“လွတ်မြောက်လာတော့မယ့်ရိဒ်ရေကန်”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
မင်းတပ်နဲ့ ကန်ပက်လက်ကို ချင်းညီနောင် မဟာမိတ်အဖွဲ့တွေက ပြီးခဲ့တဲ့အပတ်ထဲမှာ သိမ်းပိုက်နိုင်ခဲ့တယ်။ မင်းတပ်ကို ဒီဇင်ဘာ ၂၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး စကစဘက်က စစ်သား ၁၂၀ ကျော် လက်နက်ချခဲ့တယ်။ နောက်တနေ့ ကန်ပက်လက်ကို ဆက်ပြီး ထိုးစစ်ဆင်မယ်လို့အသွားမှာ စစ်တပ်ဘက်ကစခန်းတွေက ဆုတ်ခွာသွားတာကြောင့် သေနတ်တချက် မဖောက်လိုက်ရဘဲ ကန်ပက်လက်ကို ရခဲ့ပြန်တယ်။
‘အောက်ချင်းငှက်ညီနောင်’
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကို စတင်ခဲ့တာ ကြာပါပြီ။ မင်းတပ်ကို နိုဝင်ဘာ ၉ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်တယ်။ မင်းတပ်တိုက်ပွဲမှာ ချင်းညီနောင်ဘက်ကနေ ယောဘက် ကတပ်တွေ (YDF နဲ့ YA) နဲ့ မုံရွာခရိုင် တပ်ရင်း ၃ က တပ်တွေအပြင် အေအေကလည်း နောက်ကနေ လက်နက်နဲ့ စစ်ရေးအကြံဉာဏ်တွေ ပံ့ပိုးကူညီခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါရှိတယ်။
ချင်းတောင်အရှေ့ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်ကို ရလိုက်တဲ့အတွက် မကွေးတိုင်းဘက်က ယောနဲ့ ဆောဒေသတွေကို တောက်လျှောက် လမ်းပွင့်သွားပြီဖြစ်တယ်။ ချင်းပြည်နယ်တောင်ပိုင်းရဲ့ အနောက်ဘက်စွန်းက ပလက်ဝကို အေအေက သိမ်းထားပြီး ချင်းညီနောင် စစ်ဆင်ရေးအောက်မှာ မတူပီကို ဒီနှစ် ဇွန်လကုန်က သိမ်းခဲ့တာဖြစ်လို့ ချင်းတောင်ပိုင်းမှာ စကစ ကင်းစင်သွားတယ်လို့လည်း ပြောနိုင်ပြီဖြစ်တယ်။
လက်ရှိမှာ ချင်းညီနောင်ဟာ ဖလမ်းကို ဆက်တိုက်နေပြီး နေရာတော်တော်များများကို ထိန်းချုပ်ထားနိုင်နေပြီလို့ သတင်းထုတ်ပြန်ထားတယ်။ ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ကုန်ခါနီး ဒီဇင်ဘာထဲမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်လို့ ၁ နှစ်အတွင်း ချင်းညီနောင်မဟာမိတ်တွေရဲ့ အောင်မြင်မှုဟာ ကြီးမားတယ်လို့ ပြောရမှာဖြစ်တယ်။ ချင်းညီနောင်မဟာမိတ်မှာ အဓိကအဖွဲ့ ၃ ဖွဲ့ရှိပြီး ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) နဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံးတို့ ပါဝင်တယ်။
ချင်းမှာ အဓိက အဖွဲ့ ၂ ဖွဲ့ကွဲနေပြီး ယခင်အီးအေအို CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (Chin Land Council) က စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့က ဝန်ကြီးဌာန ၁၄ ခုနဲ့ ချင်းပြည်အစိုးရကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအချိန်တုန်းက ချင်းညီနောင်အဖွဲ့ကနေ ချင်းပြည်နယ်ကို မထိန်းချုပ်နိုင်သေးဘဲ အစိုးရဖွဲ့တာဟာ နိုင်ငံရေးအရ လက်ဦးမှုရယူတာဖြစ်လို့ သဘောမတူကြောင်း ထုတ်ပြန်ခဲ့ဖူးတယ်။
ချင်းပြည်နယ်ဟာ စစ်အာဏာသိမ်းအပြီး စစ်တပ်ကိုအပြင်းထန်ဆုံး စတင်ခုခံခဲ့တဲ့ ပြည်နယ်ဖြစ်ပြီး မြို့နယ် ၉ ခုရှိတယ်။ အဲဒီအထဲက ၅ မြို့နယ် (မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ တွန်းဇံ) ကို စစ်တပ်ဆီက သိမ်းယူထားနိုင်သလို ကျန်တဲ့မြို့နယ်တွေ (ဖလမ်း၊ ဟားခါး၊ တီးတိန်၊ ထန်တလန်) မှာလည်း နယ်မြေတချို့ကို ထိန်းချုပ်ထားနိုင်တာဖြစ်လို့ ချင်းပြည်နယ်ရဲ့ ၈၅% လောက်ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ သတ်မှတ်ထားကြတယ်။
ဖလမ်းကျသွားပြီးရင် ချင်းပြည်နယ်မှာကျန်ရှိမယ့် တီးတိန်ကို ဖလမ်းနဲ့ တွန်းဇံ (တွန်းဇံကို ချင်းပြည်ကောင်စီတပ်တွေက သိမ်းထားတာဖြစ်လို့) နှစ်ဘက်ညှပ်ပြီး တိုက်နိုင်မယ့်သဘော တွေ့ရတယ်။ ချင်း ၂ ဖွဲ့အဆင်ပြေခဲ့ရင် ဟားခါးနဲ့ ထန်တလန်ဟာ (မင်းတပ်နဲ့ ကန်ပက်လက်လို) ၂ မြို့စလုံး တပြိုင်နက်ကျဖို့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြည့်မိတယ်။
ချင်းဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက တောင်ပေါ်ဒေသဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄ သိန်းခွဲကျော်ရှိတဲ့အတွက် ကရင်နီပြီးရင် လူဦးရေအနည်းဆုံး ပြည်နယ်တခုဖြစ်တယ်။
‘ဒွေးမယ်နော်တို့ ငွေတောင်ပြည်’
ချင်းလို ပြည်နယ်သေးပေမယ့် အစွယ်ထက်တဲ့ ကရင်နီဟာ စစ်ရေးကော နိုင်ငံရေးမှာပါ စုစည်းမှု အားကောင်းတာဖြစ်လို့ အရင်က ပြည်နယ်လွတ်မြောက်မှုတွေထဲမှာ အဦးဆုံးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ သို့သော် လွိုင်ကော်ကို ဒီနှစ်ဇွန်လက စစ်တပ်က ပြန်ပြီးထိန်းချုပ်နိုင်ခဲ့တာကြောင့် ကရင်နီမှာ နာမည်ကျော် KNDF ဟာ စကစနဲ့ တချို့မြို့တွေမှာ ဘတပြန်ကျားတပြန် တိုက်ခိုက်နေရဆဲဖြစ်တယ်။ စစ်တပ်ဟာ အင်အားသောင်းချီရှိတဲ့ ရှမ်းတောင် က မဟာမိတ် ပအိုဝ်းပြည်သူ့စစ်ရဲ့ အကူအညီနဲ့ ဆီဆိုင်-လွိုင်ကော်လမ်းကနေ လွိုင်ကော်ကို ပြန်လည်ထိုးစစ်ဆင်နိုင်ခဲ့တာဖြစ်တယ်။
သို့သော် နေပြည်တော်ကနေ လမ်းသာတဲ့ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ နမ်းမယ်ခုံကနေ လွိုင်ကော်လမ်းကိုတော့ ကရင်နီက မိုးဗြဲကနေ ပိတ်ဆို့ထားနိုင်တာ တွေ့ရတယ်။ ၁၁၁၁ စစ်ဆင်ရေးဆိုပြီး ၂၀၂၃ နိုဝင်ဘာကစခဲ့တဲ့ ကရင်နီစစ်ဆင်ရေးမှာ ၁ နှစ်အတွင်း မြို့ ၇ မြို့ (မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီမောဆိုးနဲ့ ရှားတောလို လွိုင်ကော်ပတ်လည်တဝိုက်က မြို့တွေနဲ့ မယ်စဲ့၊ ရွာသစ်နဲ့ မော်ချီး) ကို ထိန်းချုပ်ထားနိုင်တာ တွေ့ရတယ်။ KNDF ရဲ့ နိုဝင်ဘာလက ၁၁၁၁ စစ်ဆင်ရေး ၁ နှစ်ပြည့် ထုတ်ပြန်ချက်ထဲမှာ စကစ စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်ထားပြီး စကစဟာ မြို့တွေနဲ့ အနီးတဝိုက်လောက်မှာသာ လှုပ်ရှားနိုင်တော့တယ်၊ ကျန်တဲ့ ဆက်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်း အတော်များများကို ပိတ်ဆို့ ထိန်းသိမ်းထားတယ်လို့ဆိုတယ်။ သိမ်းပိုက်ထားတဲ့ ၇ မြို့မှာ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒေသအုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင် လည်ပတ်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲပါရှိတယ်။
‘ကြားကာလကိုမျှော်ကြည့်ခြင်း’
၂၀၂၅ ပထမ ၆ လအတွင်းမှာ ပထဝီဝင်အရ စစ်တပ်ဘက်က ဖိအားပေးနိုင်မယ့်ဒေသတွေနဲ့ စစ်တပ် အပြင်းအထန်ခုခံမယ့် ဒေသတွေကို ခန့်မှန်းကြည့်ရမယ်ဆိုရင် စစ်တွေ၊ လွိုင်ကော်တို့ထက်စာရင် ဟားခါး၊ ထန်တလန်ဟာ အရင်ကျသွားနိုင်ခြေရှိနေတယ်။ ဒီအတွက် ချင်း ၂ ဖွဲ့ ညီညွတ်ဖို့လိုသလို နောက်ကနေ အေအေရဲ့အထောက်အပံ့လည်း ရဖို့လိုအပ်မှာဖြစ်တယ်။ ပြည်နယ်မြို့တော်တခု ကျသွားတာနဲ့ ပြည်နယ်တခုလုံး လွတ်မြောက်သွားတာဟာ စကစကို စိတ်ပိုင်းဆိုင်ရာထိုးနှက်မှု ကြီးမားစေပါလိမ့်မယ်။
ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ပြည်နယ်အစိုးရတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပေါ် ရပ်တည်နိုင်တာဟာ တခြားပြည်နယ်တွေအတွက် အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပိုင်း၊ စီးပွားရေးပိုင်း စတဲ့ မျက်နှာစာတွေမှာ အဆိုးအကောင်းနမူနာတွေ ရယူနိုင်မှာဖြစ်သလို တော်လှန်ရေးလွန်ကာလရဲ့ တည်ငြိမ်ရေးနဲ့ ပြန်လည်စုစည်းရေးကိုလည်း အထောက်အပံ့ပြုနိုင်မယ်ယူဆရတယ်။
Be the first to comment