လူထုမှတပါး …

by The Call
74 views

“လူထုမှတပါး …”

■ အယ်ဒီတာ့စကား

ရွာမီးရှို့ခံရသည့် သတင်းများ နေ့စဉ် တွေ့နေရသည်။ တိုက်ပွဲဖြစ်သည့် နေရာအနီးတဝိုက်ရှိ ရွာများကို မီးရှို့သည်သာမက တိုက်ပွဲမရှိသည့်နေရာများ၊ တိုက်ပွဲဖြစ်သည့်နေရာနှင့် မနီးသည့် ရွာများကိုပါ အာဏာသိမ်းစစ်တပ်က မီးရှို့နေသည်။ ရည်ရွယ်ချက်က တခုတည်းသာ။ ယခုချိန်ထိ သူတို့ကို အာခံနေသော၊ သူတို့ အာဏာသိမ်းသည်ကို လက်မခံဘဲ အန်တု ဆန့်ကျင်နေသော လူထုကို သူတို့ စစ်ခြေဖဝါးအောက် ပြားပြားဝပ် ရောက်လာစေရန်ဖြစ်သည်။

လူထုသည်ကား “ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊ သို့သော် ညွှတ်ကားမညွှတ်” ဆိုသကဲ့သို့ပင်။

စစ်အာဏာသိမ်းမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်နေသူများကို ဖမ်းဆီးသည့်သတင်းများ နေ့စဉ်တွေ့နေရသည်။ စစ်တပ်ကြီးစိုးမှ သခင်အားရ ကျွန်ပါးဝ ဖြစ်မည့်သူများကလည်း နည်းလမ်းပေါင်းစုံဖြင့် စောင့်ကြည့် သတင်းအချက်အလက် စုဆောင်းပြီး ဆန့်ကျင်သူများကို ဖမ်းဆီးရန် မပြတ် သတင်းပေးနေသည်။

ဆန့်ကျင်သူများကား လျော့သွားသည်မရှိ။ ဖမ်းဆီးရန် နေ့စဉ်လှုံ့ဆော်နေသည်ကိုက လျော့မသွားဆိုသည်ကို အထင်အရှားပြနေသည်။

စစ်တပ်ကို တိုက်ခိုက်သည့်သတင်းများ နေ့စဉ်တွေ့နေရသည်။ တိုက်ပွဲများအတွင်း စစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရသည်တို့ကို တွေ့ရသလို ခုခံစစ် ဆင်နွှဲနေသူများဘက်တွင်လည်း စွန့်လွှတ် စွန့်စား ပေးဆပ်သွားသူများ နေ့စဉ်လို ရှိနေသည်။ လက်နက်အင်အား အဆမတန် သာလွန်ကြီးမားသည့် စစ်တပ်ကို ခုခံတိုက်ခိုက်နေရသည့် ဤစစ်ပွဲတွင် မိမိဘက်မှ ပေးဆပ်ရမှု မရှိစေချင်သော်ငြား ရှောင်လွှဲမရသည့်ကိစ္စသာပင်။

ခုခံ တိုက်ခိုက်မှုများကား လျော့သွားသည်မရှိ။ ပို၍တိုးလာသည်ဟုပင် ပြောမည်ဆိုက ပြောနိုင်သည်။

အာဏာသိမ်းစစ်တပ်သည် တိုင်းပြည်အတွင်း နေရာလပ်မကျန် ချုပ်ကိုင်ထားနိုင်ခြင်းမရှိ။ တိုင်းပြည်စီးပွားရေး တိုးတက်ရန် မဆိုထားနှင့် ပိုဆိုးမသွားရန်ပင် လုပ်နိုင်စွမ်းမရှိ။ နိုင်ငံတကာ မဆိုထားနှင့် အိမ်နီးချင်းများကြားတွင်ပင် အပြည့်အဝ ထောက်ခံသူမရှိ။ သံခင်းတမန်ခင်းတွင် လောက်လောက်လားလားပြစရာ အောင်မြင်မှု တစက်မျှ မရှိ။

အာဏာသိမ်းစစ်တပ်တွင် ရှိသည်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်သော ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှု စသည့် ကျူးလွန်မှုမျိုးစုံသာ။

ယခုတကြိမ်တွင်မှ ဖက်ဆစ် စစ်တပ်ကို အမြစ်မဖြတ်နိုင်လျှင် မြန်မာနိုင်ငံသည် နောက်ထပ် မျိုးဆက်ပေါင်းများစွာ စစ်ကျွန် နစ်ကြရဦးမည်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် အောက်ကျနောက်ကျ ဆက်ရှိသွားရဦးမည်ဖြစ်သည်။ လူထုတွင် ရွေးချယ်စရာမရှိ။ ဝေဝါးထွေပြားခြင်း မရှိ။

ဤ နွေဦးတော်လှန်ရေး အောင်ပွဲကို လူထုမှတပါး အခြားမည်သူကမျှ ဆောင်ကျဉ်းနိုင်မည် မဟုတ်ကြောင်း The Call က အပြည့်အဝ ယုံကြည်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment