◼️ငွေကြယ်စင်
အဲဒီလိုစာတန်းကို အရင်က သတင်းစာတွေထဲ ခဏခဏဖတ်ရတယ်။ နောက်ပိုင်းတော့ အဆင့်မြင်လာတယ် ပြောရမလားပဲ၊ ငါတို့အရိုး စည်းရိုးထိုးမည်တို့ဘာတို့ပေါ့။ အိမ်နီးချင်းနိုင်ငံတွေဖြစ်ရဲ့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေ မြန်မာပြည်ထဲ စီးပွားရေးတွေ ဝင်လုပ်ကြတဲ့အခါ အားလုံးက စိုးရိမ်တကြီး ဖြစ်ကြရတယ်။
ဖြစ်လည်း ဖြစ်လောက်တာပေါ့၊ မန်းလေးလို မြို့ကြီးတွေမှာ ပိုသိသာတယ်။ မြို့လယ်ခေါင်ကနေ တရုတ်တွေလက်ထဲ ခြံတွေရောင်းပြီး ဆင်ခြေဖုံးဘက် ရွှေ့နေကြရတဲ့ မြန်မာတွေ အများသားမဟုတ်လား။
မျိုးချစ်ဘုန်းကြီးတွေ စိတ်ပူတာကတမျိုး။ သူတို့က တရုတ်ထက် အိန္ဒိယကို ပို အားသန်တယ်။ ထူးခြားတာက နိူင်ငံရေး စီးပွားရေးဆိုတာထက် သူတို့နဲ့ ဘာမှမဆိုငိသော အိမ်ထောင်သားမွေးကိစ္စတွေကို စိတ်ပူနေကြတာ၊ အံ့လည်း အံ့ဩမိရတယ်။ မြန်မာမိန်းကလေးတွေ နိုင်ငံခြားသားနဲ့ရမှာ သူတို့ စိတ်အပူဆုံးပဲ။
အဲဒါတွေကိုကြည့်ပြီး ထိုင်းလူမျိုးတွေဘက်ကို လှမ်းကြည့်မိတယ်။ ပုံမှန်အားဖြင့် နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ မြန်မာဦးရေဟာ အင်မတန်များတာ အရင်ထဲက ဆိုပါတော့။ ခုအခြေအနေမှာတော့ ချင်းမိုင်တို့၊ ဘန်ကောက်တို့မှာ မြန်မာတွေ အလုံးအရင်းနဲ့ရှိနေကြပြီ။ မြန်မာတွေ ဝယ်လိုက်ကြတဲ့အိမ်တွေလည်း မနည်းမနော။
ကိုယ်တွေသာ ထိုင်းစကားမတတ်ရှိရမယ်၊ ဟဲ့ခွေး သွားစမ်းလို့မောင်းရင် ထိုင်းကခွေးတွေ နားလည်ကုန်ပြီ။ ထိုင်းက မက်ခရိုကုန်တိုက်ရှေ့ အဝင်အတွက် တွေမှာ ဝင်ပေါက် ထွက်ပေါက်ဆိုတာကို မြန်မာဘာသာနဲ့ ရေးထားနေကြပြီ။
ဘန်ကောက်က စာသင်ကျောင်းတခုမှာတောင် ထိုင်းနိုင်ငံတော်သီချင်းဆိုပြီး တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ အစချီတဲ့ မြန်မာနိုင်ငံတော်သီချင်း ဆိုနေတဲ့ ဗီဲဒီယိုလေး တက်လာသေးတယ်။ အမတော်မြနန်းနွယ်တို့၊ ဘိုးတော်အောင်မင်းခေါင်တို့လည်း ရောက်နေပြီ။ နောက်ထပ်ရောက်လာကြမယ့် အရိပ်အယောင်တွေလည်း ရှိနေဆဲပဲ။
ထိုင်းကလူတွေ မကြောက်ကြဘူးလား တွေးမိတယ်။ ထိုင်းကဘုန်းကြီးတွေ ငါတို့အရိုး စည်းရိုး မထိုးကြဘူးလား။ ထိုင်းတွေမှာ မျိုးချစ်စိတ်များ မရှိရော့လေသလား။
ဒါကိုကြည့်ရင် ဘာတွေကွာခြားနေသလဲ။ ကွာတာပေါ့ … ပြည်သူအချင်းချင်းပဲကြည့်ကြည့်၊ အစိုးရအချင်းချင်းပဲကြည့်ကြည့် အတွေးတွေ မတူကြဘူး။
မြန်မာတွေက နိုင်ငံခြားသားကိုမြင်ရင် အထင်ကြီးတဲ့သူရှိတယ်၊ ကြောက်တဲ့သူရှိတယ်။ အများစုကိုပြောတာပါ၊ ဘာမှမဖြစ်တဲ့သူလည်း ရှိတာပေါ့။ နိုင်ငံခြားသားဆိုတာနဲ့ အခွင့်အရေးပေးရတော့သလို ဖြစ်နေတာမျိုး။ ဒါမှမဟုတ်ရင် နှပ်ချမယ်၊ အခွင့်အရေးယူမယ် တပွဲထိုး လုပ်စားကြတာမျိုး။
ထိုင်းတွေက အေးဆေးပဲ၊ မြန်မာတွေက သူတို့ရဲ့ ငွေထုတ်စက်ပဲ။ ရသမျှ အကုန်ယူမှာပဲ။ ရေရှည်စီမံကိန်းနဲ့ကို စီးပွားရှာကြတာ။ ကျန်တာ ဘာမှမတွေး။ဒါက ပြည်သူအချင်းချင်း။
တာဝန်အရှိဆုံးက အစိုးရပေါ့။ အစိုးရရဲ့ပေါ်လစီ ဘယ်လမ်းကြောင်းသွားမှာလဲ၊ မူဝါဒကဘာလဲ၊ အဲဒါပေါ်မူတည်ပြီး ဥပဒေ ရေးဆွဲကြတာပေါ့။ နှစ်ဘက်လုံးကတော့ ဥပဒေရှိကြတာပဲ၊ ကွာတာက ဥပဒေအတိုင်း ဘယ်လောက် ဆောင်ရွက်သလဲပေါ် မူတည်ပြီး ကွာသွားတာ။
ထိုင်းက ဥပဒေအတိုင်းပဲ၊ အတိအကျ လုပ်တဲ့အခါကျတော့ ဘာက ကြောက်ဖို့လိုတော့မလဲ။ မြန်မာတွေဟာ ဘယ်တော့မှ သူတို့နိုင်ငံသားတယောက်လိုအခွင့်အရေးမရဘူး။ မြေပဲမျိုမျို လူပဲမျိုမျို ဥပဒေက အသက်ဝင်နေတာဆိုတော့ သူတို့ရဲ့တိုင်းပြည်က ဘယ်တော့မှ မနစ်နာပါဘူး။
ခုတော်လှန်ရေးရဲ့ နောက်ဆက်တွဲအနေနဲ့က ထိုင်းရဲတွေဟာ တိုက်တွေကားတွေနဲ့ ဟန်ကျလို့။ ‘ဝ’ စီးပွားရေး သမားတွေကလည်း အိမ်တွေ တလုံးပြီးတလုံးဆောက်လို့။ တော်လှန်ရေး အဓွန့်ရှည်ပါစေလို့တောင် ဆုတောင်းကြမှာ။
မြန်မာမှာလည်း ဥပဒေရှိတာပေါ့၊ ဘယ်တုံးကမှ အသက်ဝင်လေ့မရှိတဲ့ လိုရာဆွဲဥပဒေတွေနဲ့ပဲဆိုတော့ အခွင့်အရေးမှန်သမျှက နိုင်ငံခြားသားနဲ့ အာဏာရှင် ခေါင်းဆောင်ဆိုသူတွေပဲ ရယူသွားကြတာပဲ။
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ယဉ်ကျေးမှု ကိုယ့်သယံဇာတတွေကို ပြည်သူကပဲ မနိုင့်တနိုင် ခွန်အားလေးနဲ့ ကာကွယ်ကြရတာ။ ခုတော့ ထိုင်းတနိုင်ငံလုံးမှာ မြန်မာစာတွေ ဘယ်လိုရေးထား ရေးထား မြန်မာလူမျိုးတွေ ဘယ်လောက်များများ ထိုင်းကတော့ ပန်းပန်လျက်ပါပဲ။
Be the first to comment