
“လေထဲပျံနိုင်တာကိုသဘောကျတယ် ဒါပေမယ့်”

ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။ ကျမလက်တွေကို ဆန့်တန်းထားရုံပဲ။ ကျမ လေထဲပျံချင်လာတယ်။ မေမေကပြောတယ် အဲ့သည်လေယာဥ်ပျံကြီးထဲမှာ လူတွေရှိတယ်တဲ့။ ဒါဆို အဲ့သည်လူတွေ ပျံနေကြတာပဲလို့ ကျမတွေးမိသွားတယ်။ လေထဲပျံချင်တယ် မေမေရယ်။
ကျမလေ လေယာဥ်ပျံသံတွေကြားရင် ရောက်တဲ့နေရာမှာ လုပ်လက်စအရာတွေကိုရပ်ထားပြီး ကောင်းကင်ပြင်ကို အပြေးလေးသွား ငေးမော့ကြည့်ရတာအမောပဲ။ ကျမတနေ့ ပျံနိုင်ရမယ်လို့လည်း တွေးတယ်။ လေယာဥ်ပျံကြီးတွေ နိမ့်နိမ့်ပျံလာရင် ကျမရဲ့အတွေးတွေကိုသိလို့များ ကျမကိုလာခေါ်တာလားလို့ စိတ်ကူးယဥ်မိတယ်။ ဖေဖေက ကျမကို လေယာဥ်ပျံအရုပ်လေးဝယ်ပေးတယ်။ ကျမလက်ထဲမှာ သူက လှလှလေးပျံသန်းနေတတ်တယ်။
ကျမအသက် ၁၀ နှစ်လောက်မှာ ကျမအိပ်မက်တခုကို မက်တယ်။ အိပ်မက်ထဲမှာ လေယာဥ်ပျံကြီးတစင်းက ကျမတို့အိမ်ရှေ့ကို ဆင်းသက်လာပြီး ကျမကိုလာခေါ်တာတဲ့။ ကျမလေ ပျော်လိုက်တာအရမ်းပဲ။ လေယာဥ်ပျံပေါ်ကို ကျမတက်လိုက်သွားလိုက်တယ်။ အဲ့သည်လေယာဥ်ပျံထဲမှာ ကျမလက်တွေကို ဖြန့်တန်းထားလို့၊ ကျမကိုယ်လေးကို ကွေ့ဝိုက်လို့။ သစ်ပင်တွေကိုရှောင်ကွင်းရင်း ငှက်ကလေးတွေကို နှုတ်ဆက်ရင်း ကျမ မြေပြင်ပေါ်ကိုတောင်ပြန်ဆင်းမလာချင်ဘူးတဲ့။ အဲ့သည်နောက်မှာ ကောင်လေးတယောက်လွှတ်တဲ့ စွန်တခုရဲ့ကြိုးနဲ့ ကျမရစ်မိသွားတယ်။ ကျမရုန်းရင်းဖယ်ရင်းနဲ့ အိပ်မက်ကနိုးသွားတယ်။
ကျမအသက် ၁၆ နှစ်မှာတော့ ကျမ လေယာဥ်ပျံတွေအကြောင်းသိလာပြီ။ လေယာဥ်ဆိုတာ မောင်းနှင်ရတယ်ဆိုတာကိုသိလာပြီ။ ကျမ လေယာဥ်တွေကို မကြိုက်ချင်တော့ဘူး။ ကျမက ပျံသန်းချင်တာ။ မောင်းနှင်ချင်တာမဟုတ်ဘူးလေ။ ငှက်ကလေးတွေကိုပဲ ပြန်သဘောကျလာမိတယ်။ သူတို့က ကိုယ်တိုင်ပျံဝဲနိုင်တာမလို့လေ။ ကျမ ဖေဖေ့ကိုပြောပြတော့ ဖေဖေကပြုံးတယ်။ လူဆိုတာ လေထဲပျံဝဲနိုင်တဲ့ သတ္တဝါမဟုတ်ဘူးလေသမီးရဲ့၊ အဲ့သည်တော့ လေထဲပျံဝဲနိုင်တဲ့အရာတွေကို တီထွင်ပြီးတော့ လေပေါ်သွားလာနိုင်အောင် ကြိုးစားကြတာပေါ့ တဲ့။ မကြိုက်ပါဘူး တီထွင်မယ့် တီထွင် လူကိုယ်တိုင်ပျံနိုင်အောင် ကြိုးစားတီထွင်ရမှာပေါ့။
ကျမ အသက် ၁၈ နှစ်မှာ ကျမ ပညာရှင်တယောက်ဖြစ်ချင်လာတယ်။ ကျမ လူကိုယ်တိုင်လေထဲပျံနိုင်တဲ့အရာတခုကို ဖန်တီးမယ်။ အဲ့သည်အရာက လူတယောက်ကို ငှက်တကောင်လို ခံစားသွားစေနိုင်မယ့်အရာ။ ကျမ စိတ်ကူးထဲမှာ ကျမအမြဲပျံသန်းနေတယ်။ ကျမတို့ရွာမှာ ကျမကိုသူငယ်ချင်းတွေက အရူးမ လို့ နာမည်ပြောင်ခေါ်ကြတယ်။ သူတို့ကျောင်းဆင်းကျောင်းပြန်ချိန်တွေမှာ ကျမလက်တွေကိုဖြန့်ကားလို့ ခြံဝန်းထဲပြေးလွှားနေတတ်တာကို သူတို့မြင်ကြတယ်လေ။ ကျမ ၅ တန်းတည်းက ကျောင်းဆက်မတက်ရတော့ဘူး။ ကျမကအဲ့သည်ကျောင်းစာကို ဆက်ပြီးသင်ကြားနိုင်တဲ့ ဉာဏ်ရည်မရှိလို့ လို့တော့ သူငယ်ချင်းတွေကပြောကြတယ်။ ကျမ နားမလည်ပါဘူး၊ ကျမ မေးခွန်းတွေအများကြီးမေးလို့ ဆရာမတွေက မတက်ခိုင်းတော့တာနေမှာလို့ ထင်တာပဲ။
နောက်ပိုင်းမှာ ကျမသူငယ်ချင်းတွေလည်း ကျောင်းမနေရတော့ဘူး။ ကျမတို့ရွာထဲလည်း လူကြီးတွေ လူငယ်တွေ ရှုပ်ရှုပ် ရှုပ်ရှုပ်နဲ့ ရှိတယ်။ ကျမ ဖေဖေ့ကိုမေးတော့လည်း ဖေဖေက လူညစ်ပတ်တွေရှိလို့ သန့်ရှင်းရေးလုပ်ရမယ် ဆိုတာကိုပြောတယ်။ ဘယ်လိုသန့်ရှင်းရေးလုပ်ရမှာလဲ သမီးလည်းလုပ်ပေးမယ်လေ ဆိုတော့ ဖေဖေက သမီးရဲ့လက်တွေကို ညစ်ပေတာတွေကူးလိမ့်မယ် ဖေဖေလုပ်လိုက်ပါ့မယ် သမီးကမေမေနဲ့ အတူတူနေခဲ့ရမယ်လို့ပြောတယ်။ နောက်နှစ်ရက်နေတော့ ဖေဖေအိမ်က ထွက်သွားတယ်။
ဖေဖေထွက်သွားတာ ၄ နှစ်ရှိပြီ။ ဖေဖေက အခုထိပြန်မလာသေးဘူး။ ဖေဖေ့အသံမကြားရတာလည်း တနှစ်ကျော်သွားပြီ။ လူညစ်တွေက ဘယ်လောက်များလို့ ဖေဖေက အခုထိသန့်ရှင်းရေးလုပ်နေရတာလဲ ကျမ မသိဘူး။ ကျမသိတာ ကျမ အေးအေးမနေရတော့တာပဲ။ ကျမအိမ်မှာလည်း မနေရတော့ဘူး။ ကျမခြံဝန်းထဲလည်း ပြေးလွှားပျံသန်းလို့မရတော့ဘူး။ ကျမတို့ရွာလေးလည်း မရှိတော့ဘူးလို့မေမေကပြောတယ်။ ဘယ်တုန်းကလည်းဆို ညဘက်ကြီး ဆူဆူညံညံအသံတွေနဲ့ မေမေကလက်ဆွဲပြေးလို့ လိုက်ခဲ့ရကတည်းက တဲ့။ အဲ့သည်တုန်းကဆို ကျမလက်ထဲ ဖေဖေဝယ်ပေးခဲ့တဲ့လေယာဥ်ပျံအရုပ်ကလေးပဲ ပါလာခဲ့တယ်။ ကျမအိပ်မက်ကလေးကိုတောင် ကျမအေးအေးဆေးဆေးမမက်ရတော့ဘူး။ တချိန်က ကျမသဘောကျဖူးတဲ့ လေယာဥ်တွေကိုလည်း မေမေကကြောက်တယ်တဲ့။ ကျမကတော့ မကြိုက်ချင်တော့ရုံပဲလေ။ မေမေကပြောတယ် အဲ့သည်လေယာဥ်တွေက ကျမတို့ကို နာကျင်ကြေကွဲစရာတွေပေးတယ်တဲ့။ မေမေက ကျမကို အပြင်ကိုသိပ်ပေးမထွက်ဘူး။ လေယာဥ်တွေကိုလည်း ပေးမကြည့်ဘူး။ ကျမလည်း သိပ်ပြီးတော့ မကြည့်ချင်ပါဘူး။ ကျမကြည့်ချင်တာ ငှက်ကလေးတွေပဲ။
ည၈နာရီလောက်မှာ လေယာဥ်တစီး ကျမတို့နေတဲ့နေရာအပေါ်ကို ပျံလာတယ်။ အရင်ကလည်းပျံနေကျပေမယ့် ဒီလောက်နီးနီးကပ်ကပ် ကျယ်ကျယ်လောင်လောင်တော့ မဟုတ်ဘူး။ ကျမ စိတ်ဝင်စားသွားတယ်။ ကျမအသက် ၁၀ နှစ်လောက်က အိပ်မက်ကို သတိရသွားတယ်။ ဒါနဲ့ကျွန်မ အပြင်ကိုပြေးထွက်သွားပြီး ငေးမော့ကြည့်လိုက်တယ်။ အဲ့သည်မှာ မီးရောင်ဝင်းဝင်းနဲ့အရာတွေ လေယာဥ်ပေါ်က ကြဲချပေးတယ်။
ကျမဝမ်းသာလိုက်တာလေ။ အဲ့သည်အရာက ကျမကို ကိုယ်တိုင်ပျံသန်းနိုင်အောင်ကူညီပေးတယ်။ အခုတောင် ကျွန်မပျံသန်းနေရပြီ။ လေထဲမှာ အရမ်းကို ပေါ့ပါးလို့။ ကျမ မေမေ့ကိုပြောပြရမယ်။ ကျမပျံနေတာကို မေမေမြင်ရင် အရမ်းပျော်မှာပဲ။ ကျမ ဘယ်လောက်တောင်ပျံသန်းမိသွားလည်းမသိတော့ဘူး။ ကျမ ရောက်နေတဲ့ကောင်ကင်ပြင်တနေရာကနေ မေ့မေ့ဆီ ထိုးဆင်းပျံလာခဲ့တယ်။ မေ့မေ့ဆီရောက်တော့ မေမေလေ ကျမရဲ့ လေယာဥ်ပျံအရုပ်လေးကိုကိုင်ပြီး အရမ်းကို ငိုနေတယ်။ ကျမ မေ့မေ့ကိုခေါ်တယ်။ မေမေမကြားဘူး။ မေ့မေ့ရှေ့မှာ ကျမရပ်ပြတယ်။ မေမေ မမြင်ဘူး။ ဘာတွေဖြစ်နေတာလဲ ကျမနားမလည်ဘူး။ ကျမနေခဲ့တဲ့နေရာလေးထဲ ပြေးဝင်သွားတယ်။
အဲ့သည်မှာလေ ကျမဓာတ်ပုံလေးကို ပန်းအိုးတလုံးရှေ့မှာ ထောင်ထားတာ တွေ့ရတယ်။ ကျမ အံ့သြသွားတယ်။ ကျမအဖွား တနေရာရာကို ထွက်သွားတုန်းကလည်း မေမေက အဲ့သည်လိုလေးထားတာမြင်ဖူးတယ်။ အဲ့သည်နောက်ပိုင်း အဖွားကို တခါမှမမြင်ရတော့ဘူး။ ဖေဖေကတော့ အဖွားကဆုံးသွားတာလို့ပြောတယ်။ ဆုံးသွားတယ်ဆိုတာ ေ.သတာတဲ့။ အခုလည်း မေမေက ကျမပုံကို အဲ့သည်လိုလုပ်ထားတယ်။ ကျမကိုလည်း မေမေကမမြင်ရဘူး။ ကျမတနေရာရာကို အပြီးတိုင်ထွက်ခွာခဲ့ပြီလား။ ဟင့်အင်း ကျမပြန်လာတယ်လေ။ ကျမ ခဏလောက်ပျံသွားရုံပဲ။ ကျမပျံသန်းရတာကို သဘောကျမိရုံလေးပဲလေ။ အဲ့သည်လိုပျံသန်းရဖို့အတွက် ကျမက ဒီလိုပျောက်ကွယ်ပေးရတာလား။ ကျမ မသိတော့ဘူး။ ကျမလေထဲပျံဝဲရတာကိုတော့ သဘောကျပါတယ်၊ ဒါပေမယ့် ဒီလိုမျိုးတော့ ပျံသန်းမသွားချင်ဘူး မေမေရယ်။
သမီးကိုပြန်မြင်ပါတော့ မေမေက မပျံနဲ့ဆို သမီး မပျံတော့ပါဘူး။
Be the first to comment