“လူမည်ကာမည်ယုံမျှ”
ခွန်းနီ
ကိုယ့်တစ်ကိုယ်စာလုံဖို့ထက်
တပြည်လုံးစာလုံဖို့အရေး
ဘယ်အမိုးနဲ့ကာရမလဲ…
အသက်တွေလား…
သွေးတွေလား…
ဒုက္ခဆိုတာလူထုရဲ့
ယိုပေါက်ကြီးတစ်ခုဗျ
အမျိုးမျိုးသောမီးတွေနဲ့
လောင်မြိုက်ခံခဲ့ရတဲ့တိုင်းပြည်ပါ
ထွက်သမျှမီးခိုးတွေသာတိမ်ဖြစ်ကြေးဆို
လူငယ်တွေအသက်ရှုကျပ်စရာမလိုပါဘူး
လူငယ်ဆိုပေမဲ့အတင်းအကြပ်နဲ့
ရင့်ကျက်ခဲ့ရတဲ့ကောင်တွေပါ
ကျလာသမျှဒုက္ခမိုးတွေ
ကြိုက်တဲ့အရပ်မှာစွေပါစေအုံး
ဖြစ်တဲ့ကျောနဲ့ကာမဲ့ကောင်တွေ…
တော်ရာအရပ်တွေ၊ပျော်ရာအရပ်တွေ
ရွေးနေဖို့မလိုပါဘူး…
ကိုယ့်ခြေထောက်ဟာကိုယ့်အိမ်ပဲ
ဆရာလှသန်းကဗျာထဲကလို
ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ
မွေးတစ်ခါသေတစ်လှည့်ပဲလေ
ဘာအရေးလဲ၊ဘာထူးသလဲဆို
ထူးတာတစ်ခုကကိုယ့်အရူးရောဂါနဲ့
ကမ္ဘာကြီးကိုမထိခိုက်ဖို့
ကိုယ့်အတ္တနဲ့လေထုကိုမညစ်ညမ်းဖို့
ကိုယ့်မာနနဲ့မျက်ရည်ကျတမ်းမကစားဖို့
လိုအပ်တဲ့အကြောင်းရယ်
အသက်ရှုတိုင်းလူလို့ခေါ်မရကြောင်း
တိရစ္ဆာန်တွေကသက်သေထူထားတယ်။
Be the first to comment