လွတ်မြောက်ခြင်းအစစ်အမှန်ဆိုတာ ဘာလဲ

ရဲ​ဘော် ​ကျောင်းဆရာ (ABSDF)

by The Call
0 views
‘လွတ်မြောက်ခြင်းအစစ်အမှန်ဆိုတာ ဘာလဲ’
◼️ရဲ​ဘော် ​ကျောင်းဆရာ (ABSDF)
“ကျ‌နော်တို့အတွက်ကတော့ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဖြစ်ပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်နိုင်ဖို့ ကျနော်တို့ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးကြပါ။ ဒီဒေသ လွတ်မြောက်ရေးကနေ မြန်မာတနိုင်ငံလုံး လွတ်မြောက်ရေးအတွက် ကျနော်တို့ရဲဘော်တွေက အသက်ကိုစွန့်လွှတ်ပြီး တိုက်ပွဲဝင်နေပါတယ်။ မိမိတို့လွတ်မြောက်ရေး၊ တတိုင်းပြည်လုံး လွတ်မြောက်ရေးအတွက် မိဘပြည်သူများအနေနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြပါ……………”
တော်လှန်ရေးရဲဘော်တဦးမှ ရွာသူရွာသားများရှေ့တွင် လက်သီးလက်မောင်းတန်းလျက် မာန်ပါပါ ဟောပြောစည်းရုံးနေခြင်းဖြစ်သည်။ ဒီနှစ်အတွင်း တော်လှန်ရေးရဲဘော်များသည် ၎င်းတို့ စိုးမိုးထိန်းချုပ်ထားသော ကျေးလက်ဒေသများအတွင်း စည်းရုံးဟောပြောပွဲများကို ယခင်ကထက်ပိုမို များပြားစွာ လုပ်ဆောင်လာကြသည်။
အကြောင်းအရင်းကတော့ ၎င်းတို့ စိုးမိုးထိန်းချုပ်ထားသော နယ်မြေအများစုတွင် တည်ငြိမ်နေသည်ဟုထင်ရသော ဒေသများ၊ တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် ဝေးကွာသောရွာများ၊ လယ်ယာစိုက်ပျိုး၊ စီးပွားကူးသန်း လုပ်ကိုင်လည်ပတ်နေနိုင်သော ရွာများရှိ ပြည်သူလူထုသည် တော်လှန်ရေးတွင် သွေးအေးနေကြပြီဟု ယူဆကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် NUG/MOD အောက်မှ ခရိုင်တပ်ရင်းများ၊ Local PDF များ၊ နာမည်အသီးသီး ခေါင်းစဉ်အဖုံဖုံနှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ကျေးရွာအုပ်ချုပ်ရေးများမှတဆင့် ရွာနေလူထုကို ဆင့်ခေါ်စုဝေးကာ တော်လှန်ရေးတရားများ ဟောပြောလေ့ရှိကြသည်။
ထိုသို့လာရာတွင်လည်း တော်လှန်ရေးအဖွဲ့အားလုံးစုစည်း၍ လာခြင်းမျိုးမဟုတ်ဘဲ တဖွဲ့ချင်းစီ တမျိုးချင်းစီ တနေ့ချင်းစီခွဲ၍ လာတတ်ကြသည်က များသည်။ ဟောပြောစည်းရုံးသည့်အခါတွင်လည်း ၎င်းတို့တပ်ရင်းတပ်ဖွဲ့များ အကြောင်း၊ တိုက်ပွဲများအကြောင်း၊ မူဝါဒများအကြောင်း၊ လိုအပ်ချက်များအကြောင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ပြောပြကာ ဟောပြောစည်းရုံးမှုများလုပ်ကြလေသည်။ ယခုလည်း ဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တခုမှ ရဲဘော်များ ကျနော်တို့ သာယာကုန်းကျေးရွာသို့ ရောက်လာကာ ရွာသူရွာသူများအား စုရုံးစေလျက် ဟောပြောနေကြခြင်းဖြစ်သည်။
ကျနော့်နာမည် ဖိုးထောင်…။ အညာမြေတနေရာက သာယာကုန်းရွာသား…။ လူရော ရွာရော နာမည်နဲ့ တရွေးသားမှ မကိုက်။ သာယာကုန်းရွာလို့ အမည်နာမသမုတ်ထားခဲ့ကြပေမယ့် ၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောင်းထိုးလာတိုင်း ပြေးလိုက်ရှောင်လိုက်ရတဲ့ ရွာသားများဘဝ မသာယာ၊ စစ်ကြောင်းထိုးလာတိုင်း မီးတင်ရှို့ခံခဲ့ရတဲ့ အိမ်ပိုင်ရှင်များဘဝက မသာယာ၊ မပြေးသာ မရှောင်သာ ရွာမှာကျန်ခဲ့လို့ စစ်တပ်က သတ်ဖြတ်ခံခဲ့ရသူများရဲ့ ကျန်ရစ်သူမွေးချင်းများဘဝက မသာယာ၊ လယ်တော ယာတောလေးများ အပိုင်ရှိသူက မိုးကျလို့ ထွန်ချရမလား၊ စိုက်ပျိုးရမလား၊ စစ်ရှောင်ပြေးနေရမလား၊ ရိတ်သိမ်းခွင့်ရမလားလို့ သေသေချာချာမသိရတဲ့ဘဝတွေက မသာယာ၊ ဒီလို မသာယာခြင်းများစွာရှိနေတဲ့ရွာရဲ့အမည်က သာယာကုန်း တဲ့။
ပြီးတော့ ဖိုးထောင် ဆိုတဲ့ ကျနော့်နာမည်ကလည်း ရပ်ထဲရွာထဲ ထောင်ထောင် ထောင်ထောင် နေလို့မရတဲ့ မျက်နှာမွဲ။ ဆင်းရဲလိုက်တာမှ နုံလို့ချာလို့။ ရွာထဲက ဘယ်သူများ နေ့စားအလုပ်သမားလိုအပ်မလဲ အမြဲရှာပြီး ခိုင်းသမျှလိုက်လုပ်နေရတဲ့သူ၊ လောကဓံ ၄ ပါး(အဆိုး) တွေကို လူးလိမ့်နေအောင်ခံရတဲ့သူဖြစ်တဲ့ ကျနော့်နာမည်က ဖိုးထောင် တဲ့ဗျ။
ကျနော့်ဘဝကံ နုံချာလိုက်ပုံများ လယ်ပိုင်ယာပိုင်ရယ်လို့မရှိ၊ အလုပ်အကိုင်ရယ်လို့ အတည်တကျမရှိ။ ကြုံရာကျပန်း နေ့စားလုပ်ကိုင်စားသောက်နေရပေမယ့် ကိုယ့်ကို မှီခိုနေတဲ့ မိန်းမနဲ့ကလေး ၂ ယောက်ကရှိသေးရဲ့။ ဒီကြားထဲမယ် မိန်းမက ဘာအလုပ်မှ မယ်မယ်ရရ လုပ်ကိုင်မစားတတ်။ ဒီတော့လည်း သားကျွေးမှု မယားကျွေးမှုအတွက် ကျနော့်မှာသာ ဦးထိပ်ရွက်ထားရသည်ပေါ့။ ရွာနှင့်ခပ်လှမ်းလှမ်း တောထဲမှ ထင်းခွေပြီး ရောင်းလိုက်၊ တင်းဝါး၊ မှို စသဖြင့် ရှာဖွေရောင်းရတာလေးနဲ့ အိမ်အတွက် ဆန်၊ဆီ၊ဆား ဝယ်လိုက်ပေါ့။
ရွာပြင်ချောင်းထဲမှ လက်သန်း၊ လက်မလောက်ရှိတဲ့ ငါးကလေးတွေကို ခြင်ထောင်စုတ်နဲ့ဖမ်းပြီး တပိဿာ လောက်လေးများရတဲ့နေ့ဆို အကုန်ရောင်းပြီး ရတဲ့ တသောင်းခွဲဟာ အိမ်အတွက် ဆန် ၂ ရက်စာလောက် ကာမိရဲ့။ တခါတရံ အိမ်သာတွင်း၊ ရေတွင်း အတောင် ၂၀ လောက်ကို ခါးချိနေအောင် ၃ ရက် ၄ ရက်တူးပြီးရင် တော့ တသိန်းလောက်ရတတ်သည်။ သို့သော် ဒါမျိုးက ၆ လကြာလို့ တခါတူးခိုင်းမည့်သူမရှိတာမို့ အရများသော်လည်း ကံပေါ်သည့်အခါမှ ရတတ်သည်။
တခါတရံ ၂ ညအိပ် ၃ ရက်ခရီး တောတိုးတောင်တက် လမ်းကြောင်းများအတိုင်း ကျွဲ၊ နွားများကို ပို့ဆောင်ရသည့်အလုပ်ရရင်တော့ ခေါက်ကြေး ၅ သောင်းခန့်ရသည့်အခါရှိသည်။ သို့သော် သွားရသည့်ခရီးမှာ မသက်သာ။ ကျွဲ(သို့)နွား ၄ ကောင်၊ ၅ ကောင်လောက်ကို မလွတ်တမ်း ကြိုးဆွဲကိုင်ကာ မောင်းလျက် မိုင် ၃၀ လောက်ခရီးကို ခြေလျင်ပို့ရခြင်းဖြစ်သည်။
ဆန်ရိက္ခာကို လုံချည်စုတ်ထဲ ထည့်ပိုးလျက် ရေတွေ့တဲ့နေရာ ထမင်းချက်စားကာ မိုးချုပ်သည့်နေရာ အိပ်စက်ရင်း သွားရသည့် ခရီးကြမ်းများဖြစ်သည့်အတွက် ပင်ပန်းလွန်းလှသည်။ တခေါက်ပို့ပြီးလျှင် ၂ ရက်လောက်အနားယူပြီးမှ နောက်ထပ်နေ့စားအလုပ်များကို လုပ်ကိုင်နိုင်လေသည်။ ကောက်စိုက်၊ ပဲစိုက်၊ ပဲနှုတ်၊ စပါးရိတ် စသည့် ရာသီပေါ်အလုပ်များရှိလျှင်လည်း အိမ်အတွက် ဆန်၊ဆီ၊ဆား၊ငပိ၊ကြက်သွန်လေးများ ၁ လစာလောက် ခြွေတာစားလောက်ရုံပမာဏ လုပ်အားခလေးများရသည်။ သို့သော် အဲ့ဒီအလုပ်တွေကလည်း သူ့ရာသီနှင့်သူမို့ အမြဲရနေတာမျိုးမဟုတ်။ အခုလို ခေတ်ပျက်ကြီးထဲမှာ ပိုဆိုးသည်။
ပဲနှုတ်ချိန်၊ နှမ်းသိမ်းချိန်၊ စပါးရိတ်ချိန်ဆို ပျူစောထီးတွေက အလစ်အငိုက် လာရောက် မီးရှို့ဖျက်ဆီးတာတွေရှိတတ်တော့ မစိုက်ပျိုးတော့တဲ့ လယ်ယာပိုင်ရှင်တွေက ရှိလာသည်။ စိုက်ပျိုးတဲ့သူတွေကလည်း လယ်ယာလုပ်ငန်းအမြန်ပြီးစီးအောင် စပါးရိတ်ခြွေစက်တွေကို ငှားသုံးလာကြသည်။ ကျနော်တို့လို လက်ရိတ်တွေကိုငှားလျှင် တဧက ကို တသိန်းနှုန်း၊ စက်နှင့်ရိတ်လျှင် တဧကကို တသိန်းရှစ်သောင်းနှုန်း ဆိုတော့ အလုပ်တွင်ကျယ်ချင်သူများက စက်နှင့်ရိတ်တာပိုများလာသည်။ တနေ့လုပ်တနေ့စား တောသူတောင်သားများဘဝကို သိတတ်သူတချို့သာ ကျနော်တို့လို လက်ရိတ်တွေကို ငှား၍ အလုပ်ခိုင်းပေးကြတာမျိုးသာ ရှိတော့သည်။
ဆိုခဲ့သလို သေလုမျောပါး လုပ်ကိုင်ရှာဖွေနေသော်လည်း ကျနော်တို့မိသားစု ၄ ယောက်မှာ ဝမ်းမဝ ခါးမလှဘဲသာရှိခဲ့၏။ ဒီနေ့ဘာချက်စားရမလဲ ပူပန်နေရသလို မနက်ဖြန်ဘယ်အလုပ်ရပါ့မလဲ ဆိုတာကို တွေးပူနေခဲ့ရလေသည်။ အဲ့ဒီလိုနဲ့ တရက် မိန်းမက ရပ်ထဲရွာထဲက ဘယ်ကအလုပ်သမားပွဲစားနဲ့ ချိတ်မိလာတယ်မသိ။ ရှားစေးချက်ရမယ့် အလုပ်တခု တွေ့လာပါလေရော။ “ရှားစေးချက်ရမယ် … တလ နှစ်သိန်း …. ထမင်းကျွေးမယ်တဲ့ တော်ရေ့… လစာတောင် တဝက် ကြိုထုတ်ပေးလို့ ကျွန်မယူလာပြီ… လိုက်သွားချေဦး…” လို့ပြောပြီး လွယ်အိတ်ထဲကို ရှိတဲ့အဝတ်အစားလေး ၃ စုံ ထည့်ပြီးလွှတ်လိုက်လေသည်။
ရှားစေးချက်ရမည့်နေရာက ကျနော်တို့ရွာမှ ၂ ညအိပ် ၃ ရက်လောက် ခြေလျင်ခရီးသွားရမယ့်နေရာ။ အလုပ်ပွဲစားက ဆိုင်ကယ်နဲ့လာခေါ်တာမို့ ၄ နာရီနဲ့ ရောက်ခဲ့ရသည်။ စစ်တပ်က ထိန်းချုပ်ထားသည့် မြို့နဲ့ ကပ်လျက်နေရာ၊ ဒီနေရာကို တော်လှန်ရေးတပ်တွေကလည်း လာတတ်သလို စစ်တပ်ဘက်ကလည်း တခါတရံလာတတ်တာတွေရှိသည်။ စစ်တပ်က လာတဲ့အခါ စုဆောင်းရေးဆိုလား၊ ပေါ်တာဆိုလား၊ စစ်မှုထမ်းဆိုလားအတွက် ဖမ်းဆီးခေါ်ဆောင်သည်များ ရှိတတ်၏။ တော်လှန်ရေးတပ်တွေဘက်ကလာလျှင် မယုံသင်္ကာခြင်း၊ စစ်တပ်ထောက်လှမ်းရေးဟု အထင်ခံရခြင်း၊ လုံခြုံရေးစည်းကမ်းမလိုက်နာခြင်း စသဖြင့် ပြောဆိုကာ ဖမ်းဆီး စစ်ဆေး သတိပေးတာမျိုးလည်း ရှိတတ်သည်။ နှစ်ဖက်စလုံးကို ကြောက်နေရသည့် အရပ်ဒေသတွင် အလုပ်လုပ်ကိုင်နေရခြင်းဖြစ်သည်။
ရှားပင်ဆိုတာ အပူပိုင်းဒေသမှာ အပေါက်များတဲ့ အပင်လတ်တမျိုးဖြစ်သည်။ ပင်စည်ကို အညိုရောင်သစ်ခေါက်များဖြင့် ဖုံးထားပြီး ပက်ကြားအက်ရာများ ပြည့်နှက်နေသော အပင်ဖြစ်သည်။ အများအားဖြင့် အညာဒေသတွင်ပေါက်သော်လည်း ချင်းတောင်တချို့နေရာများတွင်လည်း ပေါက်ရောက်တတ်သည်။ ပုံတောင်ပုံညာဘက်တွင်တော့ ယောက်ျားလက်နှစ်ဖက်စာ ရှားပင်ကြီးများပင်တွေ့ရတတ်လေသည်။
ရှားစေးချက်သည်ဆိုသည်မှာ ရှားပင်၏အညိုရောင် အတွင်းအနှစ်သားကို ခုတ်ယူရ၏။ ထိုအတွင်းအနှစ်သားများကို အပိုင်းပိုင်းခုတ်ထစ်၍ ရေနှင့်ရောကာ ဒယ်ပိုင်းထဲတွင် ရှားမီးနှင့် ပြုတ်ရခြင်းဖြစ်သည်။ ပြုတ်သည့်အခါ လှော်တက်သဏ္ဍာန်ယောက်မဖြင့် အဆက်မပြတ်မွှေပေးရသည်။ အရည်များ ပျစ်နှစ်လာသည့်အထိ မီးပြင်းပြင်းနှင့်မွှေပြီးနောက် အရည်များသည် အညိုရောင်မှ နီရဲရဲအရောင်သို့ ပြောင်းလာသည်။ ထို့နောက် စေးကပ်သည့်အနေအထားသို့ ရောက်သောအခါ သေးငယ်သောအနှစ်တုံးလေးများပုံစံ လုပ်ကြရသည်။ ဥပမာအားဖြင့် ထန်းလျက်ကျိုသလိုပင်ဖြစ်လေသည်။ ရှားစေးကို ကွမ်းယာ နှင့် ပရဆေးများတွင်အသုံးပြုလေ့ရှိကြသည်။ တဒယ်ကျိုလျှင် ၇ နာရီခန့်ကြာတတ်သည်။ ၇နာရီလုံးလုံး ရှားမီးဖိုဘေးတွင် ရှားစေးပြုတ်ဒယ်ကို လက်မောင်းပြုတ်အောင် တနေကုန် မွှေပေးနေရသည်။ ထို့ကြောင့်အင်မတန်ပင်ပန်းသော အလုပ်ဖြစ်သည်။
ကျနော်တို့မှာ တနေ့ကို ရှားစေး ၂ ဒယ်ကျအောင် ချက်ရသည်မို့ မနက်အရုဏ်တက်ချိန်တည်းက စတင်လုပ်ကိုင်ပြီး ည ၈ နာရီ ၉ နာရီမှသာ ပြီးလေ့ရှိသည်။ ပင်ပင်ပန်းပန်းအလုပ်လုပ်ရသည့်အပြင် အလုပ်ရှင်က ထမင်းကျွေးမည်ဟု ပြောသော်လည်း အသား၊ ငါးရယ်လို့ တခါမှ မမြင်ရ။ အသီးအရွက်၊ ချဉ်ပေါင်နှင့် တခါတရံ ငါးပိ၊ ငရုတ်သီးများနှင့် ထမင်းဖြူသာစားရလေသည်။ ထိုသို့ တလလုံးလုံး ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ကိုင်ပြီးမှ နှစ်သိန်းဆိုသော လုပ်အားခကိုရသည်။ ဒါတောင် မိန်းမက တသိန်းထုတ်ယူထားပြီးဖြစ်လေသည်။
ထုတ်ယူထားသော ငွေကြေးတသိန်းကုန်သောအခါ ဘာမှ မလုပ်တတ် မကိုင်တတ်သည့် မိန်းမက ကျနော့်အား အိမ်ပြန်လာပြီး နေ့စားအလုပ်များသာလိုက်ရန် လူကြုံစကားပါးလိုက်လေသည်။
တကယ်လည်း အိမ်တွင် ကျနော်မရှိလျှင် နေ့စဉ်စားဝတ်နေရေး လည်ပတ်နိုင်မည် မဟုတ်ပေ။ တကယ်တမ်း တလစာ ငွေကြေး ၂ သိန်းသည် မိသားစု ၄ ယောက်၏ တလတာအတွက် လောက်ငှသောပမာဏ မဟုတ်တော့ပေ။ ဖားရှာ၊ ငါးရှာ၊ မှိုရှာ၊ ဝါးရှာ ကြုံရာအသီးအရွက်လေးများ နေ့စဉ်ခူးကာ ချက်ကာမှ စားလောက်ရုံသည်သာဖြစ်သည်။ ဒါကြောင့် မိန်းမက ကျနော့်အား ပြန်ခေါ်ခြင်းဖြစ်သည်။ ရှားစေးချက် လစာကျန်ငွေ ၁ သိန်းကို ထုတ်ယူကာ အိမ်သို့ ၂ ညအိပ် ၃ ရက်ခရီးနှင်ပြန်ခဲ့သည်။ ဆိုင်ကယ်ကယ်ရီငှားလျှင် ၅ သောင်းလောက်ပေးရမည်ဖြစ်၍ စိတ်ပင်မကူးရဲ။
မနေ့က အပြန်လမ်း အိမ်ရောက်ခါနီးတွင် တော်လှန်ရေးရဲဘော်တဦးမှ ဆိုင်ကယ်ကြုံတင်ခေါ်သဖြင့် ၂ နာရီမျှ လမ်းလျှောက်သက်သာခဲ့လေသည်။
အခု ကျနော်တို့ရွာတွင် စည်းရုံးရေးဆင်း၍ ဟောပြောနေသော ရဲဘော်လေးမှာ ကျနော့်အား ဆိုင်ကယ်ကြုံတင်ခဲ့သော ရဲဘော်လေးဖြစ်သည်။ သို့သော် သူဟောပြောနေသော တိုက်ပွဲများအကြောင်း ကျနော်မသိ၊ အသက်ပေးသွားသော ရဲဘော်များအကြောင်း ကျနော်မသိ၊ ဒေသလွတ်မြောက်ရေးအကြောင်း ကျနော်မသိ၊ နိုင်ငံလွတ်မြောက်ရေးအကြောင်း ကျနော်မသိ၊ စစ်အာဏာရှင်အကြောင်း ကျနော်မသိ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ကျနော်မသိ။ ကျနော်သိသည်မှာ ကျနော့်မိသားစု နေ့စဉ်စားဝတ်နေရေးကို ကျနော်ဘယ်လိုဖြေရှင်းရမလဲဆိုတာသာ ကျနော်သိသည်။
မည်သို့ပင်ဆိုစေကာမူ ကျနော်သိရမှာ တခုရှိသေး၏။ သူတို့ဟောပြောပြီး နောက်တနေ့တွင် ကျေးရွာအုပ်ချုပ်ရေးလူကြီးများမှ တိုက်ပွဲအတွက် ကျည်ဖိုးခွဲတမ်းဟုဆိုကာ တအိမ်ကို ၆ သောင်း၊ ၁ သိန်း ကောက်ဦးမည်ဖြစ်သည်။ ရိက္ခာခွဲတမ်းဟုဆိုကာ တအိမ်ကို ဆန်တပြည် ကောက်ဦးမည်ဖြစ်သည်။ လွတ်မြောက်ခြင်းအတွက် အဲ့ဒီခွဲတမ်းတွေ ထည့်ဝင်ကြဖို့ ပြောကြသည်။ တလလုံးလုံး ရှားမီးဖိုဘေးမှာ လက်မောင်းပြုတ်ခါနီးအောင် လုပ်ကိုင်ခဲ့ပြီးမှ ရလာတဲ့ ငွေစက္ကူတချို့ကို ကျစ်ကျစ်ပါအောင်ဆုတ်ကာ ကျနော် ဖိုးထောင်အတွက် လွတ်မြောက်ခြင်း အစစ်အမှန်ဟာ ဘယ်အရာလဲ ဆိုတာ ခေါင်းကုတ်ရင်းသာ စဉ်းစားနေမိလေတော့သည်။
5th December 2025

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment