နွေဦးစင်ရော်
အများကြိုက် အနုပညာအပေါ် ခုံမင် ညွှတ်နူးကြလေ့ရှိတဲ့ ကျနော်တို့ရဲ့ လူအုပ်ကြီးဟာ မကြာခနဆိုသလို အသည်းကွဲနေကြရတယ်။ အထူးသဖြင့် လူသိများ ထင်ရှားကြတဲ့ ဆယ်လီဘရစ်များအပေါ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အနုပညာသမားများအပေါ်မှာပေါ့။ ဒါက ဘာကြောင့်လဲလို့ဆိုရင် ဘယ်လို အဖြစ်အပျက် အခြေအနေကိုမဆို ဉာဏ်နဲ့ယှဥ်မတွေးတတ်ဘဲ သံယောဇဥ်နဲ့ပဲ favor ပေးလိုတဲ့ စိတ်အခံကြောင့်လို့ပဲ စွပ်စွဲပြောချင်ပါတယ်။ သည်တော့ “ချစ် လုံးလုံး၊ မုန်းလျားလျား” ဆိုတာချည်း ဖြစ်ကြရတယ်။ နာကျင်ခံခက်ဖြစ်ကာ အကြီးအကျယ် အသည်းကွဲကြရတယ်။
ဒီနေရာမှာ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ပန်းချီ၊ ပန်းပု ဆိုပြီး အနုပညာ ၆ မျိုးရဲ့ ကွဲပြားခြားနားမှုကို နည်းနည်း ပြောပြချင်ပါတယ်။ လူတိုင်း အလွယ်တကူ နားလည်အောင်ပြောရရင် ဂီတ၊ ရုပ်ရှင်၊ သဘင် ဆိုတာက လူလုံးထွက်ပြရတဲ့ အနုပညာအမျိုးအစားဖြစ်ပြီး ပရိသတ်ရဲ့အားကို အဓိက ယူရပါတယ်။ စာပေ၊ ပန်းချီ၊ ပန်းပု ဆိုတာကတော့ လူလုံးထွက်ပြစရာမလိုတဲ့ တကိုယ်တည်း မိမိ ယူဆ တွေးခေါ် ခံစားရမှုကို ဖော်ပြရတာမျိုးဖြစ်ပြီး ပရိသတ်အားကို အထူး ဂရုမပြုတတ်ကြပါဘူး။ တနည်း လှည့်ပြောရရင် ထင်ပေါ်ကျော်ကြားမှုဆီ ဦးတည်တဲ့ အနုပညာနဲ့ မိမိ ယူဆတွေးခေါ်ချက်ကို ဦးတည်တဲ့ အနုပညာလို့ ဆိုရပါမယ်။
ဂီတ၊ ရုပ်ရှင်၊ သဘင် ဆိုတာက လူအုပ်ကြီးနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရပြီး ကျော်ကြားမှု ဂုဏ်သိန်ကော ငွေကြေးဓနကော အကျိုးအမြတ် များပါတယ်။ ဆိုင်ရာ အနုပညာသမားရဲ့ အောင်မြင်မှုရဖို့ ကြိုးစားအားထုတ်ကြတဲ့ အပိုင်းကို ထည့်မပြောလိုပါဘူး။ ဒါကတော့ အနုပညာခြောက်ပါးလုံးမှာ ဘယ်အနုပညာအလုပ်ကိုပဲ ဝါသနာပါပါ ထည့်ဝင် သယ်ပိုး ဖြည့်ဆည်းရမယ့် အကျင့်အကြံတွေကတော့ တန်းတူ ပေးဆပ် ရင်းနှီးကြရတာချည်းမို့ပါ။ ဂီတ၊ ရုပ်ရှင်၊ သဘင် ဆိုတဲ့ သရုပ်ဆောင်မှုအနုပညာနဲ့ ထင်ပေါ်ကျော်ကြားလာလျှင်လည်း အကျိုးအမြတ်ကြီးကြသလို ပရိသတ်လူအုပ်ကြီးကလည်း သည်းသည်းလှုပ် ကြပါတယ်။ ဖြစ်မြဲသဘောလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဘယ်အရာမဆို ချင့်ချိန် တွေးဆ ဆင်ခြင်မှုသဘောနဲ့ ချဥ်းကပ်သင့်တာကိုတော့ လူအုပ်ကြီးဟာ မေ့လျော့နေကြတယ်။ ကြုံဆုံလာရသမျှ အဖြစ်အပျက် တွေအပေါ် ဉာဏ်နဲ့ယှဥ်တွေးတတ်တဲ့ အလေ့အကျင့် နည်းပါးခဲ့ကြတယ်။ သွေးဆူလွယ်တတ်တဲ့ အလေ့အထကြီးကိုသာ နွားပိန်တွယ်သလို ဖက်တွယ်ရင်း ရှင်သန်ခဲ့ကြတယ်။ အဲသလို ဖြစ်နေအောင်လည်း ခေတ်ကြီးက စနစ်တကျ တွန်းပို့ခဲ့တာပါပဲ။
အများကြိုက် အနုပညာသည်များဟာလည်း မိမိရဲ့ ထင်ပေါ်ကျော်ကြားနေမှု အရှိန်အဟုန်နဲ့ ပရိသတ်လူအုပ်ကြီးထံက လက်ခုပ်သံကိုပဲ ယူလိုကြပါတယ်။ ပရိသတ်နောက် လိုက်တယ်လို့လည်း ဆိုကြပါတယ်။ ထို လူလုံးပြ အနုပညာအမျိုးအစားထဲမှာမှ ပရိသတ်နောက်မလိုက်ဘဲ မိမိဖန်တီးတဲ့ အနုပညာနောက် ပရိသတ်ကို ဆွဲခေါ်ကြတဲ့သူတွေလည်း ခြွင်းချက်အနေနဲ့ ရှိကြပါသေးတယ်။ ထိုသူမျိုးတွေမှာက သီးခြားတန်ဖိုးရှိကြတာကြောင့် ဒီအကြောင်းတော့ အခုပြောလိုတဲ့ထဲ ထည့်ပြောစရာမလိုလို့ မပြောတော့ပါဘူး။ အခုရေးမယ့် ဦးတည်ရာက လူအုပ်ကြီးရဲ့ အသည်းကွဲမှုတွေကို ဝေဖန်ချင်တာကြောင့်ပါ။
အများစုသော လူအုပ်ကြီးဟာ မိမိနှစ်သက်ပြီး ထင်ပေါ်ကျော်ကြားတဲ့ အနုပညာသမား တယောက်ယောက်ကို တခုခု အစွန်းအထင်းမျှ မခံလိုကြပါဘူး။ စင်းလုံးချော ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်စေချင်တတ်ကြတယ်။ ချစ်လုံးလုံး မုန်းလျားလျား ဆိုသလို ပြင်းထန် ပြတ်သားကြတဲ့ သဘောရှိတယ်။ လူ့သဘော သဘာဝ ဖြစ်တတ် ပျက်တတ် ပြောင်းလဲတတ်တာမျိုးကို သိပ် လက်မခံချင်တတ်ကြဘူး။ တွေးတွေးဆဆ ချင့်ချိန် ဝေဖန်ပြသူမျိုးကိုတောင် အပြစ် တင်ကြတဲ့ အခြေအနေထိ ရှိတယ်။ ဒါက အနုပညာခံစားခြင်းနဲ့ ဆက်နွယ်တဲ့အပိုင်း။
သူက ဟိုဘက်က ရပ်တယ်၊ ငါတို့က ဒီဘက်ရပ်တယ်ဆိုတဲ့ အမြင်သဘောမတူမှုဟာ ရုတ်တရက် အခုမှ ထဖြစ်တာမျိုးမဟုတ်ပါဘူး။ အခြေအနေအကြောင်းတရားတွေက ရှိနှင့်ကြပြီး ဖြစ်ပါတယ်။ မစွမ်းရင်းက ရှိ၊ ကန်စွန်းခင်း ငြိ ဆိုတဲ့အတိုင်း ရှိပြီးသားပါ။ လူအုပ်ကြီးကသာ ဘုမသိ ဘမသိ လူအုပ်ကြီးနောက် လိုက်မိပြီး ယူကြုံးမရ အသည်းကွဲနေကြတာသာ ဖြစ်ပါတယ်။
ထိုနည်းလည်းကောင်းပဲ လက်ရှိ မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံးဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးတွင်လည်း လူအုပ်ကြီးဟာ တချိန်ချိန်မှာ အကြီးအကျယ် အသည်းကွဲမှုဖြစ်ရပ်တွေ ကြုံလာရနိုင်ပါတယ်။ ကြုံခဲ့ရဖူးတာတွေလည်း တချို့တလေ ရှိခဲ့ဖူးပြီးသား ဖြစ်ပါတယ်။ လူအုပ်ကြီးဟာ ဖြစ်ရပ်တိုင်းအပေါ်မှာ လူအုပ်ကြီးနောက် အပ်ကျမတ်ကျ လိုက်ဖို့ချည်း အဆင်သင့် ဖြစ်မနေစေချင်ဘူး။ ထင်ပေါ်ကျော်ကြားသူရဲ့ နောက်လိုက်ချည်း မဖြစ်စေဘဲ ကျိုးကြောင်းဆင်ခြင်တတ်သူတွေ ကိုယ်တိုင် ဖြစ်ကြစေချင်ပါတယ်။ ဒီလိုပဲ အခြေအနေပေါ်မှာ လက်တွေ့ကျကျ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ သူတွေလည်း ခေါင်းဆောင်မှုနေရာကို ဝင်ရပ်ကြစေချင်ပါတယ်။ လူအုပ်ကြီးရဲ့ ဦးတည်ရာကို တည့်မတ်ပေးနိုင်မယ့်သူမျိုးပေါ့။ အဲဒီသူဟာ ခင်ဗျားကိုယ်တိုင်လည်း ဖြစ်သွားနိုင်တာကို သတိပြုမိစေချင်ပါတယ်။
အလျဥ်းသင့်လို့ အာဏာသိမ်းခါစ အစောပိုင်း သံပုံးစတီးကြတဲ့ ရက်တချို့မှာ ကြုံရတာကို ပြန်ပြောပြချင်ပါတယ်။ သံပုံးတီးကြရင်း တညသားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ကြောင်း ကောလာဟလသတင်းတွေ ပြန့်လွင့်လာတယ်။ ရန်ကုန်မြို့ရဲ့ နေရာဒေသအသီးသီးက လူအုပ်ကြီးဟာ လမ်းမတွေပေါ်ထွက်ကာ အုတ်အော်သောင်းတင်း ဖြစ်ကြတယ်။ စဥ်းစားချင့်ချိန်တတ်ကြသူတချို့ရဲ့ ဖြစ်နိုင်ခြေမရှိကြောင်း ရှင်းပြချက်ဟာ နားမပေါက်ခဲ့ပါဘူး။ လူအုပ်ကြီးဟာ သူတို့မျှော်လင့်တာပဲ အတိအကျ ဖြစ်ချင် လိုချင်ကြတယ်။ ကျိုးကြောင်းဆင်ခြင်မှုဟာ သူတို့အတွက် ရန်သူပဲ။ ထိုနေ့က အမှန် တကယ် အဖြစ်အပျက်က စီအီးစီတယောက်ဖြစ်တဲ့ ဒေါ်မေဝင်းမြင့်ကို ပြန်လွှတ်ပေးလိုက်တယ်၊ ဒေါ်မေဝင်းမြင့်က ဖေ့စ်ဘုတ်မှာ သူ့ကိုပဲ လွှတ်ပေးတာကို ရိုးရိုးမတင်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ တွဲရိုက်ထားတဲ့ ဓါတ်ပုံဟောင်းကို တင်လိုက်တယ်။ အဲသမှာ လူအုပ်ကြီးဟာ အုန်းအုန်းကျွက်ကျွက် ဆူကုန် တော့တာ ဖြစ်တယ်။
လူအုပ်ကြီးနဲ့ ခွာကာ ခနရပ် စဥ်းစားချင့်တွက်ကြတဲ့ အလေ့အကျင့်ကောင်းတွေ ရှိစေချင်တာပါ။ ဒါမှလည်း ကျနော်တို့ လူ့အဖွဲ့အစည်းက ပိုကောင်းတဲ့အရွေ့နဲ့ ကြုံနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကျနော်တို့ရဲ့ လူအုပ်ကြီးဟာ အသည်းကွဲမှု ဇာတ်လမ်းတွေကြားမှာ နစ်သထက် နစ်မွန်းရင်း နှစ်ကာလတွေ ရင့်အိုရုံသက်သက်မျှသာ ကြုံကြရပေလိမ့်မယ်လို့ အသိပေးလိုက်ချင်ပါတယ်။
နောက်တချက် ပြောလိုတာ ရှိပါသေးတယ်။ နိုင်ငံရေးမှာဖြစ်ဖြစ်၊ အနုပညာရေးမှာဖြစ်ဖြစ် ဦးဆောင်တဲ့ ဌာနန္တရမျိုးမှာ ရှိသူတွေကိုပါ။ လူ့အဖွဲ့အစည်းတရပ်ရဲ့ အပြောင်းအရွေ့ အလှည့်အပြောင်းဟာ ကားတစီးရဲ့ အရေးပါဆုံးနေရာက ထိုင်နေတဲ့ ကားစတီယာရင် ကိုင်ထားသူတွေလို အရေးကြီးပါတယ်။ လမ်းခရီးရဲ့ အချိုးအကွေ့ အမတ်အစောက်တွေနဲ့ တွေ့ရင် စတီယာရင်ကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ဖို့ပါပဲ။ စတီယာရင်ကိုင်သူရဲ့ အမှားကြောင့်လည်း ချောက်ကမ်းပါးထဲ လုံးလုံး ထိုးကျသွားနိုင်ပါတယ်။
ဒါတွင်မက မကြာမတင် ကာလတခု၌ နိုင်ငံရေးစင်မြင့်ထက်မှာ လူအုပ်ကြီးရဲ့ အသည်းကွဲမှုတွေ ကြုံလာရနိုင်တာကိုလည်း သတိချပ်ထားဖို့ လိုပါတယ်။ သို့မို့ကြောင့် ဟန်ဒယ် သို့မဟုတ် စတီယာရင် ကိုင်ထားကြသူတွေဟာ လက်ခုပ်သံတွေနောက်ကိုချည်း လိုက်မနေဘဲ၊ လက်ခုပ်သံတွေ ရရုံမျှလောက်နဲ့ ကျေနပ်မနေသင့်ဘဲ ရင်ထဲက လှိုက်တက်လာတဲ့ လက်ခုပ်သံအစစ်တွေ အလိုအလျောက်ထွက်လာအောင် ဦးဆောင်မှုပေးနိုင်ကြဖို့ မျှော်လင့်နေပါကြောင်း မမေ့နိုင်တဲ့ ဒဏ်ရာတွေကြားကနေ တိုက်တွန်းလိုက်ရပါတယ်။
Be the first to comment