါ့။
လူ့ဆင်းရဲတိုင်းပြည်က တာဝန်ရှိသူတွေကတော့ တိုင်းပြေထဲက ဆင်းရဲသားလူတန်းစားတွေကို ပြကုန်များအဖြစ် လိုလိုချင်ချင် လာကြည့်ဖို့ လမ်းဖွင့်ပေးထားကြတယ်။ သူတို့တွေလမ်းပန်းခရီး ဖြောင့်ဖြူးဖို့အတွက် ပျားပန်းခပ်မျှ အလုပ်
လုပ်ကြရတယ်။ အဲဒီမှာတင် ဆိတ်ကျောင်းသားမိသားစုတွေဘဝက ဆင်းရဲမွဲတေမှုနဲ့ လူ့အဆင့်အတန်းနိမ့်ကျမှုတွေမှာ အလကားနေရင်း ပြကုန်အဖြစ်ကနေ ကျိန်စာသင့်ဘဝကို ရောက်သွားရတယ်။
တကယ်ဆို အဲဒီဆိတ်ကျောင်းသားကလေးက သူတို့ တိုးရစ်ကားကြီးမှန်းလည်းမသိကြဘူး။သေနတ်တလက်ရဲ့ ပစ်အားက ဘယ်လောက်ထိ ခရီးပေါက်တယ်ဆ်ုတာကိုလည်း နားမလည်ကြဘူး။ ဒီတော့ ညီအကို နှစ်ယောက် သေနတ်ကို လက်တည့်စမ်းရာကနေ ကားထဲကို ထိုးဖောက်ပြီး တိုးရစ်စုံတွဲက မိန်းမဖြစ်သူရဲ့ ပခုံးသားနားကို ထွင်းဖောက်သွားတာ။
မော်ရိိုကိုရဲ့ တာဝန်ရှိသူတွေမှာတော့ အမေရိကန် ရေပေါ်ဆီ နိုင်ငံက စုံတွဲကို သေနတ်မှန်တာ ဆိုတော့ ပျားအုံတုတ်နဲ့ထိုးမိတဲ့ အဖြစ်မျိုးပေါ့။
သက်ဆိုင်ရာ အာဏာပိုင်တွေက သူတို့စိတ်ထင်ရာ မိသားစုတွေကို ရှာဖွေပြီး ရိုက်နှက်စစ်ဆေးကြတယ်။ တောသူတောင်သားမိသားစုတွေမှာ သူတို့တွေရဲ့ ရိုက်တာနှက်တာ ကန်တာကျောက်တာကို ခံကြရရှာတယ်။
သေနတ်မှန်ထားတဲ့ တိုးရစ်စုံတွဲကတော့ အနီးပါးက ရွာကလေးထဲမှာ။ အဲဒီရွာကလေးကလည်း ကျနော်တို့ မြန်မာပြေက ကျေးလက်ဇနပုဒ်နဲ့ ထပ်တူဖြစ်ပါတယ်။ ရွာကလေးထဲမှာ။ ဆေးပေးခန်းမရှိ။ ဆရာဝန်မရှိ။ ကျန်းမာရေးမှုးသာသာ အပ်ကိုင်တယောက်ကပဲ သွေးတိတ်အောင် လုပ်ပေးနိုင်ရှာတယ်။ အမေရိကန်သားဆိုတော့ သူက ရွာထဲက ဖုန်းထဲကနေ သံရုံးဆီကို အသံမာမာနဲ့ ဆဲနိုင်ဆိုနိုင်တယ်။ ချက်ချင်း ရဟတ်ယာဥ်လွှတ်ပေးဖို့ အမိန့်ပေးပစ်နိုင်တယ်။ သူတို့မှာတော့ တိုးရစ်စုံတွဲကို တပါးကလာတဲ့ ဂြိုဟ်သားတွေ မြင်ရသလိုမျိုး အံအားသင့်တဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေကြရတယ်။ ဒီနေရာမှာ အသက်တချောင်းဆိုတာ ဘယ်လောက်အထိ အရေးပါနေလို့လဲဆိုတာ ယှဥ်တွေးနေကြသလား မပြောတတ်ပါဘူး။ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေသွားရတာတွေ။ ကုစရာဆေးမရှိလို့ သူ့ဘာသာ အသက်ထွက်တာကို စောင့်ကြည့်ခဲ့ကြရတဲ့ မိသားစုဝင်တွေ ။ ဘယ်လောက်ထိအောင် များပြားခဲ့ပြီလဲ သူတို့တွေ မမှတ်မိလောက်တော့ဘူး။ စောစောကတင်ပဲ အမေရိကန်ကြောက် အာဏာပိုင်တွေဟာ မိသားစုတစုကို မသင်ကာမှု အကြောင်းပြချက်နဲ့အတူ ပစ်ခတ်သတ်ဖြတ်ပစ်လိုက်ပြီးပြီ မဟုတ်လား။ ရွာကလေးပေါ်ကို ရဟတ်ယာဥ်ကြီး ဝဲလာတော့ ရွာထဲကလူတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ကြည့်ကြတယ်။ သူတို့ဘဝမှာ ခုလိုမြင်ကွင်းမျိုး တခါမှ မကြုံဖူးခဲ့ရလို့ ထင်ပါရဲ့။
ဇာတ်လမ်းအဆုံးမှာတော့ ကျနော်ဟာ သေနတ်
တလက်ရဲ့ ဂယက်ကြောင့်လို့တော့ ခုရုပ်ရှင်ကို အဖြေမထုတ်လိုတော့ဘူး။ မတူညီတဲ့သားအိမ်ပေါ်က ဘာသာစကားလုံးတွေကပဲ ကျနော်တို့ဘဝတွေကို အဖြေထုတ်ပေးသွားတာ။ ကန့်သတ်ရွေးချယ်သွားတာ။ ဘုရားတွေကစလို့ လိင်တံအတိုအရှည်အထိ ယဥ်ကျေးပါတယ် သာတူညီမျှမှုရှိပါတယ် ကိုယ်ချင်းစာတရားအပြည့်ရှိပါတယ်ဆိုတဲ့ ဟောဒီ လူ့ဘုံကြီးကပဲ မျက်နှာလိုက်ခွဲခြားသွားတာ။
အချုပ်ပြောရရင် သေနတ်တလက်ရဲ့ ကျည်ဆန်ဆိုတာ ဘုရားသခင်ရဲ့ ကရုဏာနဲ့ချက်တဲ့ဟင်းရည်ထဲက ပြုတ်ကျနေတဲ့ ယင်မဲတကောင်သာ ဖြစ်နိုင်ပါတယ်။ ကျနော်တို့အစာအိမ်တွေအပေါ်မှာဆိုရင် ပိုလို့များပြားလှပါတယ်။ ဝမ်းတွေလျောလွယ် ပိုမိုဘေးဒုက္ခတွေ့စေနိုင်ပြီး သေဆုံးနိုင်ခြေဖြစ်မှုကို ပို၍ မြင့်တက်စေနိုင်ပါတယ်။
(၂) ကိုယ့်ပြည်ထဲက လိပ်ပြာတောင်ပံခတ်သံများ
မြန်မာပြည် ဒီမိုကရေစီ ရတာမရတာ တောင်ဘက် တောတိုက်က စန်းမောင်တို့နဲ့ ဆိုင်ပါ့မလား ဆိုတဲ့ စကားက အင်မတန်မှ တာသွားတာပဲ။ ကျနော်တို့ဦးခေါင်းတွေ နံဟောင်လှတဲ့ ခေါင်းအုံးတလုံးပေါ် ပစ်လှဲလိုက်ချိန်မှာပဲဖြစ်ဖြစ် စံပယ်နံ့တွေသင်းနေတဲ့ မွေ့ယာပေါ်ပဲ ဖြစ်ဖြစ် လွယ်လင့်တကူ အိပ်ပျော်ဖို့ မပျော်ဖို့ ဘယ်အရာတွေက ဝင်ရောက်စီးပိုးထားသလဲ ကျနော်တို့မသိနိုင်။
စန်းမောင်တို့ ညီအကိုကတော့ နွားချေးပုံတွေ ပုံထပ်နေတဲ့ မန်ကျည်းပင် ဘေးမှာ ခပ်ခွေခွေ အိပ်နေတာပဲ။ ဒီအချိန်ဆို ဂျပန်ပြည်က ကလပ်တခုခုထဲမှာ လူငယ်တွေပြည့်နေတော့မယ်။ ကျနော်တို့ကတော့ ချောင်းထိပ်ဝက မန်ကျည်းပင်အောက်မှာ စုထိုင်နေကြတာပဲ။ မနှစ်ကအပြာကားကြည့်ထားတဲ့ ဌေးအောင်စကားကိုပဲ နားထောင်ရင်း မန်ကျည်းပင်ပေါ်တက်ပြီး အာသာဖြေကြရတယ်။ ဂျပန်ကကောင်မလေးကလည်း သူလည်း အရွယ်ရောက်နေပြီ။ လိင်ဆက်ဆံရတဲ့ အရသာက အရမ်းကောင်းတာပဲလို့ အဖော်တွေပြောကြတော့ သူမလည်း လိင်ဆက်ဆံချင်တာပေါ့။ သူရို့ဂျပန်ပြည်မှာ ဒီလောက်ခေတ်မီပြီး လွတ်လပ်ပွင့်လင်းကြတာပဲ။ အချို့သူတွေဆို အိမ်သာထဲတင်ပဲ နံရံကိုမှီပြီး ချစ်ဗျူဟာခင်းချင် ခင်းလိုက်တာပဲ မလား။
စန်းမောင်တို့ လူဖြစ်တော့ အရှေ့ရွာက သမဝါယမဆိုင်ကြီးက ရှိနေတုန်းပဲ။ ဝယ်လိုတာမှန်သမျှ အဲဒီသမဝါယမထဲမှာ ရှိတယ်ဆိုလားပဲ။အဲဒီခေတ်မှာ သမဥက္ကဌဖြစ်ခွင့်ရသူက ဘုရင်လိုပဲ ဘုန်းကံကြီးတယ်။ ကျနော်တို့က အဲဒါတွေ နားမလည်ပါဘူး။ ဆိုင်ဝက သံဇကာတန်းတွေအနား ချိတ်ထားတဲ့ မှိုတက်ဇီးတော်ဖီတွေပဲ အထုပ်လိုက် ဝယ်စားချင်ခဲ့တာ။ သမစျေးရောင်းသူကြီး ဟိုဘက်ကို မျက်နှာလှည့်တော့ ဇီးတော်ဖီတွေ ခိုးဖြုတ်ပြီး လွယ်အိတ်ထဲ ပစ်ထည့်လိုက်ကြတယ်။
ကျောင်းသွားဖော်ဘော်ဒါ နှာနီလက်ထဲမှာ ကြိုးဆွဲဗြောက်လိပ်ကြီးကိုင်ထားတယ်။ သူကခပ်တည်တည်ပဲ ဗျောက်လိပ်ကို လက်မှာကိုင်ပီး စနက်တံကြိုးကို မီးရှို့လိုက်တယ်။ ရှဲခနဲမြည်နေတဲ့ ယမ်းစလောင်သံက သူတော့ဘယ်လိုခံစားရလဲ မသိဘူး။ ကျနော်တို့မှာ သူ့ကိုယ်စားရင်တွေခုန်လို့။ ဗြောက်လိပ်ဟာ သူ့လက်ထဲမှာ ဖောင်းခနဲ ကွဲသွားတယ်။ ရှေ့က ကောင်မလေးတွေကလည်း အောင်မလေးဆိုပြီး ဝိုင်းအော်ကြတယ်။ နှာနီမှာ အဲဒီအော်သံကို ကြားချင်လို့ ရင်းလိုက်ရတဲ့ သူ့လက်ကလေးက တုန်ခါလို့ ။ ယမ်းတွေစင်ပြီး သွေခြည်တောင် ဥမလားပဲ။
ကျနော်တို့ စန်းမောင်တို့ နှာနီတို့က ဘာမှမသိပါဘူး။ ဒီအချိန်ဆို ဂျပန်ပြေမှာ လူငယ်တွေ ကကြခုန်ကြရင်း ကလပ်ထဲကတယောက်ယောက်နဲ့ လိင်ဆက်ဆံနေကြပြီ။ လှပတဲ့ပန်းခြံထဲထိုင်ရင်း ဝိပါတဲ့စီးကရက်ကို အားရပါးရ ရှိုက်ဖွာနေကြမယ် ဆိုတာလည်း ကျနော်တို့ မသိပါဘူး။ ကန်စပ်မှာ ထိုင်ရင်း ငါးမျှားတာဆိုတော့ ကျနော်တို့ခြေထောက်တွေက ရေစပ်ထဲနစ်လို့။ ခြေသလုံးကို လှမ်းကုတ်နေတဲ့ စန်းမောင်ခြေထောက်
တဝိုက်မှာတော့ အနာစိုတွေကြောင့်ဖြစ်မယ်။ခြင်တွေ ဖြုတ်တွေက တစ်ဝီဝီပြေးကပ်လို့ပေါ့။
ကန်ထဲကို ခဲတလုံး ဗုန်းခနဲ ပစ်ကျတဲ့ အသံက သူ့ငါးမရလို့ မိုက်ကြေးခွဲလိုက်တဲ့ ဖိုးဒီရဲ့ ခဲပေါက်သံပဲ။ အဲဒီအချိန်မှာ သူမက ဆွံ့အနားမကြားသူလေးမို့ ရှောင်ဖယ်တာခံရတဲ့ ဂျပန်မလေးရဲ့ သတိလက်လွတ်နဲ့ စကတ်ကို ဆွဲဖြဲလိုက်တဲ့ အချိန် ဖြစ်မှာပဲ။ မြင်ရသူရင်ထဲလည်း ဖိုးဒီပစ်ချလိုက်တဲ့ ခဲကျသံလို ဝုန်းခနဲ ဖြစ်မှာပေါ့။
လိင်တံတချောင်း ထိုးသွင်းခံရဖို့က ဂျပန်ပြည်မှာ အဲသလောက် ခက်ခဲတာ ရယ်ချင်စရာပေါ့။မအင်္ဂါပေါက်ထဲကို ထိုးထည့်ခြင်း မထည့်ခြင်းက ဘာမှ မသက်ဆိုင်တဲ့ ဆွံအနားမကြားတာနဲ့ ဘာကြောင့်သက်ဆိုင်ရတာလဲ။ ကျနော်တို့ဆီမှာတော့ လိင်တံတွေပေါပေမဲ့ မအင်္ဂါပေါက်တွေက ဆင်းရဲမွဲတေတာတွေ ဘုရားပြောသလား မပြောခဲ့သလားမသိတဲ့ စကားများရဲ့ ကန့်လန့်ဆို့ထားမှုတွေ။ လိင်တံတချောင်းတည့်မတ်လာမှုက သားသတ်သမားရဲ့ ဝိညာဥ်ဆိုးပူးထားတဲ့ ဓားသွားများလို အန္တရာယ် ကြီးမားတယ် ကိစ္စရပ်များနဲ့ မအင်္ဂါထဲကို ထိုးသွင်းလိုမှုက အင်မတန်မှ ခဲယဥ်းလွန်းလှတယ်။ လိင်တံတွေက ငွေစော်မနံရင် ရှာရခက်လှတယ်။ လိင်တံများအပေါ်မှာ ထဘီစိမ်းရောင် ယူနီဖောင်းပဲ ဖြစ်ဖြစ်။ အနီရောင် ခြုံထည်တခုပဲ ဖြစ်ဖြစ် ယုတ်စွအဆုံး လိင်တံထိပ်ဖျားမှာ တရုတ်ဆိုင်ကယ်အစုတ်က အိတ်ဇောပေါက်တခုဖြစ်ဖြစ် ပါမှပဲ မအင်္ဂါနံ့က လိင်တံအနားကို ညှီစို့စို့ ရနံနဲ့ ရောက်လာရတာမျိုးလေ။
ဒါကြောင့်လည်း ကျနော်တို့လိင်တံတွေက ကန်
စပ်ကရေထဲပဲ ငိုက်စိုက်ကျနေတယ်။ ကန်ထဲကရေနောက်နောက်ထဲမှာ မစင်အဝါတုံးတတုံး ပေါ်လိုက်မြုပ်လိုက် ဖြစ်နေသလို ဖြစ်မှာပေါ့။ဂျပန်မှာ သူ့ကို လိင်မဆက်ဆံချင်လို့ လိင်တံရှာရခက်ပြီး အရူးမီးဝိုင်းဖြစ်နေရတဲ့ ခေတ်သစ်လူမှုကွန်ယက်ထဲက ပြုတ်ကျဒဏ်ရာများနဲ့ သနားဖွယ်ရာကောင်းလှတဲ့ အဲဒီကောင်မလေးမှာ ခုချိန်များ ကျနော်တို့လိင်တံတွေ မြင်ရင်တော့ ဖီးတက်လ်ပါ့မလားမသိဘူး။
စကတ်ကို အတင်းလှန်ပြီး တက်ခွမယ်မထင်ပါဘူး။ ကျနော်တို့လိင်တံတွေက စစ်ကျွန်နိုင်ငံက ဘရိန်းဝှက်ရှ်ခံထားရတဲ့ လူငယ်အန္ဓတွေရဲ့ လိင်တံတွေ။ ဂျန်လိများရဲ့ သုတ်ရည်များရဲ့ ရွေးချယ်မှူ မရှိခြင်းကနေ မျိူးပွားသွားရတဲ့ ဂျန်လိမိခင်များရဲ့ အင်္ဂါဇတ်ထဲကနေ မြစ်ပွားလာတဲ့ လိင်တံတွေ ဆိုတော့ စစ်ကျွန်နံ့နဲ့ အန္ဓနံ့တွေသင်းနေတဲ့ လိင်တံတွေကိုတော့ သဘောကျမယ် မထင်ပါဘူး။ ကားသမားကိုဖိုးကိုကတော့ ပြောတာပဲ။ ငါအဲစော်ကို ကိုင်မယ်လုပ်တော့ အဲဒီမိန်းမက * ကြီးကြီးနဲ့ အမိုက်စားပဲကွ။ ဒါပေမဲ့ သောက်ရုပ်က အတော်ဆိုးတယ်ကွာ။ မျက်ခွက်မြင်ရတာနဲ့တင် တက်လုပ်ချင်စိတ် မရှိတော့တာ။ ဒါနဲ့ ပါတဲ့ပုဆိုးကိုပဲ ချွတ်ပြီး မျက်နှာအုပ်
လုပ်ခါမှ အဆင်ပြေသွားတော့တယ် တဲ့။ ဒီစကားကို ဖီးမနစ်ဆင် အမျိုးသမီးတွေများကြားရင် ဆတ်ဆတ်ခါမယ် ထင်ပါတယ်။ ပြီးတော့ လိင်တံရှားပါးလွန်းလို့ စိတ်ဒုက္ခရောက်နေရတဲ့ အဲဒီကောင်မလေးကို ရောပေါ့။ သို့ပေမဲ့ ဖိုသတ္တဝါဖြစ်ရမှုကပဲ အရာရာသာလွန်တယ်လို့ အထင်ရောက်နေကြတဲ့ ကျနော်တို့တွေအဖို့တော့ အခုလိုတွေ ပြောရဆိုရတာ အထက်စီးနင်း ပြုမူကြရတာတွေကို အရမ်းအရသာတွေ့နေကြတာပေါ့။
ဒီအချိန်မှာတော့ မော်ရိုကို သဲကန္တာရထဲက ဆိတ်ကျောင်းသားကတော့ ကျနော်တို့လို လိင်တံကို ရေထဲပစ်စိမ်ပြီးပဲ အချည်းနှီးတော့ ပစ်မချနိုင်သေးဘူး။ တင်းကျပ်ပိတ်လှောင်မှူနဲ့ လိင်မှုပေါက်ဖွားလာမှုသဘောတရားကို ဖြေရှင်းထိန်းသိမ်းရပုံကို မသိနိုင်ရှာတဲ့ သူလိုကောင်လေးက လျော်ကန်တာ မလျော်ကန်တာကို နားမလည်နိုင်ရှာဘူး။ သူတို့ ရွာကလေးမှာရော ဂျပန်ပြေလို ကလပ်ကြီးတွေ ပေါင်တံလှလှနဲ့ မိန်းမတွေမှ မရှိတာကို။ ဒါပေတဲ့လည်း လူသားတယောက်ရဲ့ လိင်စိတ်က နိုင်ငံကွာမှု ကိုးကွယ်တဲ့ဘုရားမတူမှု အသားအရောင်ကွဲပြားမှုနဲ့ ဆိုင်မှမဆိုင်တာပဲ။ဒါပေမဲ့လည်း နိုင်ငံမတူမှုကပဲ လိင်တံတွေကို ခွဲခြားတံဆိပ်ကပ်နိုင်သလား။ ဒီလိုထောင်ချင်တိုင်း မထောင်ရ။ ဘုရားမကြိုက်ဘူး။ လူကြီးတွေလည်း မကြိုက်ဘူး။ အတန်းထဲက ဆရာမကလည်း သိရင် ကြိုက်မယ်မထင်ဘူး စလို့ပေါ့။ သူ့ဘဝမှာ ပျိုရွယ်တဲ့မိန်းမဆိုလို အိမ်က အမအဝတ်လဲတာပဲ မြင်ဖူးတော့ သူ့မှာလျော်ကန်တာ မှားတာမှန်တာ မသိဘူး။ ဂူစပ်နားသွားပြီးပဲ အာသာဖြေနေတဲ့ ဆိတ်ကျောင်းသားပေါ့။
ကျနော်တို့တွေ သဲချောင်းထဲကို ပက်လက်လှန်လှဲပြီး ကြယ်တွေကို မော့ကြည့်မိကြတော့ ရွာထဲကလူကြီးတွေက ခင်ညွန့်ကို သန်းရွှေဖမ်းသွားတဲ့ အကြောင်းပြောနေကြတာပေါ့။ ကျနော်တို့ကတော့ အနီးပါးမှာရှိတဲ့ ရဲစခန်းက တပ်ကြပ်ကြီး သမီးရဲ့ တင်သားလှုပ်လီလှုပ်လဲ့နဲ့ပြေးသွားတာကိုပဲ အချင်းချင်းပြောရင်း စိတ်ကူးယဥ်လို့။
စန်းမောင်ကတော့ မနက်ဖြန်မှာ ကန်ထဲကနေ ငါးအစိတ်သားလောက် မျှားရရင်ပဲ ဖြစ်ဖြစ်။ ကိုစစ်အောင်ရောင်းတဲ့ ရေခဲချောင်းတထုပ်လောက် ဝယ်စားခွင့်ရရင်ပဲ ဖြစ်ဖြစ်။ နွားချေးတွေပုံထားတဲ့ မန်ကျည်းပင်ဘေးနားက ကြက်ဆူပင်ချူံအောက်မှာ စိတ်လွတ်ကိုယ်လွတ် အိပ်ရရင်ပဲဖြစ်ဖြစ် ကျေနပ်နေတော့မှာ အသေအချာပါပဲ။မြန်မာပြည်က ဒီမိုကရေစီ အတုအစစ်တွေ။ ဖီးမနစ်ဆင်များရဲ့ လိင်တံများရဲ့ အရာရာစီးပိုးလို အသာစီးယူလိုတာကို လက်မခံနိုင်တာမျိုးတွေ။မာတင်စကော့စဆေးလ်ရုပ်ရှင်ထဲက မိန်းမဆိုတာ ကားတစီးပဲ စီးနိုင်တဲ့ကောင်က လာဝိုက်ရင်လည်း နောက် ကားနှစ်စီးထည်လည်းစီးနိုင်တဲ့သူနောက် ပါတာပါပဲ။ နောက်မှ ဘယ်လိုပဲရွှေမွေ့ယာကြီးနဲ့ထားထား ဖျာသည်မ ဖီလင်နဲ့ ကြီးလာတဲ့မိန်းမက နောက်တော့လည်း ဖျာခံနည်းသင်ပေးတဲ့ ဖျာခေါင်းဆီကိုပဲ ပြေး** တာပဲ ဆိုတဲ့ Casino ရုပ်ရှင် ထဲက ဇာတ်ကွက်တွေ နဲ့ ဖိုဝါဒီဆန်မှု အကြောင်းတွေလည်း စန်းမောင်ကတော့ အရေးလုပ်မယ်လည်း မထင်ပါဘူး။ စစ်ခွေးများရဲ့ လက်တံများက တောထဲက သစ်ပင်တွေတင် မကဘူး။ လိင်တံတွေကိုပါ သင်းသတ်ပစ်စေတာမျိုး မဟုတ်လား။
ဒီအချိန် ဂျပန်ပြည်က ဆွံအနားမကြားရင်း ခေတ်သစ်ကမ္ဘာကြီးထဲက အထီးကျန်ဒဏ်ရာသစ်တွေနဲ့ ကိုက်ခဲနာကျင်နေရှာတဲ့ သူကလေးအကြောင်းလည်း မတွေးဖြစ်လောက်ပါဘူး။ မော်ရိုကိုက ဆိတ်ကျောင်းသားကောင်လေးကလည်း အမအဝတ်လဲတာကို ခိုးကြည့်တာကို သူ့အနေနဲ့ တရားပြဆုံးမဖို့ စကားရှိမယ် မထင်ပါဘူး။ဘာပဲဖြစ်ဖြစ်ပေါ့ ရေပေါ်ဆီနိုင်ငံကလူတွေကတော့ ဆင်းရဲသားတိုင်းပြေက ကျနော်တို့ကိုလာကြည့်ပြီး ပညာမဲ့မှု အိပ်စားကာမ ချို့တဲ့ပျောက်ဆုံးရမှုတွေကို လာကြည့်ရင်း သနားကရုဏာသက်ရခြင်း အရသာကို တွေးတောရင်း အာသာဖြေကြဦးမှာပါ။ မာကျောပြီး ဆိတ်ချေးနံ့သင်းတဲ့ မြေမှာလှဲပြီး ဆိုဖာပေါ်မှာနဲ့ မတူတဲ့ လိင်ဆက်ဆံမှုကို အရသာခံရင်း တစ်ခစ်ခစ် ရယ်မောကြမှာပေါ့။
ရုပ်ရှင်ရည်ညွှန်း- Babel Movie (2006)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
