
“လူမိုက်ကြီး”ညိမ်းအေး
နာမည်က ပိုင်ကြီး၊ ရွှေဘိုသား၊ ကြမ်းမှ ကြိုက်တာဆိုတဲ့ အညာသားစစ်စစ်။ ဇနီးကိုချစ်တယ်၊ တရားသောစစ်ကို တိုက်တယ်၊ အရက်ကြိုက်တယ်၊ စာပေကိုချစ်တယ်၊ ကဗျာတွေကို မြတ်နိုးတယ်၊ အထူးသဖြင့် တဦးတည်းသော ညီလေးကို သိပ်ချစ်တယ်၊ တကယ့်အရွယ်ကောင်း၊ ရှိလှမှ အသက် (၃၀) ကျော် ပေါ့၊ ကာယအားရော၊ ဉာဏအားရော၊ အတွေ့အကြုံ ဘဝဖြတ်သန်းမှုအနေနဲ့ရော ရင့်ကျက်တည်ငြိမ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်။
ဒီတော်လှန်ရေး မတိုင်ခင်က မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ စီးပွားရေးကလည်း ပြေလည် ချောင်ချိရှိတယ်။ ကြမ္မာဆိုးတွေ မရောက်လာခင်အထိပေါ့လေ။ ကိုပိုင်ကြီးနဲ့ ကျနော် စတွေ့တော့ လွတ်မြောက်နယ်မြေ တနေရာက အကြပ်ကြီးသင်တန်း တခုမှာ။ အသားလတ်လတ်၊ အရပ်မြင့်မြင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးပါးပါး၊ ကွမ်းတမြုံ့မြုံ့နဲ့။ သူပြုံးရင် သိပ် နှစ်လိုဖွယ်ကောင်းတာ။ စာဖတ်နာတာရော၊ အညာသားတွေရဲ့ထုံးစံ ဥပမာ ဥပမေယျတွေနဲ့ စီကာပတ်ကုံး ပြောပြတတ်တာတွေရောကြောင့် သူစကားပြောရင် သူ့ဘေးမှာ အားလုံး ဝိုင်းနေကြရော။ ဖော်ရွေတယ်၊ သိပ်ကိုရိုးသားတယ်၊ ဟန်မဆောင်တတ် ဘူး၊ တခါတရံ အရိုင်းဆန်တယ်။ ညီရင်းအကိုစိတ်၊ ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ အမြဲကူညီတတ်တယ်။ တာဝန်ယူလိုစိတ်၊ ညီတွေ ရဲဘော်ရဲဘက်တွေ အပေါ် အသက်ရင်းပြီး ကာကွယ်ပေးလိုစိတ် အပြည့်ရှိတယ်။ သူက ကျနော်တို့ကို သိပ်ချစ်တယ်။ ကျနော်တို့ အားလုံးကလည်း သူ့ကို သိပ်ချစ်ကြပါတယ်။
သင်တန်းမှာ ကျနော်တို့က စု (၁)၊ စိပ် (၃)။ ကိုပိုင်ကြီးက ကျနော်တို့ တပ်စိပ်မှူး။ (၃) လကြာတဲ့ စစ်သင်တန်း ခပ်ကြမ်းကြမ်းကို ကျနော်တို့ အတူတူ ဖြတ်သန်းခဲ့ကြတယ်။ တခုတ်တရ အမှတ်ရစရာတွေမှ အများကြီး။ သင်တန်းက မိုးတွင်းကာလ တလျှောက်လုံး။ ဆေးလိပ်ခိုးသောက်လို့ နဂါးပတ်လှိမ့်ခဲ့ရတဲ့ ရဲဘော် (၃) ကျိပ် (၃) ယောက်။ ဝါးတုတ်နဲ့ ငှက်ပျောအူကို ဆီမပါ ဆားမပါ ဆားအစား ငါးနီတူခြောက်ခေါင်းကို ထည့်ချက်ပြီး နေ့ရောညရော ဖြတ်သန်းခဲ့ရတာတွေ။ တနင်္ဂနွေနေ့တွေမှာ ဝါးရုံရိပ်အောက်က ကြုံတောင့်ကြုံခဲ ဂစ်တာဝိုင်းလေးတွေ။ ဘောင်းဘီချွတ်ပြီး အတွင်းခံနဲ့ ရေချိုးလို့ သင်တန်းပြီးခါနီး လက်ထောက်မှောက်၊ ဝါးစိမ်းတုတ်နဲ့ တင်ပါးအပ်ခဲ့ရတာတွေ။ မြေပုံသင်ခန်းစာ လက်တွေ့ဆင်းရင်း ခြေလျင် စစ်ကြောင်းလျှောက်တုန်းက တောထဲက ရေတံခွန် အသေးစားလေးမှာ ကျနော်တို့တတွေ ပျော်မဆုံး၊ မော်မဆုံး။ ပင်ပန်းနေတဲ့ကြားက အပြုံးတွေဝေလို့။
အမှတ်အရဆုံးကတော့ တောတွင်းထွက်ရတဲ့အချိန်။ ကိုပိုင်ကြီးနဲ့ ကျနော် ကတုတ်ကျင်း တူးကြရင်း မြောက်ဥတွေ့တဲ့အခါ ကျနော်က “ကိုပိုင်ကြီး ဒါက ပြုတ်စားလို့ရတယ်။” သူကလည်း “ဆရာစားလို့ရတယ်ဆိုရင် စားမယ်လေ” တဲ့။
ရေကို ပြောင်နေအောင် သေချာဆေးကြောပြီး နေ့ခင်းကတည်းက ပြုတ်ထားတာပေါ့။ ညနေပိုင်း နားတဲ့အချိန်ရောက်တော့ ခွဲတမ်းရတဲ့ ဆီဆားလေးနဲ့ ကျကျနန စားမယ်ဆိုပြီး ပြင်နေတုန်း စတန်းထိုးပါလေရော။ ဘယ်တတ်နိုင်မလဲ ပြီးမှ စားမယ်ဆိုပြီး ထားခဲ့ရရော။ တန်းစီ၊ လူစစ်ပြီးတဲ့အချိန် နောက်ကနေ လိုက်လာတဲ့ ဆရာ့လက်ထဲမှာ ဆီဆားခွက်လေးရယ်၊ မြောက်ဥပြုတ် နှစ်ပိုင်းရယ်ကို မြင်တော့ ဘာများလဲဆိုပြီး စိတ်ထဲတော့ ထင့်နေပြီ။ ပြီးမှ ဒုဗိုလ် က –
“ဒါ ဘာဥလဲ၊ စားလို့ရလား … ပိုင်ကြီးတို့တပ်စိပ်က၊ ဒါဘယ်သူ တူးလာတာလဲ” ဆိုတော့
“ကျနော်တူးတာပါ”
“မင်း ရှေ့ထွက်လာခဲ့”
“တပ်စိပ်မှူး မင်းက ဘာမှမပြောဘူးလား”
“မပြောလိုက်ရပါဘူး ဒုဗိုလ်”
“အေး ဒါဆို မင်းလဲထွက်လာခဲ့”
မီးပြင်းပြင်းနဲ့ အပူပေးထားတဲ့ ၆ ပေလောက်ရှည်တဲ့ ကြိမ်လုံးဟာ တင်ပါးနဲ့ ပေါင်အသားတွေကို ပယ်ပယ်နယ်နယ် စားသုံးပါတော့တယ်။
သင်တန်းပြီးတဲ့အချိန် ကျနော်တို့ အမက်မောဆုံးအရာဟာ ဘာလဲလို့မေးရင် ပေါင်မုန့် သေးသေးလေးတလုံးလို့ ပြောရင် ခင်ဗျားတို့ ယုံမှာမဟုတ်ဘူး။ နို့ဆီလေး စားရရင်ကို ကျေနပ်ပြီကွာ ဆိုတဲ့သူတွေလည်းရှိတယ်။ သင်တန်းတွင်းမှာ စားချင်တဲ့ မုန့်တွေကို စာအုပ်ထဲမှာ တန်းစီ ခိုးရေးပြီး စာအုပ်တွေလဲဖတ်ရင်း စိတ်ကူးနဲ့ စားခဲ့ကြရတာ။ အဲ့ဒီလို ခိုးရေးတာ မိသွားရင်လည်း စိတ်ကူးနဲ့မဟုတ်ဘဲ အပြင်မှာ စားရဖို့က ကျိန်းသေတယ်။ ဝါးလား ကြိမ်လားသာ မသေချာတာ။ သင်တန်းပြီးခါနီးရတဲ့ နှစ်ပြန်ကြော်ပဲခြမ်းတွေကို တပ်စိပ်အလိုက် ခွဲတမ်းချတော့ တယောက်ကို ထမင်းစားဇွန်း (၂) ဇွန်း ရတာကိုပဲ ကျနော်တို့မှာ ဘဝမေ့လို့။ ပြောရရင်တော့ ကုန်မှာမဟုတ်ဘူး။ ကျနော်တို့ ဒီလိုဖြတ်သန်းခဲ့ကြတာ။
သင်တန်းပြီးတော့ ကျနော်က တနေရာ တာဝန်ကျ၊ ကိုပိုင်ကြီးကလည်း တပ်ရင်းမှာ ပြန်တာဝန်ကျနဲ့ မဆုံဖြစ်ကြဘူး။ အဆက်အသွယ်တော့ မပြတ်ကြဘူး။ အင်တာနက်ဖြတ် ဖုန်းလိုင်းဖြတ်လည်း ရရင်ရသလို စကားပြောကြ၊ ရင်ဖွင့်ကြပေါ့။ ဒီလိုနဲ့ ပထမဆုံး မိုဟာနားကျတယ်၊ နောက် မှဲ့ကြီးကျတယ်၊ ချွတ်တားကျတယ်၊ ကိုဓာတ်ခဲကျတယ်။ ဒဏ်ရာတွေဟာ နက်သထက်နက်ပေါ့။ အတူတူ ပြန်ဆုံကြမယ်လို့ ပေးထားတဲ့ ကတိတွေဟာ တဖြည်းဖြည်း ပါးသထက်ပါး လျော့သထက် လျော့လာတာပါပဲ။
ဒီလမ်းဖောက်ပြီး ဒီလမ်းကို လျှောက်နေတဲ့သူချည်းဖြစ်တော့ တနေ့တော့ ကိုပိုင်ကြီးနဲ့ ကျနော် ပြန်ဆုံရတယ်။ ဒီတကြိမ်မှာတော့ သူက အရာရှိ ခွဲမှူးသင် တန်းသား၊ ကျနော်က အခြေခံကျန်းမာရေး စစ်ဆေးပေးဖို့ သင်တန်းစခန်းကို ရက်ပိုင်းလောက်သွားရတဲ့ အချိန်။ ၂ နှစ်ကျော်ကာလတွေဆီ ပြန်မြင်ယောင် ကြည့်မိတယ်။ မတူတော့တဲ့ လူတွေအနေနဲ့။ အရင်ထက် ပိုမာကျော ပိုပြတ်သားတဲ့သူတွေအနေနဲ့။ ထမ်းပိုးထားရတဲ့ တာဝန်တွေကိုယ်စီ။ ရင်ဘတ်ထဲမှာ နှစ်ဘက်သွား ဓားချွန်တွေ အစင်းလိုက်။ ကျောပေါ်မှာလည်း ဆူးတောင်တွေ အလိပ်လိုက်နဲ့ပေါ့။ ကိုပိုင်ကြီးက အခြေခံစစ်သင်တန်းကနေစလို့ အကြပ် ကြီး၊ နောက်ဆုံး အရာရှိ ခွဲမှူးသင်တန်းအထိ တဆင့်ချင်း၊ တလှမ်းချင်း။ ဟိုး သာမန် ကုန်သည် အရပ်သားဘဝကနေ ခုတော့ ကျားရဲလို လျင်မြန် ဖျတ်လတ် မာကျောတဲ့ တကယ့် ပြည်သူ့စစ်သားကြီးစစ်စစ် ဖြစ်နေပြီ။ သေမလို ရက်တွေနဲ့ ညပေါင်းများစွာကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ။
ဒီလိုနဲ့ ကိုပိုင်ကြီး သင်တန်းပြီးတဲ့အချိန်မှာ ကျနော်တို့ အတူတူ ရှေ့တန်းထွက်ရရော။ ဒီတကြိမ်မှာလည်း မိုးတွင်းကြီးပဲ။ မိုးကပဲ ကျနော်တို့နောက်ကို လိုက်ရွာသလား။ ကျနော်တို့ကပဲ မိုးကို စွဲလန်းမိလို့လား မပြောတတ်ပါဘူး။ ကိုပိုင်ကြီးတို့ တာဝန်ကျတဲ့နေရာက တောင်ယာခင်းအစပ်မှာ။ အဝေးပြေးကားလမ်းနဲ့ မီတာ ၁၀၀ လောက် အကွာမှာပေါ့။ အဓိကတာဝန်ကတော့ ဖြတ်တောက်ရေးလုပ်ဖို့။ ညညဆို ရန်သူက ကားလမ်းကနေ မိုးလေထဲမှာ တက်လာပြီး မီတာ (၂၀) (၃၀) လောက်မှ အနီးကပ် တွယ်ကြရတာမျိုး။ ကျည်ကလည်း ချွေတာရသေးတယ်။ အဲ့ဒီမှာ ကိုပိုင်ကြီး ၄၀ မမ ဗုံးပစ်လောင်ချာပါတဲ့ မောင်းပြန်ကိုင်တယ်။ ကျနော်တို့အခေါ် ထောက်တွဲပေါ့။ ၇.၆၂ ကျည်ရော ၄၀ မမ ဗုံးသီးရော သယ်ရတော့ နည်းနည်းတော့ ပိုပင်ပန်းတယ်။ အဲ့ဒီမှာလည်း ကိုပိုင်ကြီး တာဝန်ကျေတယ်။ သူလုပ်စရာရှိတာကို ပီပီပြင်ပြင်လုပ်တယ်။ မာမာထန်ထန် လုပ်တယ်။ ရံဖန်ရံခါ တုတ်ထိုးအိုးပေါက် ပြောတတ်တာကလွဲလို့။
တခါသား မနက်လင်းအားကြီးချိန် ကိုပိုင်ကြီးတို့ တပ်ဖြန့်ထားတဲ့နေရာကို ရန်သူကပ်လာရော။ မိုးက သည်း၊ တောင်ယာခင်းအစပ်မှာ လေကလည်း တိုက်၊ ခါးလယ်လောက်မြင့်တဲ့ မြက်ရိုင်းတောတွေကြားမှာ အသံတွေက လုံးထွေးနေတုန်း စကားပြောစက်ခလုတ်ကို နှိပ်လိုက်လို့ မြည်တဲ့အသံ တရှဲရှဲ၊ ပြီးပြီးချင်းမှာပဲ စက်ကနေ “ခွေးတွေ ခွေးတွေ” ဆိုတဲ့ အသံလည်းထွက်လာရော သေနတ်သံတွေဟာ တောင်ယာခင်းအစပ်မှာ တရစပ်ညံလို့။ နောက်ရက် မနက် ကျည်သုံးစာရင်းကောက်တော့ ညက ပစ်လိုက်တာ ကျည် (၃၀၀) ကျော် ကုန်လို့ဆိုပြီး စစ်ကြောင်းမှူးက ကြိမ်းမောင်းတော့ ကိုပိုင်ကြီးတို့ ဘာပြောတယ်မှတ်တုန်း .
..
“ဟ မိုးနဲ့ လေနဲ့ မှောင်မှောင်မည်းမည်းကြီးထဲမှာ ရန်သူသေချာပြီဆိုမှ ပစ်ပါဆိုတော့ ငါတို့ ဟိုဒါကြီးနဲ့ တက်ခုတ်ဖို့ပဲရှိတော့တယ်ဟ” တဲ့။ ကိုပိုင်ကြီးဆိုတဲ့လူက အဲ့လို။
တရက်တော့ သူတို့တပ်စိပ်မှာ လူနာကြည့်ရင်းနဲ့ –
“ကိုပိုင်ကြီး ဘာမှာစရာရှိသေးလဲ”
“အေး ဒေါက်ဒေါက်ရ ငါ တခြားတော့ မှာစရာမရှိဘူး”
“တပိုင့်လောက်ဆိုရပြီ”
“အဲ့ဒါ မရဘူးလေ ဆရာသမား”
“ဟာ ဒေါက်ဒေါက်ရ အေးတယ်ဟ မိုးရေတွေ အမြဲစိုစိနေတာ လေကတိုက်နဲ့”
ဒီလိုနဲ့ပဲ မဖြစ်ဖြစ်အောင် စီစဉ်ပေးခဲ့ရသေးတာ။
နောက်တန်းပြန်ရောက်တော့ ကိုပိုင်ကြီးဟာ ကိုပိုင်ကြီးပါပဲ။ ရင်ကွဲပက်လက်နဲ့ ရှေ့တန်းမှာ ကျသွားတဲ့ ရဲဘော်အတွက်ရော၊ ဒီကာလတွေထဲမှာ ကြိုက်လွန်းလို့မဟုတ်ဘဲ ဝေဒနာတွေကို အရည်ဖျော်ပြီး လောင်ကျွမ်းသွားစေဖို့ ပူလောင်ပါတယ်ဆိုတဲ့ ခပ်ပြင်းပြင်းအရည်ကို ဆက်တိုက် သောက်တော့တာပဲ။ ရှေ့တန်းမှာတုန်းက မရိတ်မသင်ဘဲထားခဲ့ရလို့ ရှည်လျားထူထဲနေတဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ရီဝေဝေ မျက်လုံးတွေကို တနေကုန် တနေခန်း မြင်ခဲ့ရတဲ့နေ့ရက်တွေပေါ့ ။ ဒီလိုနဲ့ပဲ ကျနော်တို့ ပြန်ခွဲခွာကြဖို့ရက်တွေ ထပ်ရောက်လာပြန်ပါရောလား။ အရင်က အကြပ်ကြီးသင်တန်းမှာ တပ်စိပ်မှူး၊ ခုတော့ PDF တပ်ခွဲမှူးကြီးအဖြစ်နဲ့ ရင်ကော့ပြီး တာဝန်ကျတဲ့ တပ်ရင်းဆီ ပြန်ရတော့မှာပေါ့။ ကျနော်ကတော့ မူလအတိုင်းပါပဲ။ ဒီတကြိမ်မှာတော့ သင်တန်းအတူ တက်ပြီးလို့ နှုတ်ဆက်ရတာမဟုတ်ဘဲ ရှေ့တန်းမှာ အတူတိုက်ပွဲဝင်ပြီး ပြန်နှုတ်ဆက်ရတာပေါ့လေ။ ဒီတကြိမ်ဟာ နောက်ဆုံးအကြိမ် နှုတ်ဆက်ခြင်းဆိုတာ ဘယ်နတ်ဘုရားကမှ ကျနော်တို့ကို ကြိုတင်အသိမပေးခဲ့သလို ထပ်တွေ့ရဦးမှာပါလို့ပဲ ကျနော်တို့ မှတ်ယူ ထားခဲ့ကြတာ။
တပ်ရင်းပြန်ရောက်ပြီး သိပ်မကြာပါဘူး။
“ဒေါက်ဒေါက်ရေ … ကျနော်တို့ တပ်ရင်းမှာ ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီတွေလိုနေတာ”
“ဒေါက်ဒေါက် စီစဉ်ပေးလို့ရရင် စီစဉ်ပေးပါဦး”
အရေအတွက်ကို ကြည့်လိုက်တော့ တပ်ရင်းတရင်းစာ မရှိ။ ကြည့်ရတာ ပိုက်ဆံရှိသလောက်ပဲ အရင်ဝယ်ပြီး ဆင်မယ့်ပုံ။ ရင်ထဲမှာ နင့်ကနဲ။ ဒါဟာနောက်ဆုံးပဲ။ ဒါဟာနောက်ဆုံးဖြစ်ခဲ့တာပါပဲ။
တဦးတည်းသော ညီငယ်လေးကို နှုတ်ကမချ သိပ်ချစ်ကြောင်း တဖွဖွ ပြောတတ်တဲ့ ကိုပိုင်ကြီး။ တော်လှန်ရေးပြီးရင် ဘယ်လို အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းမှာ။ ခင်ဗျားစုမယ့် စာအုပ်တွေ၊ ခင်ဗျားချစ်တဲ့ ကဗျာတွေ။ ခင်ဗျား သိပ်ကို မြင်ချင်လှပါတယ်ဆိုတဲ့ အေးချမ်းလုံခြုံတဲ့ ပြည်သူတွေရဲ့ ဘဝတွေ။
အခုတော့ ခင်ဗျားညီလေးနောက်ကို ထပ်ချပ်မကွာ လိုက်သွားပြီပေါ့။ ခင်ဗျားညီလေးနဲ့ ခင်ဗျားပြန်ဆုံရလို့ ခင်ဗျားတော့ ဝမ်းသာနေလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ရင်တွေကွဲပြီး ကျန်ရစ်ခဲ့ရတာ။ လူမိုက်ကြီးရေ …
“ခင်ဗျားညီလေးကို ခင်ဗျား ချစ်သလို ကျနော်တို့ ခင်ဗျားကို ချစ်တယ်”
“ကဗျာတွေကို ခင်ဗျားချစ်သလို ကျနော်တို့လည်း ချစ်တယ်”
“အရက်ဟာ ကျနော်တို့အတွက် ဝေဒနာတွေကို ဖြေဖျောက်ပေးမယ့် အဆိပ်ပဲ … မက်မက်မောမောပဲပေါ့”
ခင်ဗျားညီလေးအတွက် ခင်ဗျားရေးခဲ့တဲ့ ကဗျာအတိုင်းပဲ စစ်ထုံးတမ်း ဓလေ့နဲ့အညီ ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်။
“မှားသောစစ်နဲ့ တရားသောစစ်မှာ
မင်းဟာ တရားသောစစ်ကို တိုက်ခဲ့တာပါ ညီ
ရင်နာနာနဲ့ ဂုဏ်ယူပါတယ် ညီလေးရေ
ဒီခေတ်ကိုရောက်လို့ ဒီဝန်ကိုထမ်းခဲ့ပြီးပြီပဲ
စစ်ဓလေ့ ထုံးတမ်းနဲ့အညီ အကို ဂုဏ်ပြုလိုက်ပါတယ်
ငြိမ်းချမ်းစွာ အနားယူပါတော့ ညီလေး”
ပိုင်ကြီး
နေ့မြင်ညပျောက် ဘဝတွေမှာ ချစ်ခြင်းမေတ္တာဟာ ရက်ရက်ရောရော ကိုယ် ပေးကမ်း စွန့်ကြဲနိုင်တဲ့ တန်ဖိုးအကြီးဆုံး တခုတည်းသောအရာပေါ့။ ကိုပိုင် ကြီးရေ ခင်ဗျားအတွက် ကျနော် မေတ္တာတွေ လုံလုံငှငှ ပေးနိုင်ခဲ့ကောင်းပါရဲ့။ ရင်နာနာနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ် ကိုပိုင်ကြီးရေ။ သင်သွားလိုရာ သွားနိုင်ပြီလို့ မပြောရက်ဘူး။ ခေါင်းကြောမာလွန်းတဲ့ ခင်ဗျားရဲ့ဝိညာဉ်က ဒီနိုင်ငံကြီးထဲမှာပဲ ကပ်တွယ်နေမှာ ကျုပ်သိတယ်။ ဒီတိုင်းပြည်ကို မအေးချမ်းမချင်း ခင်ဗျား ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူး။ အေးချမ်းရာ အရပ်ဆီကိုသာ သွားပါတော့ဗျာ။
6:55 pm
9.2.2024
Be the first to comment