
“ဝက်”

ကျနော့်ကောင်တွေထဲမယ် ၀က်ဆိုတဲ့ တကောင်ရှိတယ်။ ခင်ဗျားတို့ လူတယောက်ကို ၀က်လို့ နာမည်ပြောင်ပေးမယ်ဆို သတ်မှတ်ထားတဲ့ အင်္ဂါရပ်တွေ ရှိမှာပေါ့။ ထားပါ။ ၀က်က အဲဒါတွေအားလုံးနဲ့ ကိုက်ညီတဲ့ကောင်ပဲ။ ၀က်က ဘုန်းကြီးကျောင်းမှာ မနေဖူးဘူး။ ဒါပေမယ့် မြန်မြန်နဲ့ များများစားနိုင်တယ်။
ခုအကြောင်းက တက္ကသိုလ် ပထမနှစ်ကဆိုတော့ ဒီကောင်က ၁၇ နှစ်သား ၀က်ကလေးပေါ့။
သိတဲ့အတိုင်း ၀က်က အစားအသောက် သိပ်ငမ်းတဲ့ကောင်။ ကန်တင်းထိုင်ရင် အားလုံးထက် သူအရင်ပြီးတယ်။ သူစားနေရင်း စကား လုံးဝမပြောဘူး။ အစားကိုပဲ အာရုံစိုက်ပြီး အကုန်စားတာ။ ပြီးရင် ကျန်တဲ့ကောင်တွေ ပန်းကန်ကို မျက်စောင်းထိုးပြီ။ တခါတလေ ဗလအားကိုးနဲ့ လုစားသေးတာ။ နောက် ပြောင်ပြီး လုတာမဟုတ်ဘူး။ ဝက်က တကယ်စားတာ။ အဲ့တော့ ကျနော်တို့လည်း တကယ်ပြန်လုရတယ်။
၀က်က သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်။ လွန်စွာလည်း ချစ်ဖို့ကောင်းသလို လွန်စွာလည်း သောက်ခွက်ထိုးချင်စရာ ကောင်းလောက်အောင်ကို ဝက်က အဘက်ဘက်က ပြည့်စုံတယ်။ကျနော်က ဆေးလိပ်ဖြတ်ချင်လို့ ကွမ်းစားတယ်။ ဒီကောင် ကွမ်းလုစားတယ်။ နောက် ကွမ်းဖြတ်ချင်လို့ ပီကေစားတယ်။ ဒီကောင် ပီကေ လိုက်လုစားတယ်။ သူ့ကိုကြည့်ရင် ဆေးလိပ်လေးသောက်လိုက်၊ ကွမ်းလေးစားလိုက်၊ ပီကေလေး ဝါးလိုက် အဆင်ကိုပြေနေတာပဲ။ကျနော် ငယ်ငယ်က ၀မ်းခဏခဏ ချုပ်တယ်။ ရေသောက်နည်းလို့။ အဲ့တော့ ၀မ်းနုတ်ဆေးလေးတွေ ဆောင်ထားရတယ်။ ၀မ်းချုပ်တာနဲ့ သောက်ရတာပေါ့။
တရက်တော့ ကျုရှင်မယ် ကျနော်က ၀မ်းနုတ်ဆေးလေးတွေကို ထုတ်ကြည့်မိတယ်။ ဆေးကုန်ရင် ၀ယ်ရအောင်ပေါ့။ ဖြစ်ချင်တော့ ၀က်က ချောင်းတွေ တအားဆိုးနေချိန်။ လက်ထဲက ဆေးလုံးလေး သုံးလုံးကိုမြင်တော့ ဒီကောင်က ဘာဆေးလဲလို့ မေးတယ်။ ကျနော်ကလည်း ပြီးပြီးရော “ချောင်းဆိုးပျောက် ဆေးပါကွာ” လို့ ပြောလိုက်တယ်။ အဲ့ဒါနဲ့ ဝက်က ပေးစမ်းဆိုပြီး ဆတ်ခနဲ လုပြီး သုံးလုံးစလုံး သောက်ပလိုက်တယ်။ “ငါ ချောင်းတွေဆိုးနေတာနဲ့ အတော်ပဲကွ” တဲ့။ ပထမတော့ သတိပေးမလို့ပါပဲ။ ဒါပေမယ့် သူများယုံကြည်ချက်ကို ကျနော် မဖျက်ဆီးရက်ဘူး။ ချောင်းဆိုးပျောက်ဆေးပါလို့ သူယုံကြည်ထားတာကို ကိုယ်က ၀မ်းနုတ်ဆေးကွလို့ ပြောလိုက်ရင် ၀က် စိတ်မကောင်းဖြစ်သွားမယ်လို့ ကျနော်တွေးမိတယ်။ ယုံကြည်ခြင်းဟာ မဟာအင်အားလို့ ဆိုတယ်မဟုတ်လား။ ထားလိုက်ပေါ့။ နောက် ၄၅ မိနစ်လောက်နေတော့ ကျုရှင်ဆင်းတယ်။ အားလုံး အလျှိုလျှို ပြန်သွားကြတယ်။ ၀က်နဲ့ ကျနော်က အတူတူ ကားစီးပြန်ရတယ်။ ကားဂိတ်ရောက်တော့ ကားပေါ်တက်မယ်လုပ်တုန်း ၀က်က လက်ကိုဆွဲထားတယ်။
“မိုးကြီး … ခဏနေဦး … ငါ အိမ်သာတက်ချင်လို့ ” တဲ့။
ဪ … ဒါများ။ ၀က် အိမ်သာတက်ချင်တာ ဘာဆန်းလို့။ သူများတွေ နေရာဒေသ အသစ်ကိုရောက်ရင် အောင်မြေနင်းတာတို့၊ ဘုရားပူဇော်တာတို့၊ မြေကြီးကောက်စားတာတို့ လုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒါပေမယ့် ၀က်က အဲ့လိုမဟုတ်ဘူး။ အိမ်သာအရင်ရှာပြီး ဦးအောင်တက်ပစ်တာ။ သူ့အယူအဆပေါ့လေ။ တခါသော် … မယ်သီလရှင်ကျောင်းကို တောင်းပန်ပြီး အိမ်သာ ၀င်တက်ရဖူးတယ်။ ရပါတယ်။ တက်ပေါ့။
ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေး ရောက်တယ်။ ၀က်က အိမ်သာထဲ ပြေး၀င်သွားတယ်။ ကျနော့်မှာလည်း လက်ကျန်ပိုက်ဆံလေးနဲ့ ကော်ဖီတောင် မသောက်နိုင်ဘူး။ ဆေးလိပ်လေး တပွဲမှာပြီး စောင့်ရတယ်။
ဝက်က ပထမတခေါက် ထွက်လာတယ်။ ရပြီးလား၊ ရပြီ၊ သွားမယ်ဆိုတော့ နေဦးကွဆိုပြီး ပြန်၀င်သွားတယ်။ ဒုတိယတခေါက်။ ရပြီလား၊ အေး … ရပြီ။ ဒါဆို သွားမယ်။ နေဦးကွဆိုပြီး ပြန်ဝင်သွားပြန်ရော။ သုံးခေါက် … လေးခေါက်။ ငါးခေါက်လောက်ကျတော့ ဆိုင်ရှင်က မကြည်ချင်တော့ဘူး။ ရေနွေးက သုံးအိုးလောက်ကျနေပြီ။ ဒီကောင်ကလည်း တခါတခါ အတော်ကြာတာ။ ပုံမှန်အတိုင်းကို ရေနွေးတအိုးစာလောက်ကြာတာ။ အခုက ပိုကြာပြီပေါ့။
ခြောက်ခေါက်မြောက်မှာ ၀က် ထွက်လာတယ်။ မျက်နှာတောင် ချက်ခြင်းကျသွားသလိုပဲ။ လူတွေ ၀မ်းသွားရင် အဖတ်နဲ့အရည် နှစ်မျိုးပဲ သွားလေ့ရှိတယ်။ ဝက်ပုံစံကြည့်ရတာက အဖတ်နဲ့အရည်ပါ သွားစရာမရှိတော့လို့ လေတွေပါ သွားလိုက်ရတဲ့ပုံစံမျိုး။ ရုတ်ချည်း ဆယ်ပေါင်လောက် ပစ်ကျသွားသလိုကို ဖြစ်နေတာ။ ဝက်ခမျာ တော်တော် ချိနဲ့သွားတယ်။
အပြန်ကားပေါ်မှာ ၀က်က အပြင်ကိုငေးပြီး ငိုင်ငိုင်ကြီးဖြစ်နေတာ။ သူ တနေကုန် စားထားတာတွေကို ပြန်ဆန်းစစ်နေမှာပေါ့။ မှတ်တောင် မှတ်မိပါ့မလား မသိဘူး။ ကျနော်လည်း စိတ်မကောင်းဘူး။ စိတ်မကောင်းလည်း မတတ်နိုင်ဘူးလေ။ မင်း ခုနကသောက်လိုက်တာ ၀မ်းနုတ်ဆေးတွေကွလို့ ကျနော် မပြောရက်ဘူး၊ ပြောမထွက်ဘူး။ တော်ကြာ ချောင်းတွေ ထဆိုးနေရင် ဘယ်နှယ့်လုပ်မလဲ။ ဒါနဲ့ ဒီအတိုင်းလေးပဲ ကားအတူတူစီးပြီး ပြန်သွားလိုက်တယ်။ ၀က် လုံး၀မသိခဲ့ဘူး။
အခု ဒီကောင်က ၀က်ကလေး မဟုတ်တော့ဘူး။ ၀က်ကြီးဖြစ်သွားပြီ။ အရင်ကထက် နှစ်ဆပို၀လာ၊ ပိုစားလာ။ ပေါင်နှစ်ရာကျော်ကျော်ကြီး။ နည်းတဲ့ အတ္တဘောကြီးလား။ သူ အမြဲတမ်း ပြောလေ့ရှိတာက ခင်ဗျားတို့လိုပါပဲ “ငါ ဝိတ်ချတော့မယ်ကွာ” ဆိုတဲ့စကားပေါ့။ အဲဒါပြောလာတာ ဆယ်စုနှစ် တခုနီးပါး ရှိပြီလေ။ မနှစ်က ဖုန်းဆက်တယ်။ “ဝက် မင်းဘာတွေလုပ်နေလဲ” ဆိုတော့ “ငါ စစ်မှုထမ်း ရှောင်နေတယ်ကွ” တဲ့။ ကျနော်ကလည်း “လုပ်မနေပါနဲ့ ဝက်ရာ၊ တပ်က မင်းကို မကျွေးနိုင်ပါဘူး၊ အိမ်ပဲ ပြန်နေစမ်းပါ” ဆိုလို့ ဝက်က စိတ်ဆိုးသွားသေးတယ်။
Be the first to comment