3
ခခူးနော်
‘လူစင်စစ်မှ ခွေးဖြစ်သွားနိုင်သော်လည်း ခွေးစင်စစ်မှလူ မဖြစ်နိုင်’
“အကို ကြားပြီးပြီလား”
အပြင်မှစခန်းသို့ ပြန်ရောက်လာသော ရဲဘော်ညီလေးတယောက်မေးလာတော့-
“ဘာတုန်းကွ”
“ပလဖထောင်ထဲက ရဲဘော်နှစ်ယောက် ထွက်ပြေးလို့တဲ့”
“ဘာ… ထောင်ထဲကရဲဘော်နှစ်ယောက်ဆိုတော့ ဘယ်လိုလဲ ရှင်းစမ်းပါဦး”
“ကျနော်တို့ PDF ရဲဘော်ဟောင်းတွေပေါ့။ တယောက်က ဆေးမှုနဲ့နှစ်ရှည်ကျနေတာ၊ နောက်တယောက်က အနောက်ဖက်ရွာနားက တောစခန်းမှာနေရင်း ရွာသူတယောက်နဲ့ ခိုးပြေးကြတာလေ၊ အဲ့တာပေးစားလိုက်ကြပြီးမှ တခြားနယ်ကသူ့မိန်းမက ကလေးနဲ့လိုက်လာလို့ အမှုဖြစ်ပြီးထောင်ကျနေတာတဲ့”
“ဟေ.. ဘာပြောရမှန်းကို မသိတော့ပါဘူးကွာ၊ ဘယ်လိုပြေးသွားကြတာလဲ”
“ကိုယ့်ရဲဘော်ဟောင်းတွေဆိုတော့ အပြင်ဘုတ်ပဲထားတာလေ၊ ရွာကိုအလုပ်ကိစ္စဆိုပြီး အစောင့်နဲ့လွှတ်လိုက်တာ ပြေးပြီ၊ တယောက်က ဒီနယ်ခံဆိုတော့ နယ်ကျွမ်းတယ်၊ လိုက်ဖို့မလွယ်လောက်ဘူး”
“အော်…အေးပါကွာ…”
တော်လှန်ရေးကြာရှည်လာပြီ။ အောက်ခြေရဲဘော်များမှာ ရိုးရှင်းသည်။ အာဏာရှင်ကိုတော်လှန်မည်။ ရာထူး မလိုချင်၊ အာဏာ မမက်မော၊ ငွေကြေးလောဘ မတက်ကြ။ သို့သော် မ,ကိစ္စ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကျခြင်း။ လူမှုရေး၊ အချစ်ရေး၊ မ,ကိစ္စ မည်သို့ဆိုစေ သွေးသားတောင့်တသောအရွယ်၏ အမူအကျင့်များကို ကြာရှည် ဖိနှိပ်ထားရန် မလွယ်ကူပါ။ ရဲဘော်အများစု၏တော်လှန်ရေးစိတ်ဓါတ်မှာလည်း ဖေးမတွဲခေါ်ရန်လိုအပ်လာပြီ။ မိမိတို့ ပတ်ဝန်းကျင်ကိုကြည့်လျှင် မင်းလည်း ငါ့လိုပဲ မထူးဘူး ဆိုသူသာများ၏။
အထက်လူကြီးများကို ကြည့်ကြသည်။ တော်လှန်ရေးမှထွက်ခွာရန် အကြောင်းပြချက် အသစ်များထပ်ရကြ၏။ ပြည်တွင်းကိုကြည့်ကြသည်။ တော်လှန်ရေး နှင့်မဆိုင်သော မြန်မာနိုင်ငံတော်သစ်ကို တွေ့ကြ၏။ ပြည်ပကိုကြည့်ကြသည်။ သိက္ခာ၊ မာနများ ထိပါးမခံနိုင်၍ တော်လှန်ရေးကို ကျောခိုင်းသွားသူများကို တွေ့ကြ၏။ မိမိတို့၏အသက်များသည် အခြားသူများ၏ သိက္ခာ၊ မာနများလောက် အဖိုးမတန် ဟူသော အမှန်တရားတခုကို ထပ်တွေ့ကြရသည်။ စိတ္တဇနာမ် နာကျင်ကျိူးပဲ့ကြသူများ တော်လှန်ရေးမှ ထွက်ခွာသွားသောအခါ ခြေ၊ လက်၊ အင်္ဂါ၊ အသက်ပေးထားသူများ အရူးဖြစ်ကျန်ရစ်ကြသည်။ စိတ်ထွက်ပေါက်မျိုးစုံ ရှာလာကြသည်။ အရက်ဘီယာ ရံဖန်ရံခါသည် ပြဿနာမရှိသော်လည်း စိတ်ထွက်ပေါက်အထိ ဖြစ်လာလျှင်မကောင်း။
အချို့မှာ မူးယစ်ဆေးဝါးအထိ စိတ်ထွက်ပေါက်ရှာလာကြသည်။ အချို့မှာ မူးယစ်ဆေးသုံးစွဲအဆင့်မှ ရောင်းဝယ်အဆင့် ရောက်လာကြသည်။ အချို့က တလိုင်းသမား၊ အချို့မှာ နှစ်လိုင်းပူး၊ သုံးလိုင်းပူး။ မူးယစ်ဆေးဝါးကိုမူ ချွင်းချက်မရှိ တားမြစ်ပိတ်ပင်ကောင်း၏။ သို့သော် အရွယ်ကောင်းလူငယ်များကို မ,ကိစ္စ၊ လိင်ကိစ္စ ရေရှည်ကင်းရှင်းဖို့ တားမြစ်ရန်မှာမဖြစ်နိုင်။ ရာထူးရှိသော၊ အာဏာရှိသော၊ ငွေကြေးရှိသော၊ အရက်ဘီယာ သောက်ရန် မပူရသော၊ ဆန့်ကျင်ဘက်လိင်ကိစ္စ မပူရသော၊ အထွေထွေထိုးစစ်ကြွေးကြော်နေသော အထက်လူကြီးများထံ အဖြေရှိရန်သာ မျှော်လင့်မိသည်။
တပတ်ခန့်ကြာသော် –
“အကိုရေ.. ထောင်ကထွက်ပြေးသွားတဲ့ နှစ်ယောက်လေ၊ ခွေးဘက်ကိုရောက်သွားပြီတဲ့၊ ရှေ့ပွိုင့်က ရဲဘော်တွေ ရန်သူနဲ့စက်ထဲကနေ ဆဲကြရင်း သိလာတာဆိုပဲ”
————————————–
“ငါ့ညီရေ၊ အချုပ်ဘက်ကို အလုပ်ကိစ္စသွားမလို့၊ လိုက်ခဲ့ဦးကွာ ”
“ဟုတ်အကို၊ ပလဖထောင် မဟုတ်ဘူးလား ”
“အချုပ်စခန်းအသစ်ကိုကွ၊ ငါလည်းမရောက်ဖူးသေးဘူး ”
အချုပ်စခန်းနေရာအသစ် ဆောက်ထားသည်မှာ မကြာသေး။ လူသစ်တချို့ရောက်နေကြောင်း သိရသည်။ စခန်းရောက်တော့ တာဝန်ရှိသူနှင့် အလုပ်ကိစ္စပြောနေရင်း မလှမ်းမကမ်းတွင် လက်တောက်ခုံဝိုင်းကဆူညံနေသည်။
“မင်းတို့စခန်းက လူစည်လှပါလား၊ အချုပ်သားတွေရော…”
“ဟိုမှာ လက်တောက်ခုံဆော့နေကြတာလေ”
“အမ်…(အသံနှိမ့်ပြီး) မင်းတို့ဟာ ဘယ်လိုလဲကွ၊ မကြောက်ဘူးလား၊ ကိုယ့်ရဲဘော်တွေနဲ့အဲ့လိုပဲ ရောထားတာလား ”
“အတူတော့ရောပြီး မနေပါဘူးကွ၊ အချူပ်ထဲလည်းအမြဲထည့်မထားဘူး၊ တခါတလေအပြင်ထုတ်ပြီးအဲ့လိုပါပဲ”
စခန်းမှပြန်အထွက် လမ်းမှားကာ စားဖိုသို့ ရောက်သွားသည်။
“ဆရာတို့.. ဒီလမ်းမဟုတ်ဘူးဗျ၊ အထွက်လမ်းက ဟိုဖက်မှာ”
“အော်…အေး…အေး”
စခန်းအပြင်အရောက် အတူပါလာသောရဲဘော်က
“အကို၊ ခုနက လမ်းပြောလိုက်တဲ့သူကို ကျနော်မြင်ဖူးသလိုလိုပဲဗျာ”
“အေးကွ၊ ငါလည်းစဉ်းစားနေတာ… … …
… လခွမ်း… အဲ့တာ တပ်မ ၇၇ တပ်မမှူးမလား ”
“ဗျာ- ဟုတ်တယ်အစ်ကိုရေ၊ လိုင်းပေါ်မှာမြင်ဖူးတဲ့ရုပ်၊ သေချာတယ်”
————————————–
ရွာသို့ ဈေးဝယ်ထွက်ရင်း ဆိုင်တဆိုင်သို့အဝင် အချုပ်စခန်းတာဝန်ရှိသူနှင့်တွေ့ရာ
“ဟေ့ ဘယ်လိုလဲ၊ ဈေးဝယ်ပဲလား”
“အေးကွ၊ မိုးမကျခင် စုဆောင်းထားရအောင်လို့ပါ”
ဆိုင်အပြင်ဖက်တွင် ကားကြီးပေါ် သို့လူဆယ်ယောက်ခန့် ဆန်အိတ်၊ ရိက္ခာအိတ်များ ထမ်းတင်နေကြသည်။
“အချုပ်သားတွေကို ခိုင်းတာပဲလား”
“အေးလေ”
“သတိတော့ထားဦးနော်”
“အေးပါ၊ ငါတို့ကပိုခံပြင်းတာပေါ့ကွာ၊ သူတို့ကိုကောင်းကောင်းမွန်မွန်ထားရမယ်၊ ထိခိုက်နာကျင်အောင်မလုပ်ရဘူး ဆိုပြီး အထက်ကပို့လာတာ၊ ရောက်စက ဆိုရင် ဝိုင်းတွယ်ကြမလို့၊ ကိုယ့်ရဲဘော်တွေကို မနည်းထိန်းထားရတယ် ”
“ဒီကောင်တွေကို အဲ့လိုထားတော့ ကိုယ့်လူဖြစ်လာမှာမို့လား၊ ဒီကောင်တွေက ခွေးအစစ်တွေနော်၊ မနေ့တနေ့ကမှ စစ်မှုထမ်းဥပဒေကြောင့် ပါလာတဲ့ကောင်တွေ မဟုတ်ဘူး၊ ပေါ်တာဆွဲခံရပြီး ရှေ့တန်းရောက်လာတဲ့ကောင်တွေလည်း မဟုတ်ဘူး၊ ပြီးတော့ နောက်ဆုံးအခြေအနေရောက်မှ လက်နက်ချတဲ့ကောင်တွေ၊ ဟေ့ ဟိုမှာ၊ တယောက်က ကားသမားဆီမှာ ကွမ်းယာတောင်းစားပြီး စကားပြောနေတာ၊ လမ်းတွေရွာတွေမေးနေဦးမယ်နော်”
“ကားသမားတွေ၊ ငါ့လူတွေအားလုံးကို သေချာမှာထားပါတယ်။ မတတ်နိုင်ဘူးကွာ၊ တချို့ဥပဒေတွေ၊ လူ့အခွင့်အရေးတွေက ခက်ပါတယ်။ ကောင်းကောင်းမွန်မွန်ထားဖို့အထက်က အမိန့်နဲ့ပို့လိုက်တာ၊ ထမင်းကျွေးပြီး ဒီအတိုင်းကြည့်မနေနိုင်ဘူးကွ၊ အလုပ်ကတော့ခိုင်းရမှာပဲ”
“ဇွတ်ခိုင်းမနေနဲ့ဦး၊ ပွန်းပဲ့သွားလို့ အထက်ကို ဖြေရှင်းနေရဦးမယ် ”
“ကောင်းတာပေါ့ကွာ၊ ငါလည်းပြန်ပြောလိုက်မယ်လေ၊ ကျနော်သူတို့ကို လက်ဖျားနဲ့တောင်မထိပါဘူးလို့… စိတ်ထဲရှိတိုင်းသာပြောရမယ်ဆိုရင် မကောင်းပါဘူးကွာ… ကဲ.. သွားမယ်ဟေ့”
———————————————-
“အကိုရေ… သတင်းကြားပြီးပြီလား”
“ဘာလဲကွာ”
“တပ်မ ၇၇ က စစ်သုံ့ပန်းတွေ ထွက်ပြေးလို့တဲ့၊ လက်နက်တွေလည်းပါ သွားတယ်ပြောတာပဲ” ။ ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
