
“လေယာဉ်ထရော်မာ”

အဲ့ဒိနေ့ ညနေပိုင်းက အရက်ဘူးလေးထောင်ပြီး ပြောင်သားခြောက်ကြော်နဲ့ မြည်းဖို့လုပ်နေတဲ့အချိန်ပေါ့။ တော်လှန် ရေး အစပိုင်းကာလ တောထဲရောက်ခါစ။ အတူနေ တော်လှန်ရေး ရဲဘော်ရဲဘက်နှစ်ယောက်နဲ့ အေးအေးလူလူ တခွက်စီလောက် သောက်ပြီးချိန် ညနေက အမှောင်ဘက်ကူးလာလို့ ဖယောင်းတိုင်မီးတတိုင် ထွန်းပြီးစ။ အရှေ့တောင်အရပ်ဘက်ကနေ အသံတခု စကြားလိုက်ရတယ်။ ကြားနေကျ အသံမျိုးမဟုတ်။ စက္ကန့်ပိုင်းအတွင်း တိုးရာကနေ ကျယ်ကျယ်လာတယ်။ သုံးယောက်သား အချင်းချင်းကြည့်ပြီး ခနကြောင်သွားကြတယ်။ အသံတော်တော်ကျယ်ပြီး နီးလာတဲ့အချိန်မှာ ကျနော်ကစ အသိဝင်ပြီး အော်လိုက်တယ်၊ “လေယာဉ်” “လေယာဉ်”။
တောထဲကို စရောက်စမှာ လေယာဉ်အန္တရာယ်ကို သိပ်မကြောက်တတ်ခဲ့ဘူး။ တကယ်မကြုံတွေ့ဖူးလို့၊ မခံစားဖူးလို့ပေါ့။ ကိုယ်တွေထက် အတွေ့အကြုံအများကြီးရင့်တဲ့ ERO ရဲဘော်တွေ တပ်မှူးတွေကတော့ လေယာဉ်အန္တရာယ်ကို အမြဲတမ်း သတိပေးကြတယ်။ တချို့ရဲဘော်တွေဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောတယ်၊ တိုက်ပွဲမှာ ဘာမှမကြောက်ဘူး၊ လေယာဉ်တော့ ကြောက်တယ်တဲ့။ တယောက်ဆိုရင် “လေယာဉ်သံကြားရင် ပုရွက်ဆိတ်လို သေးသေးလေးပဲ ဖြစ်ပြီး မြေကြီးထဲ ကျုံ့ဝင်သွားချင်တော့တယ်” တဲ့။ သူတို့ပြောတုန်းကတော့ စိတ်ထဲမှာ ဘယ်လိုမှမနေခဲ့ဘူး။ ခေါင်းထဲမှာတော့ အသိကစွဲခဲ့ပါတယ်။ စဉ်းစားဆင်ခြင်ဉာဏ်နဲ့ အသိစိတ်မှာ လေယာဉ်အန္တရာယ်နဲ့ ခြိမ်းခြောက်မှုကို ထည့်ထားခဲ့တယ်။ သို့သော်လည်း ရိုးရိုးသားသား ဝန်ခံရရင် စိတ်ထဲမှာတော့ သိပ်မစိုးရိမ်မိခဲ့ဘူး။ တနည်းအားဖြင့် ကြောက်ရွံ့တဲ့ခံစားချက် မဝင်မိခဲ့ဘူး။ တောထဲစရောက်ပြီး တလလောက်အထိကလည်း MAP လို့ခေါ်တဲ့ ကင်းထောက်လေယာဉ်ဝဲတာလောက်ပဲ ကြုံနေရတာ။ ကင်းထောက်လေယာဉ်ဆိုတာ အမြင့်ကြီးကနေ နာရီနဲ့ချီအောင် ပတ်ပျံနေတဲ့ အသံသေးသေးနဲ့ကောင်။ ဒါ့ကြောင့်လည်း လေယာဉ်ဆိုတာ ဒါလောက်ပဲလို့ ထင်ခဲ့တာ။
အဲ့ဒီနေ့ကျမှ ပထမဆုံး နဖူးတွေ့ဒူးတွေ့ အတွေ့အကြုံကို စရတော့တာပဲ။ “လေယာဉ်” “လေယာဉ်” လို့ အော်လိုက် တဲ့အချိန်မှာပဲ ဂျက်ဖိုက်တာအသံက တော်တော်ကျယ်လာနေပြီး ကိုယ့်ဆီကို တည့်တည့်လာနေတဲ့အသံမှန်း သိလိုက် ကြတယ်။ ရင်ထဲမှာ “ဒိန်း” ဆိုပြီး နှလုံးကဆောင့်ခုန်လာတာကို ခံစားလိုက်ရတယ်။ ခေါင်းနပမ်းကြီးတယ်ဆိုတာကို အသက်အစိတ်ကျော်မှ အပြည့်အဝဆုံး ခံစားလိုက်ရတယ်။ သုံးယောက်သား ချက်ချင်း ပြေးဖို့ ပုန်းဖို့ကို ကပြာကယာကြိုးပမ်းကြတယ်။ ကျနော်က ထွန်းထားတဲ့ ဖယောင်းတိုင်မီးကို မှုတ်လိုက်တယ်၊ ပြီးတော့ သုံးယောက်မှာ ကျနော်နဲ့ နောက်တယောက်က ဦးတည်ရာ တဘက်၊ ကျန်တယောက်က အခြားတဘက်ကို ပြေးထွက်ကြတယ်။ ဒီနေရာမှာ ကြံကြံဖန်ဖန် ရယ်စရာတကွက်က အခြားတဘက်ကို ပြေးထွက်သွားတဲ့ တယောက်က သုံးလှမ်းလောက်ပြေးအပြီးမှာပဲ ပြန်လှည့်လာပြီး စားပွဲပေါ်က အရက်ဘူးကို ကောက်ပိုက်ပြီး ပြန်ပြေးတယ်။ ကျနော့်ခေါင်းထဲမှာတော့ ဘယ်နေရာမှာ ပုန်းရမလဲဆိုတာ ခေါင်းထဲမှာ စဉ်းစားချက်တွေ တဖျတ်ဖျတ်ပြေးနေတယ်။ လူကလည်း ဦးနှောက်ကို အမီလိုက်နိုင်နေပြီး တော်တော် သွက်သွက်လှုပ်ရှားလျက်သား ဖြစ်နေတယ်။ ဒါပေမယ့် တွေးမိတဲ့ နေရာတိုင်းကို စိတ်ထဲမှာ မလုံခြုံဘူးလို့ချည်း ခံစားနေရပြန်တယ်။ အဲ့ဒိတော့ လူက ဘာဖြစ်လဲဆိုရင် ဟိုပြေးလိုက် ဒီပြေးလိုက်လိုမျိုး ဖြစ်တာပေါ့။
ဒီမြင်ကွင်း (scene) မျိုးက ဘေးကနေ ထိုင်ကြည့်နေမယ်ဆိုရင် သေချာပေါက် ရယ်မိမှာပဲ။ ချာလီချက်ပလင် ရုပ်ရှင် ကားတွေထဲကလိုမျိုးပေါ့။ သို့သော် ကျနော်တို့မှာတော့ သေရေးရှင်ရေးဖြစ်နေတယ်။ အထက်ကပြောတာတွေ အားလုံးဟာ ကျနော့်စိတ်ထင် “လေယာဉ်” လို့ အော်လိုက်တဲ့အချိန်ကစပြီး ငါးစက္ကန့်လောက်အတွင်းမှာ ဖြစ်သွားတယ် ထင်တာပဲ။ ဒီလိုနဲ့ ကျနော်နဲ့ ဦးတည်ရာအတူပြေးတဲ့သူက “ကိုကူးပါး ဒီကိုလာ၊ ဒီကိုလာ” ဆိုပြီး ခေါ်တယ်။ ကျနော်လည်း သူခေါ်ရာကို ဒိုင်ဗင်ထိုးဝင်လိုက်တော့ ကတုတ်ကျင်းလည်းမဟုတ်၊ အကာကွယ်လည်းမဟုတ်ဘဲ တဲဘေးနားက ဒူးလောက်ရှိတဲ့ ပေါင်းပင် မြက်ပင်တောလေးဖြစ်နေတယ်။ ကျနော် စောစောက စဉ်းစားခဲ့တဲ့နေရာတွေထက်ကို ပိုပြီး မလုံခြုံတဲ့နေရာလေးပဲ။ သို့သော်လည်း လူ့စိတ်ဆိုတာကလည်း ဒီလိုရှိပုံရတယ်၊ မလုံခြုံပေမယ့်လည်း နှစ်ယောက်အတူဆိုတဲ့ ခံစားချက်လေးနဲ့ နည်းနည်းပိုပြီး နေလို့ကောင်းသွားသလိုပဲ။ အဲ့အချိန်မှာ လေယာဉ်ကလည်း တော်တော်ကြီးကို နီးလာတဲ့အသံဖြစ်နေပြီ၊ ထပြေးနေလို့လည်း မထူးတော့ဘူးဆိုတဲ့ အခြေအနေပေါ့။ ဒါ့ကြောင့် ကျနော်လည်း အဲ့နေရာမှာပဲ သူနဲ့အတူ ဝပ်နေလိုက်တယ်။
ဝပ်လိုက်ပြီး နှစ်စက္ကန့်လောက်ကြာတော့ လေယာဉ်က ကျနော်တို့ဆီ တည့်တည့်ကြီးကို စိုက်ဆင်းလာသလိုမျိုး “ရွှီး” ဆိုတဲ့ အသံရှည်ကြီးကို ကြားရတယ်။ အဲ့အသံကြီးကလည်း ကိုယ့်ခေါင်းပေါ်ကို နီးနီးလာတယ်။ တည့်တည့်မှ ကိုယ့်ငယ်ထိပ်ပေါ် တည့်တည့်ကြီးကို လာသလိုအသံကြီးပေပဲ။ ကြောက်စိတ်က ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်သမျှနေရာတိုင်းကို ပျံ့သွားတယ်။ သေခြင်းဟာ ကိုယ့်ဆီလာပြီ (နောက်တမျိုး)၊ သေခြင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရပြီ ဆိုတဲ့ခံစားချက်နဲ့ အတွေးကိုလည်း ဘဝမှာ အနီးစပ်ဆုံးရလိုက်တယ်။
အဲ့ဒီအချိန်မှာပဲ အတွေးထဲမှာ တပြိုင်နက်တည်းလား တခုပြီးတခုလားကို မသိရလောက်အောင် အများကြီးပေါ်လာတယ်။ ဘုရားတရားကိုမြင်တယ်၊ သေပြီးရင် ဘာဆက်ဖြစ်မလဲဆိုတဲ့ အတွေးလည်းဝင်တယ်။ နောက်ပြီး မိဘတွေကို ထင်ထင်ရှားရှားကြီးမြင်တယ်၊ ကိုယ်သေသွားရင် သူတို့ ဘယ်လိုခံစားရမလဲဆိုတာကို ခံစားမိတယ်၊ သူတို့ကို အဲ့ဒီခံစားချက် မရစေချင်လို့ ကိုယ်တိုင်လည်း မသေချင်သေးတဲ့စိတ် ဝင်လာတယ်၊ နောက် ကိုယ့်ညီအကိုမောင်နှမ မိသားစုဝင်တွေကိုမြင်တယ်၊ ကိုယ့်ဘဝတခုလုံးကိုလည်း ရုပ်ရှင်တွေထဲက flash back လိုမျိုး ပြန်မြင်ယောင်တာမျိုး မဟုတ်ပေမယ် တဘဝလုံးစာ အနှစ်ချုပ်ကို ခံစား၊ စားသုံးလိုက်ရသလိုမြင်တယ်။ ဒီအရာတွေအားလုံးကို ထားခဲ့ရတော့မယ့်အခြေအနေကို ခါးခါးသည်းသည်း ခံစားလိုက်ရတယ်။ နောက်ပြီး ဘဝမှာ လုပ်ဖို့ကျန်နေသေးတာတွေ လုပ်ချင်ဖြစ် ချင်တာတွေအတွက် ယူကြုံးမရစိတ်ကိုလည်း ခံစားရတယ်။ ဒါတွေက အတွေးထဲမှာဖြစ်နေတာ။ ပါးစပ်ကတော့ သမ္ဗုဒ္ဓေကို တိုးတိုးရွတ်နေမိတယ်။ ဒါကလည်း အပြည့်အစုံမရတော့ဘဲ အစပိုင်းနဲ့တင် မေ့နေသလိုနဲ့ ဆက်မတက်နိုင်ဘူး။ ခန္ဓာကိုယ်ကတော့ တကိုယ်လုံး တုန်နေတယ်။
လေယာဉ်က ကျနော်တို့အပေါ်တည့်တည့်ကနေ နိမ့်နိမ့်လေးပျံပြီး ဗုံးတော့ကြဲမသွားဘူး။ သူဖြတ်သွားပြီးတာနဲ့ ကျနော်တို့အားလုံး ပြောစရာမလိုဘဲသိတာက နောက်တပတ် ထပ်ပတ်လာဦးမယ်ဆိုတာပဲ။ ဒီအခါမှတော့ စိတ်က စောစောကနဲ့မတူ တော်တော်လေးကို သက်သာလုံခြုံပြီး ကိုယ့်ကံကြမ္မာ ကိုယ်ပြန်ထိန်းချုပ်နိုင်ပြီဆိုတဲ့ ခံစားချက်ကို ပြန်ရလာတယ်။ ဒီလိုနဲ့ပဲ လေယာဉ် နောက်တပတ် ပြန်ပတ်မလာခင်မှာ တကယ်လုံခြုံတဲ့နေရာကို အမှောင်ထဲမှာ ကတိုက်ကရိုက် ရောက်သွားဖြစ်ကြတော့တယ်။
ဒါကတော့ ကျနော့်ရဲ့ ဂျက်ဖိုက်တာနဲ့ သေခြင်း ပထမဆုံး အတွေ့အကြုံပါပဲ။ အဲ့ဒီနောက် သုံးနှစ်ခွဲကျော် တော်လှန်ရေးကာလမှာ လေယာဉ်ဗုံးကြဲခံရတဲ့ အတွေ့အကြုံတွေ အများအပြား ဆက်လက်ကြုံတွေခဲ့ရ ကြုံတွေ့နေဆဲပါပဲ။ နောက်ပိုင်းမှာတော့ အတွေ့အကြုံ များလာတာဖြစ်တဲ့အတွက် ပထမဆုံး အကြိမ်ကလောက်တော့ ဆိုးဆိုးဝါးဝါး မခံစားရတော့ဘူး။ သို့သော်လည်း လုံးလုံးမကြောက်တော့တာလည်း မဟုတ်ဘူးပေါ့။ အကြိမ်တိုင်း ကြောက်ရပါတယ်။ သို့သော်လည်း သေခြင်းနဲ့ပတ်သက်ရင် စိတ်လည်း တစုံတရာထားတတ်လာပြီလို့ ယူဆမိတယ်။ နောက်ပြီးလည်း လေယာဉ်ဗုံးရှောင်တာနဲ့ ပတ်သက်ပြီး နည်းစနစ်ပိုင်းဆိုင်ရာ အသိနဲ့ ကျွမ်းကျင်မှုလည်း နည်းနည်းပိုရလာတဲ့ သဘောပါမှာပေါ့။
ကျနော့်အတွက်တော့ လေယာဉ်ထရော်မာဟာ တော်လှန်ရေး ဒဏ်ရာတွေထဲက တခုအဖြစ် ရှိနေပြီဖြစ်တယ်။ အဝေးက ဆိုင်ကယ်သံ၊ ကားသံကြားရင်လည်း လေယာဉ်သံ ထင်နေတတ်တယ်။ ည အိပ်မောကျနေတဲ့အချိန်မှာတောင် ခပ်ဆင်ဆင်အသံကြားရရင် ဆတ်ကနဲ နိုးလာတတ်တယ်။ နေရာအသစ်တခုရောက်ရင် လေယာဉ်လာရင် ဘယ်နေရာကို ဝင်ပုန်းရမလဲဆိုတာမျိုး အလိုလို ကြိုကြည့်မိပြီးသား ဖြစ်လာတယ်။ လေယာဉ်လာရင် ပုန်းစရာ ကောင်းကောင်းမရှိနိုင်တဲ့ နေရာမျိုးတွေဆိုရင် စိတ်ထဲက ထင့်နေတယ်။ ဒါမျိုးတွေပေါ့။
ကျနော့်လိုပဲ ရဲဘော်ရဲဘက်တွေ၊ ပြည်သူတွေထဲမှာ လေယာဉ်ထရော်မာ ရှိနေမယ့်သူတွေလည်း များမှာပဲလို့ တွေးမိတယ်။ တချိန်ကျရင်တော့ ကျနော်တို့ရဲ့ လေယာဉ်ထရော်မာတွေ ပျောက်ကင်းနိုင်လောက်တဲ့ အခြေအနေကို ရောက် မယ်လို့ ယုံကြည်ပါတယ်။ ဒီအရာအတွက်ပဲ ကျနော်တို့တွေဟာ ဒီလမ်းကို လျှောက်ခဲ့ကြတာမလား။
၃၀-၁၀-၂၀၂၄
Be the first to comment