
“လူငယ်တချို့၏ သောက”

မြစ်သည် ပင်လယ်ထဲသို့ စီးဝင်ခြင်းအပေါ်
ကြောက်ရွံ့မှုမရှိ …။
လှေငယ်ဟာ ခက်ထန်တဲ့လှိုင်းကို ကြောက်ရွံ့၍
ကုန်းပေါ်တွင် နေမြဲမရှိ …။
အလင်းရောင်အောက်ဝယ် ပြတင်းတံခါးမှ လောကကို မျှော်ငေးကြည့်လိုသူတို့သည် အချိန်ရှိသမျှ အမှောင်မှရုန်းထွက်ရန် ကိုယ်စွမ်းဉာဏ်စွမ်း အားကုန်သုံးတော့၏ …။
ဒီရေသည် လရောင်နဲ့ ဆက်စပ်မှုရှိခြင်းအပေါ် …
ကျနော် ရွတ်ကြည့်နေသောစာပိုဒ် ရပ်တန့်လိုက်ပါ၏။
အသံတခု နားထဲသို့ တိုးဝင်လာသည်။ အပြင်မှာလည်း အမှောင်အတိ။ လျှပ်စစ်မီးဟူသည် အဘယ်မှာနည်း။ ဤမေးခွန်းသည် ကျနော်နေသောအရပ်၌ မကြာမကြာ ကြားရ၏။ ထိုအခြင်းအရာပေါ် ဆဲရေးတိုင်းထွာ ဟာသနှောမှုများလည်းရှိသည်။ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိလာသည့်အခါ ဒါသည် ကျနော်တို့ ရပိုင်ခွင့်တခုဟုသာ ထင်မှတ်လာတော့သည်။
အမြင်အာရုံများ ဝေဝါးနေပါ၏။ ဖာတလုံးခေါင်းကျား မဟုတ်ဘဲ ဖာကျမည့် ခေါင်းများစွာ ပြူထွက်နေသော အချိန်ကာလဟု မှတ်ယူရမလို။ အမှောင်အတိရှိနေသော လမ်းမပေါ်သို့ လရောင်ဟာ အလင်းအချို့ ဖြာချထားပေး၏။ ထိုသို့ လှပသောမြင်ကွင်းမျိုးကို အိမ်အပေါ်ထပ်မှ ဝရန်တာလည်းမထွက်ရဲ၊ အိမ်အတွင်းမှ တိတ်ဆိတ်စွာ ထိုင်ငေး၍ ကြည့်နေရတော့သည်။ လူငယ်လေးတဦး၏ နှလုံးခုန်သံဟာ ကြောက်ရွံမှုအချို့နဲ့ ကာဆီးပိတ်ဆို့ထားခြင်း ခံနေရသလို။
တိတ်ဆိတ်ခြင်းနဲ့အတူ လွင့်မျောနေသောစိတ်၏ တည်ငြိမ်မှုတို့သည် စစ်ဖိနပ်သံများအောက် ကျပျောက်ခဲ့ရတော့၏။ လွတ်ရာကိုပြေးမှရမည်ဟု ကျနော်သိပါသည်။ သို့သော် အဆက်အသွယ်ကောင်းကောင်း မရှိသဖြင့် မွန်းကျပ်စွာ ပိတ်မိနေသော ဒေသတခုမှ အဘယ်သို့ ပြေးရမည်နည်း။ ဤအတွေးဤစိတ်ကူးများသည် ကျန်ုပ်၏အခန်းထဲ ပြန့်လွင့်သွားတော့သည်။ အခန်းနံရံများနှင့် ၎င်းအတွေးတို့ ထိတွေ့အပြီး ကျွန်ုပ်ဆီ အတွေးလှိုင်းများ ပြန်၍ရောက်ရှိလာသည့်အလား စိတ်များ မွန်းကျပ်လာတော့သည်။
လက်ကြားမှ စီးကရက်တိုများ တလိပ်ပြီးတလိပ် အိမ်၏ကြမ်းပြင်ပေါ် နေရာအနှံ့ ကြီးစိုးထားနေသည်။ ကျွန်ုပ်၏အိမ်၌ ကျွန်ုပ်တို့ ညီအကိုနှစ်ယောက်မှအပ မည်သူ တဦးတယောက်မျှမရှိ။ ကျွန်ုပ်သည် GTI ဒုတိယနှစ်ကျောင်းသားဘဝနဲ့ ရပ်တန့်နေခဲ့သည်မှာ ၄ နှစ်တင်းတင်းရှိခဲ့ပြီ။ အသက်က ၂၅ ပတ်ချာလည်။ သက်ပြင်းကြီးများ ညီလေးမသိအောင် ချနေရုံမှအပ အခြားမရှိ။
လွတ်ရာလမ်းကို အကြိမ်ကြိမ်ပြေးဖို့ တွေးပေမယ့် အသက်အရွယ်အားဖြင့် ငယ်သေးသော ညီငယ်အား တယောက်တည်း ထားရစ်ခဲ့ရန်မှာလည်း စိတ်အဆင်မပြေ။ မေးခွန်းပေါင်းများစွာသည် ကျွန်ုပ်၏ဦးခေါင်းကို ရိုက်ခွဲနေသည့်အလား။ အိမ်ရှေ့တွင် မခေါ်ဘဲရောက်လာနိုင်သည့် အညတရ လူ့အန္ဓတွေနဲ့ ဝေးရာပြေးသွားချင်သည်မှာအမှန်။
အမှန်တရားအတွက် စမ်းတဝါးဝါး လျှောက်ရမည့်အချိန်မဟုတ် ဟူသည်ကို ကျွန်ုပ် နားလည်ထားသော်လည်း ရှုတ်ထွေးနောက်ကျိနေသော အတွေးများသည်သာ အချိန်တန်လျှင် နေရာယူလာတတ်တော့၏။
ကျနော်၏ စိတ်ဖိစီးမှုများသည် တနေ့တခြား ပိုဆိုးလာခဲ့သည်။ ယခုလိုအချိန်မှ အိမ်ကို စွန့်ခွာထွက်သွားဖို့ ဟူသည်လည်း မလွယ်။ ညီလေးတယောက်တည်း အိမ်မှာ အဆင်ပြေပြေ နေနိုင်ပါမည်လား။ သူ့ကိုပါ အပါခေါ်သွားရင်လည်း လမ်းခရီးကား ကြမ်းကောင်းကြမ်းတမ်းနိုင်မည်။ ကျွန်ုပ်တဦးတည်း ထွက်သွားဖို့ပင် လွယ်ကူသည့်ခရီးမဟုတ်။ အခန့်မသင့်လျှင် ကျွန်ုပ်အသက်အရွယ် အပိုင်းအခြားသည် အတင်းအဓမ္ မကားပေါ်မှ ဆွဲချထားခံရနိုင်သည်။
အိမ်နှင့်ဇာတိမြို့ကို စွန့်ခွာထွက်သွားသင့်သည့်အချိန်ဟာ နောက်ကျခဲ့ပြီ၊ သို့သော်ငြား ကျွန်ုပ်၏ဆန္ဒများ တနေ့ထက်တနေ့ ပိုမို ပြင်းပြလာနေတော့သည်။
ဝမ်းကွဲအကိုနဲ့ ချိတ်ဆက်ပြီး ဤအရပ်မှထွက်ခွာဖို့ ကျနော် ဆက်သွယ်ထားပြီးပေမယ့် ထင်သလောက်တော့မလွယ်။ သူသည်လည်း ကျနော့်အတွက် စိတ်ပူပေးနေရသည်။ လမ်းခရီးမှာ အန္တရာယ်ကင်းနိုင်လောက်လား မေးကြည့်တော့လည်း သူ့ဆီကိုရောက်ပြီဆိုမှ ငါ့ညီ မင်း အန္တရယ်ကင်းခဲ့ပြီဟုသာ ပြောနိုင်မည်တဲ့။
ဘာပဲဖြစ်ဖြစ် ဒီကာလမှာ အသက်ကို အချည်းနှီး ပေးဆပ်လိုခြင်းမရှိသည်ကား အမှန်။ အန္တရာယ်ကင်းစွာဖြင့် အယုတ်တမာတို့၏လက်အောက်မှ ရှောင်ဖယ် ထွက်ခွာလိုသည်။ ကျွန်ုပ်ပညာရေးကိုလည်း ကျွန်ုပ် ဆုံးခန်းတိုင် လျှောက်လိုသေးသည်။ ဒါမှ ဘဝတပါးမှ ဖခင်သည်လည်း ကျေနပ်လိမ့်မည်ဟု ကျွန်ုပ် ခံယူထားပါ၏။
အတွေးတွေ ဗရပွနဲ့ ကျွန်ုပ် ဗျာများနေခဲ့သည်မှာ ကြာချေပြီ။ ညီလေးကို ထားခဲ့ရကောင်းနိုး၊ ခေါ်သွားရကောင်းနိုး။ ထိုအတွေးတွေနဲ့ ရှုပ်ထွေးလာတဲ့အချိန်ဆို ကလေးဘဝကို ပြန်မြင်ရောင်လာမိပြန်သည်။ အဖေရယ်အ မေရယ် ကျနော်တို့ မောင်နှစ်မသုံးယောက်ရယ် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပုံတွေ။ အတိတ်ဆီ စိတ်ပြန့်လွင့်သွားပြီဆိုတာနဲ့ ကျနော့်မျက်ဝန်းအိမ်က မျက်ရည်တွေ အားစိုက်စရာမလို အလိုလို စီးကျလာတတ်သည်။ ကျနော် ကောင်းကင်ပေါ်မော့ကြည့်ပြီး စိတ်ပေါ့ပါးသွားသည်အထိ အော်ဟစ်ပစ်လိုက်ချင်သည်။
ကျနော်ဘာလုပ်ရတော့မလဲ ..
ကျနော်ဘာလုပ်ရတော့မလဲ…
ကျနော်ဘာလုပ်ရတော့မလဲ…
ခေတ်ဆိုးစနစ်ဆိုးကို နိုင်သလောက် တွန်းလှန်ပါ၏ …။
နိုင်ရာဇာတ်ခန်းလည်း ဝင်ရောက် ထမ်းဆောင်ခဲ့ပါ၏။
သို့သော် ဇာတိကို ဖက်တွယ်ထားမိခဲ့ခြင်း၊ ပြေးကြည့်မှ ညီအကို နှစ်ယောက်တည်းပင်မို့ သံယောဇဥ်ပိုမိပြီး အကိုကြီးတော့အဖရာ တွယ်တာရာမဲ့သွား
မည့် ညီလေးရဲ့အဖြစ်ကိုလည်းမမြင်လို။ လူကို ခွေးလိုသတ်မှတ်ပြီး အသေသတ်မည့် ဥပဒေအောက်လည်း မနေလို။ မိုးပြိုတာ အများနဲ့ဆိုရအောင်လည်း လူယုတ်မာတွေနဲ့ရောပြီး အသက်ကို အဆုံးရှုံးမခံလို။ နေ့တွေတိုင်းဟာ ခြောက်ကပ်ကပ်နဲ့ ပျော်ရွှင်ခြင်းဟူသည် အဘယ်မှာမှ ရှာဖွေမတွေ့နိုင်။
ခြောက်ကပ်ကပ် ပိန်လှီလှီ အောင့်သက်သက်နှင့် ဖြတ်သန်းနေရသည့် နေ့တွေကြားမှာ ကိုယ်နှင့်စိတ်ဟာ ခွဲ၍နေသည့်အလား၊ ကျနော် ဗျာများနေခဲ့ရပါတော့သည်။
Be the first to comment