လူမျိုးစုံတိုင်းပြည်၊ ပြည်သူ*နှင့် တကယ်မလိုအပ်သော အုပ်ချုပ်သူလူတန်းစား

“လူမျိုးစုံတိုင်းပြည်၊ ပြည်သူ*နှင့် တကယ်မလိုအပ်သော အုပ်ချုပ်သူလူတန်းစား”
◼️မာန်
အာဏာဟာ ပြည်သူရဲ့လက်အတွင်းမှာ ဖြစ်ရမယ်၊ ဖြစ်နေမှကိုဖြစ်မယ်၊ ဖြစ်ပျက်မှုဟူသမျှကို တမဟုတ်ချင်း မြေလှန်ပစ်နိုင်သူများဟာ ပြည်သူများသာဖြစ်ပေတယ်၊ ချစ်မြတ်နိုးမှု ရှေ့တန်းတင်ပြီး တွဲလက်တွေညီရင် တနေ့မှာ ဖီးနစ်ငှက်ဟာ ပျံသန်းမှာပေါ့။
ဝါဒတွေ၊ အုပ်ချုပ်စနစ် ဆိုတာတွေဟာ ပြည်သူတွေလို ရိုးရာဓလေ့နဲ့ ချစ်စရာအသိုင်းအဝိုင်းကို ပြုလုပ်နိုင်ခဲ့ကြပြီးသား လူအများအတွက် ဘယ်လောက်များ ကြီးကြီးမားမား လိုအပ်နေမှာမို့လို့လဲ။
မြို့ကြီးတွေမှာနေထိုင်ကြတဲ့ ရောယှက် ပေါင်းကူးကြတဲ့ လူမျိုးစုံဟာ ပွထပြီး တသီးတသန့် ဆန်တယ်ဆိုပေမယ့် အဓိက မောင်းနှင်အားထားကြရတဲ့ မြို့တွေမို့ သူတို့ဟာ ရှေ့ကနေ ပြေးနေရမှာဖြစ်ပြီး ကျန်မြို့ငယ်လေးရဲ့ ဆုံချက် ဖြစ်နေရမှာပေါ့၊ ငါတို့မြို့လေးတွေမှာ ရွာလေးတွေမှာ နေကြသူတွေဟာ အိမ်ခြေနည်းပါးပြီး တဝန်းတဝိုင်းလုံးဟာ ရပ်ဆွေရပ်မျိုးတွေ။ အင်တာနက်တွေ မရှိကြခင်ကတည်းက မြစ်ထဲမှာ ရေဆင်းကူးပြီး ပြန်လာတာ မြို့လယ်ကအိမ်မှာ သတင်းရောက်နေပြီးသား ဆူဖို့ဆော်ဖို့အသင့် ဆိုသလိုမျိုး။
တိုးတက်လာပါတယ် ဆိုတဲ့ခေတ်ကြီးရယ်၊ အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေးအရွေ့တွေရယ်၊ တကိုယ်ရည် လိုဘဆန္ဒ လွန်ကဲခြင်းတွေရယ်ပေါ့ကွာ၊ လူသားရဲ့ မြင့်မြတ်တဲ့စိတ်ထားတွေ ဖုံးကွယ်မှု ကြီးမားလွန်းကြတာတွေက တကယ့် အမှန်တကယ် တိုးတက်မှုထက် အတုယောင် တိုးတက်မှု အခွံကြီးသက်သက် ဖြစ်လာစေတယ်လို့ ငါတို့တတွေ သုံးသပ်ကြရင် မလွန်လောက်ဘူးမလား။
‘ကိုယ့်ထမင်း ကိုယ်စားရုံပဲ’ ဆိုတဲ့ အဘိဓမ္မာ ဦးနှောက်ဆေးကြောမှုကို တွန်းလှန် မှောက်ခုန်နိုင်ပါ့မလားမြင်တဲ့ ငါတို့ရဲ့အမြင်အတွက် ဒီ ငါတို့ပြည်သူဟာ အုတ်ပုံတွေကြားက တိုးထွက်လာနေတယ်၊ ငါတို့ပြည်သူတွေလို့ ပြောရတာကိုက မိုက်နေတာပါကွာ၊ အဲဒီလို လူတိုင်း ပြောလို့ရနိုင်လောက်အောင် ဘုံမျှတမှု၊ လူတန်းစားတွေကို တတ်နိုင်သမျှ ကျဉ်းမြောင်းပြီး အလွှာချော အဆင့်နည်းခြင်းဟာ အဖြေတရပ် ဖြစ်လာမယ်။ နယ်မြေတိုင်းမှာ ဒေသခံဟာ အဓိက အရေးကြီးဆုံးဆိုသလိုပဲ လူမှုပတ်ဝန်းကျ င်တိုးတက်မှုမှာ ပြည်သူဟာ အချက်အချာအကျဆုံးသာဖြစ်တယ်၊ ပြည်သူပျော်ရင် ပြည်သူရှိတဲ့နေရာဟာ သေချာပေါက် ချစ်မေတ္တာတွေ ကူးစက်နေမှာပေါ့၊
အဆောက်အအုံက တန်ဖိုးရှိတာမဟုတ်ဘူး၊ အဲဒီအဆောက်အအုံကို အသုံးပြု မှီတင်းဖို့ ဆောက်လုပ်ထားတာမို့ ပြည်သူတွေရဲ့တန်ဖိုးကသာ ဆတိုးတက် မယ့် ကိန်းရှင်မျိုးပဲ။
ပြိုကျပျက်စီးခဲ့သမျှဟာ ငါတို့ပြည်သူတွေကပဲ အချင်းချင်း ပြန်လည်ထူမတ်ကြလိမ့်မယ်၊ ပြည်သူကို အုပ်ဖို့ချုပ်ဖို့ ကြိုးစားသူ ဟူသမျှဟာလည်း မုချ ဖြုတ် ချခံရမှာပဲ။
တကယ်တော့ ငါတို့ပြည်သူတွေ လိုအပ်တာ ပြည်သူကို ဝန်ဆောင်မှုအပြည့်အဝပေးတဲ့ အလုပ်အကျွေးပြုတဲ့ ပြည်သူနဲ့ အပြန်အလှန် ချစ်မြတ်နိုးကြရတဲ့ အဖွဲ့အစည်းမျိုး၊ အဖွဲ့အစည်းကနေ ပြည်သူကို မျက်နှာမူသော စနစ်မျိုး၊ အဲဒီစနစ်ကနေ စစ်မှန်တဲ့ တော်လှန်ရေးရဲ့အကျိုးဆက် ချစ်ခြင်းမေတ္တာနဲ့အတူတကွ မွေးဖွားလာပါလိမ့်မယ် အမြဲစိမ်းသစ်တောကြီးတခု။
ငါထပ်ပြောမယ်၊ ငါတို့ သံပတ်ပေးခံနေရတဲ့ ငါတို့မလုပ်ချင်တဲ့ ငွေကြေးနဲ့ ပြန်လဲခံရမှုတွေ၊ ဘဝကို စောက်အဓိပ္ပါယ်မဲ့ ရှင်သန်နေရမှုတွေ၊ တနေ့တာ ဝမ်းစာအတွက် ရုန်းကန်ရလို့ ခမ်းခြောက်သွားရတဲ့ ဆန်းသစ်ပေါင်းစည်းမှုတွေ၊ သွေးစုပ်နေကြသူတွေဟာ သူတို့ရဲ့ လိုအပ်မှုတွေကို ငါတို့ရဲ့ ပေးဆပ်မှုတွေကနေ အဆီ အသား ခပ်ယူနေကြတာ၊ အမြင်မတူသူတွေ စိတ်ကိုဖွင့်ပြီး ဆွေးနွေးလို့ရနိုင်လေ အဲဒီဝန်းကျင်ဟာ ခုန်ပျံပြီးကို တိုးတက်လာနိုင်လေပဲပေါ့ကွာ။
လူဆိုတာ ယုံကြည် ရပ်တည် မျှော်လင့်ချက်များနဲ့ ရှင်သန်ပြီး ချစ်ခြင်းနဲ့ သေလွန်ကြသူများလို့ ယုံကြည်ပါတယ်။
ပြည်တွင်းစစ်မီး အနှစ် ၉၀ ဝန်းကျင် မငြိမ်းသတ်နိုင်သေးတဲ့ နိုင်ငံငယ်ရဲ့ မျိုးဆက်တိုင်းမှာ “ကိုယ့်ပတ်ဝန်းကျင် ချစ်ကြည်လင် တိုးတက်သာယာ ပျော်ရွှင် ရေး” ဆိုတာလောက်အတွက်တော့ တာဝန်ရှိကြသင့်တယ်လို့ ကျနော့် တကိုယ်ရည်အနေနဲ့ဖြစ်ဖြစ် ယူဆပါတယ်။
ဒီ အာဏာရှင်လူတန်းစားကို တွန်းလှန်ရတဲ့သမိုင်းဟာလည်း ဒီ နှစ်တရာဝန်းကျင်မှာ အဆိုးရွားဆုံး ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ဒီကိစ္စကိုတောင် ဒီအထိရောက်ခဲ့ပြီးနေရင် နောက်ကိစ္စတွေအတွက် လွဲမှားအယူအဆတွေ၊ ဘုံရပိုင်ခွင့်ကို ထိပါးမှုတွေအတွက် အကောင်းဆုံးလက်နက်ဟာ ‘မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ရေးနှင့် အခြားသူအား ဆန်းစစ်ဝေဖန်ရေး’ သာ ဖြစ်တယ်လို့လည်း တဆက်တည်း ကျနော့်အမြင်ကို တင်ပြလိုက်ပါတယ်။
ချစ်ခြင်းအကျိုး သယ်ပိုးနိုင်ကြပါစေ။
*ပြည်သူ – ဒေသခံလူထု၊ ဒေသအသီးသီး နိုင်ငံတကာတွင် ရောက်နေကြသော်လည်း မိမိဒေသ၊ ရောက်ရှိရာပတ်ဝန်းကျင်နှင့် ချိတ်ဆက် ထိကပ် စီးဆင်းနေကြသူများ၊ လူမှုဖွံ့ဖြိုးမှု ဖူလုံရေးလုပ်ငန်းများ ကိုယ်တိုင်လုပ်ကိုင်နေသူများ၊ မျိုးစိတ်တူ လူအချင်းချင်း ကပ်ပါးစားသုံးခြင်း မပြုလုပ်သူများနှင့် လွတ်လပ်စွာ သဘောကွဲလွဲကြပြီး တူတာတွဲ မတူတာ ခွဲလုပ်ကိုင်ကြသူများ။
ကိုးကား –
နိုင်ငံရေးနှင့်ပြည်သူ – ဗဩ
ပြည်ချစ်ဝါဒအလံကို ကြံ့ကြံ့ခိုင်ခိုင် စွဲကိုင်ကြ – ရဲဘော်စိုးသိမ်း
မြေဆွေး – အောင်ခင်မြင့်
About The Call 611 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*