လှေနံနှစ်ဘက်ပေါ်က လူတွေ

ညီလင်းအိမ်

by The Call
“လှေနံနှစ်ဘက်ပေါ်က လူတွေ”
◾️ညီလင်းအိမ်
အာရှမှာ ရုပ်ရှင်ခေါင်းကိုင်နိုင်ငံတွေအဖြစ် အရင်က ဂျပန်ကို တန်းမြင်ကြပေမယ့် အာရှဟောလိဝုဒ်လို့ တင်စားခံရတာက ဟောင်ကောင်ပဲ။ 80/90 များခေတ်မှာ ဖျော်ဖြေရေးရုပ်ရှင်ဇာတ်လမ်းအမျိုးအစားပေါင်းစုံ ထွက်ရှိခဲ့တယ်။ ဒီဘက်ခေတ်အထိ လွှမ်းမိုးနေတုန်းပဲဖြစ်တဲ့ သရုပ်ဆောင်တွေလည်း အများအပြားပေါ်လာတယ်။ ဒါပေမဲ့ ယင်းခေတ် ဟောင်ကောင်က ထုတ်တဲ့ ရုပ်ရှင်အများစုရဲ့ အရည်အသွေးဟာ တသသပြောလောက်အောင်အထိ ကောင်းနေတာ မဟုတ်ဘူးလို့တော့ ထင်မြင်တယ်။ ဆိုပါစို့ ယင်းခေတ်က ရုပ်ရှင်စတားတွေ ဖြစ်ကြတဲ့ ဘရုစလီ အလွန် ဂျက်ကီချန်း၊ ချောင်ယွန်ဖတ်၊ ဂျက်လီ အစရှိတဲ့ မင်းသားတွေနဲ့အတူ ဟောင်ကောင်ရုပ်ရှင်ကို ရွှေရောင်ပြောင်းစေတဲ့ ဆူးဟတ်၊ ဂျွန်ဝူး စလို့ ဒါရိုက်တာတွေ ပေါ်လာတယ်။ ဒါပေမဲ့ Crime ဆန်ဆန် Action အများစုကနေ ဟောလိဝုဒ်မှာ ခေတ်ပြိုင်အဖြစ် ပိုမိုအားကောင်းလာတဲ့ Neo-noir Crime ပုံစံတွေအထိ ဟောင်ကောင် ရုပ်ရှင်ရပ်ဝန်းကလည်း လိုက်ရိုက်တယ်။ ဒါပေမယ့် ဇာတ်ညွှန်းမွမ်းမံတည်ဆောက်မှုမှာ ဟောင်ကောင်ရုပ်ရှင်တွေက တဆင့်နိမ့်နေတုန်းပဲ။
ချောင်ယွန်ဖတ်တို့လို ဇာတ်ရုပ်ကစလို့ ပုံစံခွက်ထဲက သရုပ်သက်သက်ပဲ။ မင်းသားနဲ့လူဆိုးရှိမယ်။ လူဆိုးကို မင်းသားက လိုက်ဖမ်းမယ်။ ဒီဇာတ်အိမ်ထဲမှာ ချောင်ယွန်ဖတ်တို့က စံပြုမင်းသားဇာတ်ရုပ်အဖြစ်ပဲ လွှမ်းမိုးထားတယ်။ နောက်ဆုံးမှာ သူပဲ အနိုင်ရတယ်။ ဒီလိုကနေ 90 ကျော်ခေတ်လွန်လာခါကျမှ ကိုယ့်စတိုင်လ်နဲ့ကိုယ်သွားတဲ့ ဝေါင်ကွာဝေ တို့လို ဒါရိုက်တာတွေ စပေါ်လာပြီး ဟောင်ကောင်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ပြယုဂ်ကို ထင်ထင်ရှားရှား သယ်လာတာ။ ဒါတောင် အဲဒီ ကိုးဆယ်ကျော်ခေတ်မှာ ပရိသတ်တွေက လူဆိုးသေ၊ မင်းသားပဲနိုင် ဇာတ်ကားတွေပဲ တောင်းဆိုကြဆဲ။ ဝေါင်ကွာဝေ ရုပ်ရှင်တွေကို ဟောင်ကောင် ပရိသတ်က သိပ်သဘောမကျကြဘူးလို့ ဆိုတယ်။
လူအများစုကတော့ ဟောင်ကောင် ရုပ်ရှင်ရွှေခေတ်ကို ပြောကြဆိုရင် 80 ကျော်ကာလကနေ တရုတ်ပြည်မ မရောက်ခင် 97 မတိုင်မီလို့ ပြောကြပေမဲ့ တကယ်တမ်း အဲဒီ မင်းသား၊ လူဆိုး ရုပ်ရှင် ဇာတ်အိမ်ကိုပဲ လုံးဝပြောင်းပြန်လှန်ပစ်ပြီး ဇာတ်ညွှန်းအရရော၊ နောက် ကင်မရာအထားအသို၊ ရုပ်ရှင်နဲ့သက်ဆိုင်တဲ့ အရာအလုံးစုံ ဟင်ခနဲဟာခနဲဖြစ်အောင် ပြောင်းလဲပေးနိုင်တာတွေက ဆရာသမား Johnnie To တိုအုပ်စုကနေ ယှက်နွယ်တဲ့ Andrew Lau တို့လို ဆရာသမားတွေလို့ပဲ ပြောရမယ်။ သို့ပေမဲ့လည်း ဒီဆရာသမားတွေမှာလည်း ဒီမိန်းစထရင်းထဲ စီးမျောရင်းနဲ့မှပဲ 2000 ကျော်နောက်ပိုင်းမှာမှ အပြောင်းအလဲတွေ ဖြစ်လာတာ။ သူလည်း အုတ်ရောရော ကျောက်ရောရော ရုပ်ရှင်တွေကို အများကြီး ရိုက်လာခဲ့ရတာမျိုး။
ဆိုတော့ ဟောင်ကောင်က ထာဝရ အကောင်းဆုံး Crime/Thriller ရုပ်ရှင်ကား‌တွေ ပြပေးလို့ မေးရင် သူ့လက်ရာ Infernal Affairs Trilogy ကို လက်ညှိုးထိုးပေးရမှာပဲ။ ကျနော်ဟာ ခုလထဲမှာပဲ လူဆိုးနဲ့ ရဲ အားပြိုင်တဲ့ ရုပ်ရှင်တွေကို ပြန်ကြည့်ချင်စိတ် ဖြစ်လာတဲ့ အတွက် ငယ်ဘဝက ဟိုတကား ဒီတကားကြည့်ရင်း ဦးဏှောက် မက်မိုရီထဲမှာ ပျံ့ကြဲ ပျောက်ဆုံးနေလေတဲ့ အဲဒီရုပ်ရှင်တွေကို ပြန်ကြည့်ဖို့ ဖြစ်လာတယ်။ ထို့အတူ နှိုင်းယှဉ်လိုစိတ် ဖြစ်လာတယ်။
တကယ်ဆို Infernal Affairs က တသက်လုံး ဒါရိုက်တာအော်စကာဆုနဲ့ တေ့လွဲနေတဲ့ ဟောလိဝုဒ်က ဆရာကြီး မာတင်စကော့စဆေးလ်ကို ပထမဆုံးဒါရိုက်တာ ဆု ရစေတဲ့ရုပ်ရှင်။ အခုထိလည်း သူရုပ်ရှင်တွေ ဆက်ရိုက်နေပေမဲ့ သူ့ကြောင့် အော်စကာရကြတဲ့ သရုပ်ဆောင်တွေ အများကြီးရှိပေမဲ့ သူကတော့ ဒါရိုက်တာဆုအနေနဲ့ အဲကားတကားတည်းကနေပဲ ရရှိခဲ့တာ ဖြစ်တယ်။
ဟောင်ကောင်မူလရုပ်ရှင် Infernal Affairs မှာတော့ အဓိက မင်းသားများအဖြစ် ဟောင်ကောင် စတားတွေ ဖြစ်ကြတဲ့ တိုနီလျောင်၊ အန်ဒီလူ၊ အန်တိုနီ ဝေါင် အစရှိတဲ့ မင်းသားတွေပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းကျောရိုးကြီးက ကျယ်ပြန့်ခိုင်မာပြီး Andrew Lau တို့အနေနဲ့ အသေးစိတ်ကျနတဲ့ ဇာတ်အိမ်အဖြစ် စနစ်တကျ တည်ဆောက်ထားတာ ဖြစ်တယ်။
ရုပ်ရှင်အပိုင်း နံပါတ်တစ်မှာ တိုနီလျောင်နဲ့ အန်ဒီလူတို့ရဲ့ အဓိကအားပြိုင်မှုကို ပြတယ်။ ခြုံငုံပြောရရင် အပိုင်းတစ်က ရုပ်ရှင်အခန်းကဏ္ဍဟာ ရုပ်ရှင်ဇာတ်လမ်းစဉ်တခုလုံးရဲ့ အရေးပါဆုံး ထုထည်ကြီး တခု ဖြစ်တယ်။ ဒီလိုပြောလို့ အပိုင်းနှစ်ရော၊ သုံးရော မကောင်းဘူးလား လို့ ပြောစရာရှိလာနိုင်တယ်။ မဟုတ်။ အပိုင်းနှစ်နဲ့သုံးဟာ ကျနော်တို့တွေ သံသယဖြစ်စေနိုင်ကောင်းစရာ ရှိတဲ့ မူလဘူတ ဇာတ်ရုပ်များအတွက် နောက်ခံဇာတ်ကောင်စရိုက် မခိုင်မာစေဘူး လို့ ထင်မိနိုင်တာတွေကို ကျကျနန ပြန်လည်ဖြည့်စွက်ပေးတဲ့ အကြောင်းအရာတွေလို့ ‌မြင်နိုင်သလို ဖန်တီးသူဆရာသမားတွေရဲ့ ရုပ်ရှင်ဖန်တီးမှု အတတ်ပညာနဲ့ပတ်သက်လို့ အကောင်းဆုံး မြင်သိရစေတဲ့ ပြဆိုမှုတွေလည်း ဖြစ်လာစေပါတယ်။
အပိုင်းနှစ်မှာတော့ တိုနီလျောင်နဲ့ အန်ဒီလူတို့ရဲ့ ငယ်ဘဝကို ပြန်သွားပါတယ်။ အမှုလိုက်ရဲတွေနဲ့ ဒုစရိုက်ဂိုဏ်းတွေအကြားမှာ သူလျှို ဒလန်များအဖြစ် အပြန်ပြန်အလှန်လှန် စိမ့်ဝင်နိုင်အောင် ကြိုးပမ်းကြတဲ့ အကြောင်းကို ကျကျနန မြင်လာရစေပါမယ်။ လူပေါင်း၊ လုပ်ငန်းပေါင်းများစွာနဲ့ အမြစ်တွယ် ကြီးထွားနေပြီဖြစ်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေကို ပျောက်စေဆိုပြီး ဖြိုခွင်းလို့ မရတာမို့ ရဲဘက်ကလည်း လေ့ကျင့်ပေးထားတဲ့ သူလျှိုတွေနဲ့အတူ သူတို့လုပ်ငန်းတွေထဲမှာ နှစ်ပေါင်းများစွာ စိမ့်ဝင်နေစေပြီး ထို့အတူ လူဆိုးတွေဘက်ကလည်း ရဲဘက်တွေမှာ သူတို့လက်အောက်က အခြေအနေမဲ့ လူငယ်တွေကို ရဲတွေလိုက်မရတဲ့ Profile အတုတွေ ဖန်တီးပေးပြီး သူသျှိုဝင်လုပ်စေတာ ဖြစ်တယ်။ ရဲဘက်ကလည်း ဒီလုပ်ငန်းတွေ အားလျော့အောင် နောက် ဟန်ချက်ညီအောင် လုပ်ဖို့က ဒီသူသျှိုတွေ ရှိနေမှလည်း ဖြစ်မှာမို့ အားထုတ်ကြိုးပမ်းရတာ ဖြစ်တယ်။ အန်ဒီလူရဲ့ ငယ်ဘဝ ဇာတ်ကောင်နဲ့ တိုနီလျောင် ငယ်ဘဝဇာတ်ရုပ်တွေက ခုရုပ်ရှင်မှာ သိမ်သိမ်မွေ့မွေ့ကလေးနဲ့ပဲ ထင်ရှားလာစေတယ်။ အန်ဒီလူ ဇာတ်ကောင်မှာ မဖြစ်သင့်တဲ့ ချစ်ခြင်းမေတ္တာတွေ လွှမ်းမိုးမှုနဲ့‌ ဟောင်ကောင်ရဲ့ အကြီးဆုံး God Father ကို လုပ်ကြံပစ်ခဲ့သလို သူ့ရဲ့ အတ္တတွေကလည်း ဖြေးဖြေးကလေးနဲ့ ထင်ရှားလာတယ်။ ဒီလို လှေနံနှစ်ဘက်နင်းနေရတဲ့ လောကထဲမှာ မိမိကိုယ်ကို ကိုးစားဖို့ကလွဲလို့ ဘာကိုမှ ယုံကြည်လို့ မရဘူးဆိုတာကို ကိုင်စွဲလာတယ်။ သူဟာ ကြောက်မက်ဖွယ် ကောင်းအောင် သွေးအေး မာကျောလာတော့တယ်။
တိုနီလျောင်ကတော့ ဒီလို မကောင်းတဲ့ သိုက်မြုံထဲက ကြီးလာပေမဲ့ သူရဲ့ ပင်ဂိုစိတ်ဟာ မကောင်းမှုနဲ့ရှင်သန်သူများကို လက်ခံပေးလိုစိတ် မရှိဘူး။ သူရဲ့ အထက်အရာရှိ အန်တိုနီ ဝေါင်ကို အထူးလေးစားချစ်ခင်ခဲ့တယ်။ သူခိုင်းစေသမျှကို အသက်နဲ့ရင်း ထမ်းရွက်ခဲ့တယ်။ ဒါပေမဲ့ သူသိလာတာ လူဆိုးဂိုဏ်း ခေါင်းဆောင်တွေဟာလည်း ရဲတွေနီးပါး ဦးဏှောက် ပြေးတယ် ဆိုတာပါပဲ။ သူတို့ကလည်း ရဲဌာနထဲမှာ သတင်းပေးတွေ စိမ့်ဝင်အောင် ဆောင်ရွက်ထားသလို ဒီလုပ်ငန်းထဲမှာလည်း ဘာတခုမှ အမှားကျူးလွန်လို့ မရအောင် သေချာ စီစဉ်ထားကြတာ။ လူ့အသက်တချောင်းကို ရှင်းလင်းပစ်ဖို့အတွက် လုံးဝတုံ့ဆိုင်း မနေတဲ့ သူတွေ ဒီတော့ ခုလောကထဲမှာ အသက်ရှင်ရက်နဲ့ အေးဆေးရပ်တည်နိုင်ဖို့ဆိုတာ လုံးဝမလွယ်ကူလာမှန်း သိလာချိန်မှာတော့ လွတ်မြောက်အောင် ကြိုးပမ်းခဲ့တယ်။ သို့တစေ သူ ဖြစ်မလာခဲ့တော့ဘူး။
အပိုင်းသုံးဟာ တိုနီလျောင်နဲ့ အန်ဒီလူကို မွေးစားခဲ့တဲ့ ဂေါ့ဒ်ဖားသား ဆမ်ရဲ့ လူဆိုးဂိုဏ်းကြီး ပြိုလဲသွားပြီးတဲ့နောက်နဲ့ အဲဒီလို မဖြစ်ခင်ကြားမှာ ဆမ် ထပ်မံမွေးစားထားတဲ့ စပိုင်တွေအကြောင်းကို ဆက်လက်ဖော်ပြရင်း အန်ဒီလူရဲ့ အမှောင်မိုက်ဆုံး သရုပ်ကို ဖော်ပြတဲ့ ရုပ်ရှင်။ သူဟာ တိုနီလျောင်နဲ့ ခေါင်းကိုင်ဖခင် ဆမ်ကို ရှင်းလင်းနိုင်ခဲ့တဲ့ တိုင်အောင် သူ့ဘဝကုံလုံတည်ငြိမ်ဖို့ မလုံလောက်သေးမှန်း သိလာတယ်။ ဌာနအတွင်းမှာ သူလျှိုတွေ ကျန်နေသေးတယ်။ သူတို့ကြောင့် အချိန်မရွေး ထောင်နန်းစံသွားမှာကို သိနေတယ်။ ခက်တာက သူ့ဟာ အတိတ်တွေထဲမှာ အကျဉ်းပြန်ကျနေတော့တာ။ သူကိုယ်ထဲမှာ နတ်ကောင်းနဲ့ နတ်ဆိုးဟာ အချက်ကျကျ တိုက်ခိုက်နေတယ်။ သူဟာ ဘဝတလျှောက်လုံး မှောင်အတိကျပြီးခဲ့တာတွေကို ရုန်းထွက်လိုလှပြီ။ အေးဆေးတည်ငြိမ်တဲ့ဘဝကို လိုချင်လို့လည်း ခုလို ‌ရွေးချယ်ကြည့်ခဲ့တာ မဟုတ်လား။
ဌာနထဲမှာ အဓိက အမှုလိုက်အရာရှိ ဖြစ်တဲ့ အန်တိုနီဝေါင်လည်း သူ့စနက်‌ကြောင့် တိမ်းပါးသွားပြီ။ ဒါပေမဲ့ သူဖြစ်ချင်လာတာက စင်စစ် လူကောင်းတယောက် ဘဝကို သွားချင်လာတာ။ လူတိုင်းနီးပါး ဘယ်သူမဆို နိုင်မယ့်မြင်းကိုပဲ လောင်းချင်ကြတာ မဟုတ်လား။ သူလည်း လောင်းခဲ့ပြီးပြီ ဖြစ်ပေမဲ့ အရာရာမှန်သမျှဟာ ဖိစီးမှုတွေ။ သူ့စနက်ကြောင့် ရဲအရာရှိ လူတော်ပေါင်းများစွာ ကြွေလွင့်ကုန်ကြပြီးပြီ။ ဒီထဲမှာ တိုနီလျောင်ရဲ့ သူ့ကို ကြည့်တဲ့ အကြည့်တွေ။ မင်းဟာ ဘယ်လောက်ပဲ ဝန်ခံနေပါစေ။ ဒီနေရာရောက်စေအောင် ဘယ်လိုလုပ်ခဲ့ လုပ်ခဲ့။ ကြွက်တကောင်အဆင့်ထက် မင်းဘဝက ဘယ်တော့မှ ပိုပြီး တောက်ပြောင်မလာဘူး လို့ပဲ ခနဲ့နေခဲ့တာ။
သူတို့တွေက တာဝန်ထမ်းဆောင်ရင်း တိမ်းပါးသွားကြတာ ဖြစ်ပေမဲ့ လိပ်ပြာသန့်ကြတယ်။ ကျနော်က ရဲတယောက် ဖြစ်ပါတယ် ဆိုတဲ့ အသက်မွေးဝမ်းကြောင်းမှု ဂုဏ်ပုဒ်ကို ခေါင်းမော့ရင်ကော့စွာ ခံယူ ထမ်းရွက်ရင်းနဲ့ အဲဒီခေါင်းစဉ်အောက်ကနေ ဘဝကို ကူးမြောက်ရတာ။ သူ့မှာတော့ ဝိရောဓိပေါင်းများစွာနဲ့ ငရဲဆိုတာဟာ သေမှကျရတာ မဟုတ်။ မသေခင်မှာလည်း ကိုယ်ဖန်တီးခဲ့မှုအလိုက် ငရဲထဲကို အရှင်လတ်လတ် ပြုတ်ကျရတာပဲလေ။ အပိုင်းသုံးဟာ အန်ဒီလူရဲ့ သနားဖွယ်ရာ ငရဲကျမှု စစ်စစ်ကို ပြတယ်။ မိစ္ဆာနတ်ဆိုးဘဝကို မှန်တယ်ထင်ပြီး ရွေးချယ်ခဲ့မိတဲ့ သူ့အတွက် အသင့်တွဲလျက်ရှိထားတဲ့ ငရဲတံခါးတွေကိုလည်း လှမ်းပိတ်ဖို့ အင်အားမရှိတော့တဲ့ သူဆိုပါတော့။
အနှစ်ချုပ်ပြောရရင် ခုလို ကျနော် တခမ်းတနားရေးပြမိတာက ဘာကြောင့်လဲ ဆို။ ရုပ်ရှင် သုံးတွဲစလုံးက လုံးဝပစ်ရက်စရာ မရှိအောင် ခမ်းနားပြီးပြည့်စုံလွန်းလှလို့ပဲ။ သုံးတွဲမှာ အပိုင်းတစ်က အကောင်းဆုံးလို့ သတ်မှတ်စရာ ရှိပေတဲ့ နှစ်နဲ့သုံးကလည်း ဟောလိဝုဒ်ကားများ သဘာဝလို ပရိသတ်ကြိုက်လို့ မရှိရှိတဲ့ ဇာတ်ကြောင်းကို ဆွဲဆန့်ပြီး ငွေထပ်ရှာတဲ့ ပုံစံ မဟုတ်ဘူး။ ရှိရင်းစွဲ ဇာတ်ကြောင်းကို ပိုမိုပြီးပြည့်စုံစေတယ်။ မကောင်းမှုနဲ့ ကောင်းမှု အားပြိုင်မှုကို ပိုမိုထင်ရှားခိုင်မာစေတယ်။ ထပ်ပြောချင်တာက ဟောင်ကောင် စီနီမာမှာရှိတဲ့ ဆရာသမားတွေဟာ ဇာတ်ညွှန်းဖန်တီးပေါင်းစပ်မှုနဲ့ ပတ်သက်လို့ အရင်ကကဲ့သို့ မဟုတ်ဘဲ Next Level တခုကို ရောက်ရှိထားပြီ ဆိုတဲ့ အကြောင်းကို မြင်သိစေလိုရင်း ဖြစ်ပါတယ်။
ဒီ Infernal Affairs ကို ပြန်ရိုက်တဲ့ The Departed က မာတင်ကြီးကို ဒါရိုက်တာအဖြစ်နဲ့ တခုတည်းသော အော်စကာဆုရစေတဲ့ ရုပ်ရှင်။ သူက အကြိမ်ပေါင်းများစွာ အော်စကာ ဆန်ခါတင်ခံခဲ့ရပြီး ဒီကားနဲ့ကျမှ ဟောလိဝုဒ်ကလည်း အော်စကာထပေးတာ ရယ်တော့ ရယ်ချင်စရာကောင်းတယ်။ တကယ်တန်းက Raging Bull တို့ ဘာတို့မှာကတည်းက ပေးသင့်တာ။
Departed နဲ့ ခု မူရင်း တရုတ်ရုပ်ရှင် Infernal Affairs နဲ့ ယှဉ်ကြည့်တော့ မာတင်ကြီးလက်ရာက ပိုပြီး ဇာတ်အိမ်ကျယ်တယ်၊ နောက် Jack Nicholson ရဲ့ ကာရိုက်တာက ပိုခိုင်တာကလွဲလို့ ဇာတ်အိမ်ကျစ်လစ်မှုနဲ့ ပြီးတော့ အန်ဒီလူ ကာရိုက်တာနဲ့ မက်ဒေမွန်ကာရိုက်တာချင်းမှာလည်း အန်ဒီလူ သရုပ်ဆောင်တဲ့ ပုံစံက ပိုသာပြီး ပိုကျစ်လစ်တယ်။ ထို့အတူ လီယိုနဲ့ တိုနီလျောင်မှာလည်း တိုနီလျောင်ကြည့်ရတာ ပိုပြီး ဇာတ်အိမ်ကို ကြွတက်စေတယ်။
နောက် ကျနော် လိုက်လံစောကြောမိတာက မာတင်ကြီးဟာ မူရင်း ရုပ်ရှင် Trilogy တခုလုံးကနေ ပြန်ခြုံငုံပြီးတော့ သူရဲ့ မက်ဒေမွန် ဇာတ်ရုပ်နဲ့ လီယို ဇာတ်ရုပ်ကို ပြန်ယူသလား ဆိုတာပါပဲ။ တကယ်တော့ သူ မယူပါဘူး။ သူအဓိက ပြန်ယူတဲ့ Plot က အပိုင်းတစ်က ကျောရိုးကိုပါ။ ဆိုတော့ ပြန်ကြည့်မိတဲ့ ကျနော့်မှာ မူလဇာတ်ဆောင် အန်ဒီလူအတွက် ယူကြုံးမရ ဖြစ်ရပါတယ်။ လီယိုရဲ့ ဇာတ်ရုပ်က တိုနီလျောင် အငွေ့အသက်ကို ပြန်ယူနိုင်တာ မြင်ရပေမဲ့ မည်ကာမတ္တလောက်သာ ရှိသလို မက်ဒေမွန် ကာရိုက်တာဟာ ကသီလင်တ နိုင်လွန်းလှတယ်။ Infernal Affairs ရဲ့ ဇာတ်အိမ်အနှစ်သာရက အန်ဒီလူရဲ့ မှန်းဆရခက်မှုနဲ့ သူ့ရဲ့ သွေးအေးအကွက်ရွှေ့နိုင်မှုတွေကို အဓိကတည်ရင်း သစ်ပင်ရဲ့ ရေသောက်မြစ်နားက မြစ်လက်တက်များလို တည်ဆောက်ထားတာ။ ကျနော်တို့ဟာ သူ့ကို ကြည့်ရင်းနဲ့ ဒီ ရုပ်ရှင်ကပေးတဲ့ ဆင့်ကဲအကူးအပြောင်းတွေ အောက်မှာ အရသာခံ မျောလွင့်ရတာဖြစ်ပြီး အဓိက ဗီလိန်ဇာတ်ဆောင် ဆမ်နဲ့ မာတင်ကြီး လက်ရာထဲက အိုင်းရစ်ရှ် ဂန်းစတား Jack Nicholson ရဲ့ ကာရိုက်တာ နှိုင်းယှဉ်မှုမှာလည်း ဟောလိဝုဒ် စတိုင်လ် ပြန်တည်ဆောက်ယူထားတာ မှန်ပေမဲ့ ဆမ်ရဲ့ Theme ကို ပျောက်ဆုံးစေတယ်။ ဆမ်ဟာ အစက ဂိုဏ်စတားတယောက် မူလဘူတ သစ္စာတရားနဲ့ ပေါင်းစုချိတ်ဆက်မှုကို လက်ခံကျင့်သုံးတဲ့ သူလေ။ အဲလိုကနေပဲ သူဟာ စနစ်တကျ သင်ယူကျွမ်းကျင်လာကြပါတယ် ဆိုတဲ့ ရဲတွေရဲ့ မျက်ခုံးမွှေးတွေကို တပင်ချင်းဆွဲနှုတ်လို့ ရအောင် ကြိုးပမ်းပြောင်းလဲလာတဲ့ ဇာတ်ကောင်။ အဲဒါကို ခိုင်ခိုင်မာမာမြင်လာနိုင်အောင် ပြခဲ့ပြီးသား။ မာတင်ကြီး ရုပ်ရှင်က Jack Nicholson ကတော့ သူ့စတိုင်လ်အတိုင်း အတင်းဂေါ်ထွက် ယုတ်မာလွန်းလှတဲ့ လူ့စုတ်ပဲ့ကြီးအဖြစ် ပြောင်းလဲထားတယ်။ ဒါဟာ မာတင်ကြီးက မူလရုပ်ရှင်လည်း မပျက်စီးအောင် သိမ်မွေ့ငြင်သာစွာ အသွင်ကူးပြောင်းမှု တရပ်လို့ ဆိုနိုင်ပေမဲ့ ကျနော်ကတော့ ဆမ်ရဲ့ ဂန်းစတား ဇာတ်ရုပ်ကို ပိုသဘောကျပါတယ်။
နောက် ကွာတာတွေမှာ Twist အကူးအပြောင်းဖြစ်တဲ့ Infernal Affairs မှာ ခံဝန် Facts တွေ အထိုးခိုင်းတော့ ထုံးစံအတိုင်း လူဆိုး လူမိုက်တွေက စာမတတ်ကြဘူး။ အဲမှာ Bodyguard ဆိုပြီး တရုတ်လိုစာလုံးပေါင်းရတော့ တိုနီလျောင်က လူဆိုးလိုနေနေရပေမဲ့ ပညာတတ်တော့ အဲစရိုက်ကို ချက်ချင်းဖျောက်မရဘူး။ ဟေ့ယျောင် မင်းရေးတာ မှားနေတယ်ပေါ့ ။ ဒါပေမဲ့ သူ ချက်ချင်း တုံ့ခနဲ ဖြစ်ပြီး စာလုံးပေါင်းကို တမင်လိုက်မှားရေးတဲ့ အခန်းက ရေလည်မိုက်တာ။ အဲဒါကို The Departed မှာတော့ Citizen ဆိုပြီး ပြန်သုံးချိန် လီယို သရုပ်ဆောင်ပုံက အဲ မူရင်းက တိုနီလျောင် သူ့အသိစိတ်ကို ချက်ချင်း ပြန်ပြင်လိုက်တဲ့ မုဒ်ကို လုံးဝမမှီဘူး။
ပြီးတော့ မော့စ်ကုဒ် ( Moses Code ) တွေနဲ့ သတင်းပို့တာ။ အဲဒါကလည်း Infernal Affairs ကို လုံးဝကြွေစေတဲ့ အကွက်ရွှေ့မှုတွေ။ ဒီလိုပို့တာကို အန်ဒီလူကလည်း ထပ်တူကျွမ်းကျင်နားလည်တာ ။ အဲဒီမှာ ရဲဌာနနဲ့ ဆမ်တို့ချင်း ဉာဏ်ကစားတဲ့ အခန်းက အမြဲတမ်းတသသ ဖြစ်မယ့် ဇာတ်ကြောင်းတွေ။ Departed မှာတော့ မက်ဒေမွန်က ဖုန်းကီးပတ်ခလုတ်ကြီးကို ရဲတွေကြားထဲ နှိပ်တာကြီးက ရေလည် စားတယ်။ ယုတ္တိသိပ်မတန်လှလို့ပဲ တွေးမိတာပဲ။
နောက် တိုနီလျောင်နဲ့ ရဲမှုးနေရာက အန်တိုနီ ဝေါင်တို့ အတွဲက ပိုပြီး Chemistry မိပါတယ်။ မာတင်ကြီးကားမှာတော့ သိပ်မပါလိုက်ရပေမဲ့ Mark Wahlberg က အရမ်းကောင်းအောင် လုပ်ပေးသွားတာတော့ ရှိတယ်။ ပြောမယ်ဆို သူ့အရံဇာတ်ကောင်ကြောင့်ပဲ Departed က သီးခြားပုံစံမျိုးအဖြစ် ကြွတက်လာတာမျိုး ဖြစ်ခဲ့ရတာ။
ပြောရရင် မာတင်ကြီး ဘယ်လောက်ဆရာကျတယ်ပြောပြော ဒီကားမှာတော့ သူ မူရင်း တရုတ်ရုပ်ရှင်က ဆရာသမားတွေကိုတော့ မှီအောင် ရိုက်မပြနိုင်ဘူးလို့သာ သတ်မှတ်ချင်ပါတယ်။ ဒါပေမဲ့ ဒီကားကျမှ အော်စကာပေးပစ်တာ အံ့ဩလို့ မဆုံးပါဘူး။ ပြီးတော့ ဟောလိဝုဒ်က ပရိသတ်တွေက ဒီ Departed ကို Twists တွေ အရမ်းကောင်းတာပဲ စလို့ ချီးကျူးကြတော့ မူရင်းဆရာသမားတွေ ဖြစ်ကြတဲ့ Alan Mak တို့ Andrew Lau တို့ကို မျက်နှာတောင် ပူမိစရာကြီး။ Departed က Twists တွေဟာ ဒီ Trilogy နဲ့ ယှဉ်လိုက်ရင် အကျဉ်းချုံး ကထားတဲ့ Mini Story ဇာတ်လမ်းစဉ်သာသာပဲ မဟုတ်လား။ ဇာတ်ကောင်များရဲ့ အရသာနဲ့ အားပြိုင်မှုကို ဘာတွေများများစားစား ရလိုက်ရလို့လဲ။ မာတင်ကြီးခမျာမှာ နှစ်နာရီခွဲစာသာသာနဲ့ အတင်းပြွတ်သိပ်ထားသလိုပဲ မြင်ရတယ်။ အရင်က သူရိုက်ပြနေကြ Narrative ကျောရိုးနဲ့ ပုံစံလို ဇာတ်ဆောင်တွေက လွတ်လပ်စွာ မြောက်တက်နေတာကိုလည်း မမြင်လိုက်ရ။ ပြီးတော့ အာရှက ဆရာသမားတွေက ဒီဇာတ်ရုပ်တွေ ဝင်စားမှုမှာ ပို၍ သိမ်မွေ့ပြီး ပြီးပြည့်စုံနေတာ။ လီယိုထက် တိုနီလျောင် အကြည့်တွေ၊ မျက်နှာထားတွေက ကြည့်ရသူအဖို့ နာကျင်စွာ ခံစားရင်း ကျန်ခဲ့ရတာတွေ။
ဟောလိဝုဒ်ရဲ့ အမြတ်ထုတ်မှုတွေလို့သာ ကင်ပွန်းတပ်ချင်ပါရဲ့။ အာရှရဲ့ ရုပ်ရှင် အရည်အသွေးဟာ ငါတို့ သုံးပေးမှ လူပိုသိတာပါကွာ ဆိုတဲ့ အမြင်မျိုးကို မရစေချင်မိတာ။ တခြားသူ မပြောနဲ့ မာတင်လို ဆရာကြီးတောင် မူရင်းထက် ကောင်းအောင် သူမဖန်တီးနိုင်ရှာ။ ဒါတောင် အော်စကာရသွားတာ ရယ်ချင်ပတ်ကျိပါပဲ။ ဆိုပါစို့ Oldboy လို ဖလင်တွေ နောက် ဂျပန်ဘက်က ရုပ်ရှင်အချို့ကို Remake ပြန်လုပ်တာတွေ။ ဟောလိဝုဒ်ကဟာတွေ ပြန်ကြည့်ရတိုင်း လုံးဝအဆင်မပြေလှ။ ဒါပေမဲ့ မာတင်ကြီးက Remake အကူးအပြောင်းမှာ မူလဇာတ်အိမ်ကို အရသာပျက်သွားစေနိုင်တဲ့ ငါက ဒီလိုဆရာပိုကျအောင် လုပ်ပြလို့ရတယ်ဆိုတဲ့ ပုံစံ အတင်းသွပ်သွင်း ပြောင်းလဲတာမျိုး မမြင်ရတာတော့ လေးစားရပါတယ်။
အဲဒီလို ဖျက်ဆီးတာမျိုးက ဘောလိဝုဒ်တို့ကမှ အင်မတန်စွမ်းတာလေ။ The Man From Nowhere လို ရုပ်ရှင်ကို Rocky Handsome ဆိုပြီး ဗလတောင့်မင်းသားကြီးကို အတင်း ထရော်မာမုဒ်ကြီး သွင်းပြတာတို့။ ဆိုတော့ ဒီလို လူဆိုး၊ ရဲ ဉာဏ်ပြိုင်တဲ့အကြောင်း ရုပ်ရှင်မှာ The Departed ထက် ပိုအကြိုက်တွေ့တာက ကိုရီးယား Crime/ Thriller ဖြစ်တဲ့ New World ရုပ်ရှင် ( 2013 ) ပါ။
အဲဒီကား ဒါရိုက်တာအနေနဲ့ ဒီ အထက်ကဖော်ပြတဲ့ ရုပ်ရှင်အရိပ်တွေ ခင်ဗျားခေါင်းထဲ ရှိကို ရှိတယ်မလားလို့ မေးရင် သူ ငြင်းမယ် မထင်ပါဘူး။ South Korean Epic Crime Movie လို့ ထောမနာပေးထားတဲ့ New World ရုပ်ရှင်က အဲဒီလို ညွှန်းဆိုထိုက်အောင်လည်း ရေလည်ကျေနပ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါ။ 2010 နောက်ပိုင်းမှာ ဆရာပတ်တို့ ကောင်းတာကတပိုင်း ကိုရီးယား Crime မှာ သဘောအကျမိဆုံး Thriller ဖြစ်လာတယ်။ အဓိက ချီးကျူးစရာကလည်း ဇာတ်ညွှန်းပါ။
Infernal Affairs နဲ့ တူပါတယ်။ တောင်ကိုရီးယားမှာလည်း ဟောင်ကောင်လို အင်အားကြီးမားတဲ့ ဂိုဏ်းတွေပေါ်လာနေပြီ။ ဒါကို အသွင်ယူနှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကနေလည်း လီဂျောင်ဂျေး ကို လူဆိုးအဖြစ်လူဆိုးဂိုဏ်းထဲမှာ ထည့်ဝင်ထားတယ်။ အဲလို ကဏ္ဍမှာ အရာရှိ ချွိုင်မင်းဆစ်က ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီးတော့ သူက ကြိုးကိုင် ကစားတယ်။ လီဂျောင်ဂျေးက သူ့လက်ထဲက ငါးစာဆိုပါတော့။ ဒီလိုနဲ့ ဂေါဒ့်ဖားသား တိမ်းပါးသွားချိန်မှာ နေရာလုပွဲတွေ ဖြစ်လာတယ်။
ဒီရုပ်ရှင်ရဲ့ အကြိုက်ဆုံးက ပရိသတ်ကို တမင် ယိုပေါက် ( Plot Hole ) ထဲကို ရုပ်ရှင် အဆုံးသတ်နီးပါးအထိ တမင်ဝင်ခိုင်းလိုက်တာပါ။ First Person View ပုံစံနဲ့ လီဂျောင်ဂျေးကနေ ရွေ့ပြပေမဲ့ ဟွန်ဂျောင်မင်းတို့လို လူမိုက်တွေက ဒီကောင်က ရဲဖြစ်နေတယ် ဆိုတာကို မသိဘဲ နေမလားပေါ့။ ဒါကြီးကို သိသိရက်နဲ့ ဘာလို့ လွတ်မြောက်သလဲဆိုတာကို တွေးချင်လာအောင်လုပ်ပြီးမှ အဆုံးသတ် Scene မှာ လီဂျောင်ဂျေးကိုယ်တိုင်ကိုက ရဲတွေဘက်မှာ ရှိမနေတဲ့ “ကျနော်လည်း ရဲတယောက်ပါ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တလွဲဖြစ်အောင် ပြသွားတာက တကယ် ဂေါ်လွန်းလှတယ်။ စကားမစပ် Infernal Affairs ကို ပြည်မကြီးမှာ ပြတော့ အပိုင်းတစ်မှာ Alternative Version နဲ့ ဇာတ်သိမ်းပေးခဲ့ရတယ်လို့ ဆိုတယ်။ တကယ်တော့ မူရင်း ဇာတ်သိမ်းပုံက တိုနီလျောင်က သေသွားပြီး၊ သူနဲ့ပါလာတဲ့ သူလို သူသျှိုကောင်ကလည်း အန်ဒီလူ လက်ချက်နဲ့ တိမ်းပါးရတာကို။ အန်ဒီလူကပဲ အောင်နိုင်သူ အဖြစ်သိမ်းလိုက်တာ။ တရုတ်ပြည်မမှာ ပြသရတော့ အန်ဒီလူကိုပါ ရာဇဝတ်ကောင်အဖြစ် ဖမ်းဆီးပစ်တာနဲ့ ဇာတ်ပြန်သိမ်းပေးရတယ်။
ဒါပေမဲ့ အပိုင်းသုံးမှာတော့ သူ့ကို စစ်ဆေးတာကနေ စပိုင် ဆိုတာကို မပေါ်လွင်စေခဲ့လို့ လွတ်မြောက်ခဲ့ပေမဲ့ သူ့ရဲ့ စိတ္တဇတွေကနေပဲ သူ့ကို ပြန်လည်လှောင်ပိတ်ခြင်းအဖြစ် ဟန်ချက်ညီစွာ ပြန်သိမ်းပေးရတယ်။ The Departed မှာလည်း Mark Wahlberg က လာပြီး မက်ဒေမွန်ကို တန်ပြန်သလိုပါပဲ။ သို့ပေတဲ့ New World မှာ အဲလို ဟန်ချက်ညီမှုတွေကို ရဲရဲဝံ့ဝံ့ ပြောင်းပြန်လှန်ပစ်တဲ့ ကျောရိုးက ရေလည် ဂေါ်ပါတယ်။ Evil အဖြစ် ခံယူလိုက်သူဟာ Evil လိုပဲ ဟန်ချက်ညီရမှာ မဟုတ်လား။ ဟွန်ဂျောင်မင်း ရဲ့ ဇာတ်ရုပ်က New World မှာ တကားလုံးကို ထိန်းပေးသွားတဲ့ ပဲ့ကိုင်ပဲ။ ချွိုင်မင်းဆစ်တောင် သူအရှိန်အစော်အောက်မှာ ငုံ့သွားအောင် လုပ်သွားတာ။ ဘာလို့ဆိုတော့ အဲဒီအဖိုးကြီးကိုယ်တိုင်ကတောင် ရာဇဝတ်မှုတွေကို လုံးဝ တိုက်ဖျက်စေချင်တဲ့ စေတနာ အရင်းခံ ရှိတာ ဟုတ်လို့လား ဆိုတာတောင် မြင်ရတဲ့ အတွက်ပါ။
လောကသစ်မှာ ဘယ်သူမှ ကောင်းမနေကြဘူးလေ။ ကိုယ့်ဝမ်းနာကို ကိုယ်လွယ်ပြီးပဲ ရှေ့ဆက်ရတာ မဟုတ်လား။ ဒီဒဏ်ရာတွေကို မထမ်းပိုးနိုင်တော့တဲ့သူကတော့ သွေးစိမ်းစက်လက်နဲ့ပဲ ဘဝထဲက ပျောက်ကွယ်သွားရုံပ။ ခင်ဗျားတို့ ဒီဇာတ်အိမ်ကြီးထဲကနေ ဘယ်သူ့နေရာမှာ ဝင်ပါချင်လဲ။ အဲဒါကို ရွေးချယ်ခံစားရတာကိုက ဒီရုပ်ရှင်တွေက ပေးတဲ့ အသက်။
ရုပ်ရှင်ရည်ညွှန်း- Infernal Affairs Movie (2002)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment