– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
စက်တင်ဘာ ၁ ရက်နေ့က ဖိလစ်ပိုင် အနောက်ဘက်ပင်လယ်ပြင်မှာ ရာဂီမုန်တိုင်း အစပျိုးတယ်။ ၄ ရက်နေ့မှာ တရုတ် ဟာဝိုင်ယီလို့ တင်စားခေါ်တဲ့ ဟိုင်နန်ကမ်းခြေကို တိုက်တယ်။ ဟိုင်နန်ကျွန်းနဲ့ ပြည်မကြီးရဲ့ ရေလက်ကြားကိုဖြတ်ပြီး မြောက်ဘက် ဂွန်ဒေါင်းပြည်နယ်ကို တိုးဝင်တယ်။ ရှန်ဟိုင်းမှာတော့ နှစ် ၇၀ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းလို့ သတင်းတွေမှာတွေ့ရတယ်။
‘မုန်တိုင်းရဲ့ခြေရာ’
တရုတ်နဲ့အပြိုင် မုန်တိုင်းဟာ ဗီယက်နမ်မြောက်ပိုင်းကို စက်တင်ဘာ ၅ ရက်နေ့မှာ စဝင်ပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်တဲ့သတင်းတွေ စ ကြားလာရတယ်။ ဗီယက်နမ်ကို ဝင်တဲ့အချိန်မှာ အတော်ပြင်းထန်နေပြီဖြစ်ပြီး (သတင်းတခုအရ လေတိုက်နှုန်းက တနာရီ ၁၃၈ မိုင်နှုန်းလောက်အထိ ရှိတယ်လို့ ဆိုတယ်) အဲဒီကမှ ထိုင်းမြောက်ဘက်၊ လာအိုနဲ့ မြန်မာ အရှေ့မြောက်ဒေသကို ဝင်ရောက်လာတယ်။
ဆိုတော့ ကမ္ဘောဒီးယားကလွဲရင် မဲခေါင်မြစ်ဝှမ်းနိုင်ငံအားလုံး ရာဂီဒဏ်ကို အနည်းနဲ့အများ ခံစားခဲ့ကြရတာဖြစ်တယ်။ မြစ်ထိပ်က တရုတ်နဲ့ မြစ်အောက် ၅ နိုင်ငံရဲ့ မဲခေါင်မြစ် ရေနိုင်ငံရေး ဆွေးနွေးပွဲအပြီးမှာ ရာဂီဝင်ရောက်လာတာဟာ တိုက်ဆိုင်မှုသက်သက်ပါ။ ဒါပေမယ့် နိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွား အဓိကထားတဲ့ နိုင်ငံရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအပြင် သဘာဝဘေးအန္တရယ်တွေကို စုပေါင်း ကြိုတင်ကာကွယ်တဲ့ အစီအစဥ်တခု လိုအပ်လာပြီဆိုတာကိုပါ ဒီမုန်တိုင်းက မီးမောင်းထိုးလိုက်တာပါပဲ။
‘ရှမ်းမန်းသက်ရောက်မှု’
ထိုင်းမှာ အပြင်းထန်ဆုံး ထိခိုက်ခဲ့တာဟာ ချင်းရိုင်မြို့နဲ့ ပတ်ဝန်းကျင်ဖြစ်ပြီး အဲဒီကမှ အနီးဆုံး မြန်မာဘက်ခြမ်း တာချီလိတ်ကို ဝင်လာတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို စက်တင်ဘာ ၁၀ ရက်နေ့မှာ ရေကျော်ခဲ့တယ်။ ရှမ်းအရှေ့ကနေ ရှမ်းတောင် (အင်းလေး၊ ကလော စသည်)ဘက်ကို ရွေ့လျားလာတဲ့သဘောဖြစ်တယ်။ မန်းဘက်မှာတော့ မုန်တိုင်းနဲ့ ရာသီဥတုအရှိန်ကြောင့် ဝမ်းတွင်းမြို့နယ်ထဲက စမုံဆည်ကျိုးတယ်။
စမုံမြစ်တလျှောက်က မန်းအောက်ပိုင်းမြို့တွေဖြစ်တဲ့ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ သဲတောနဲ့ တဆက်တည်း သာစည်၊ ရမည်းသင်းဘက်ပါ ရေကြီးရေလျှံမှုတွေဖြစ်တယ်။ မိုးထိ မိုးမိ ရွှေတူးဖော်ရေးလုပ်ငန်းတွေရှိတဲ့ ရမည်းသင်းဟာ လက်ရှိ ရေကြီးတဲ့ဒဏ်ကို အဆိုးဆုံးခံရတဲ့ ဒေသတခုထဲမှာ ပါဝင်တာမို့ သစ်တောပြုန်းပြီး မြေတူးဖော်မှုတွေ အလွန်အကျွံရှိတဲ့ ဒေသတွေဟာ သဘာဝဘေးဒဏ်ကို ပိုခံရတယ်ဆိုတဲ့ သက်သေပဲဖြစ်တယ်။ မန်းတောင်ပိုင်းနဲ့အတူ နေပြည်တော်၊ တပ်ကုန်း၊ ပျဥ်းမနားဘက်မှာ မိုးကြီးပြီး ရုတ်တရက်ရေလျှံတာတွေကို စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး ကြုံတွေ့ကြရတယ်။
‘မြစ်များရဲ့တောင်ဘက်ဆီသို့’
လွိုင်ကော်ရေကြီးတဲ့သတင်းက တပတ်လောက်နောက်ကျပြီး စက်တင်ဘာ ၁၇ လောက်မှာ စဖြစ်တယ်။ မိုးကောင်းတဲ့အပြင် ရှမ်းတောင် (အင်းလေး) ဘက်က ရေတွေဆင်းလာတဲ့ အရှိန်ကြောင့်ဖြစ်ပြီး မိုးဗြဲရေကာတာလည်း ရေမထိန်းနိုင်တော့လို့ ရေတွေဖွင့်ချခဲ့တဲ့ ဒဏ်တွေကိုပါ စုခံနေရတဲ့သဘောဖြစ်တယ်။ လွိုင်ကော်မှာ မြို့ပေါ်ရပ်ကွက် အတော်များများ ရေမြုပ်နေပြီး လွိုင်ကော် ရေဘေးကူညီမယ့်သူတွေကို စကစက ဆီဆိုင်-လွိုင်ကော်လမ်းကနေ ပိတ်ထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြတာတွေ့ရတယ်။
ရှမ်းအရှေ့ တာချီလိတ်ကဝင်လာတဲ့ ရာဂီမုန်တိုင်းနဲ့ သက်ရောက်မှုတွေဟာ ရှမ်းတောင်ဘက်ကနေ မန်း၊ မကွေး စတဲ့ ဒေသတွေကို အလျားလိုက်သဘောမျိုး ဝင်လာပြီး အောက်ဘက်ကို ဆင်းလာတာမို့ ဧရာ၊ သံလွင်နဲ့ စစ်တောင်းမြစ် အောက်ပိုင်း (တောင်ပိုင်း) ဒေသတွေမှာ ဆက်ပြီး သတိရှိကြဖို့ပါပဲ။
‘သဘာဝဘေးနဲ့ စစ်ဘေး’
သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေချိန်မှာပဲ လတ်တလော ရေဒဏ်ကလွတ်မြောက်တဲ့ ရှမ်းမြောက်နဲ့ ရခိုင်ကို စကစဗုံးကြဲတဲ့သတင်း၊ စစ်ကိုင်း၊ ကချင်နဲ့ မန်းမြောက်ဘက်ကို ထိုးစစ်ဆင်တဲ့ သတင်းတွေကိုလည်း တွေ့ရတယ်။ ဒီရက်ပိုင်းတွေမှာ ဧရာဝတီက အေအေဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုမေးတဲ့ အင်တာဗျူး ၃ ပိုင်းနဲ့ တရုတ်သံရုံးက မြန်မာအရေးမှာ တရုတ်က မြန်မာလူထုကို မျက်နှာမူတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ လူပြောများကြတာကို တွေ့ရတယ်။ ရာဂီအရှိန်ကို တောင်ပိုင်းနိုင်ငံတွေ ဆက်ခံစားနေရချိန်မှာပဲ တရုတ်ကို နောက်ထပ်မုန်တိုင်းတခု ထပ်ဝင်ဖို့ အလားအလာရှိနေပြီး ဥရောပမှာ ရေလွှမ်းမိုးတဲ့ သတင်းတွေကိုလည်း တွေ့လာရတယ်။
စျေးကွက်ကို လွတ်လပ်ဖို့ပဲ အလွန်အမင်းအာရုံစိုက်ပြီး တာဝန်ယူမှုပိုင်းအားနည်းတဲ့ အကျိုးစီးပွားအဓိကထားတဲ့ ကမ္ဘာ့နိုင်ငံရေး စီးပွားရေးဟာ ကမ္ဘာ့ဂေဟစနစ်ကို ကောင်းစွာဖျက်စီးခဲ့တာကို ကိုဗစ် ၁၉ နဲ့ ခု ရာသီဥတုဒဏ်တွေက သက်သေခံနေတယ်။ စီးပွါးရေးပြည့်စုံပြီး နိုင်ငံရေးတည်ငြိမ်တဲ့ နိုင်ငံတွေမှာ စစ်ဒဏ်၊ ရာသီဥတုပျက်စီးတဲ့ဒဏ်တွေကို ကြိုတင်ကာကွယ်နိုင်၊ ဖြစ်လာရင်လည်း ကယ်ဆယ်နိုင်စွမ်းရှိပေမယ့် မြန်မာလို အထွေထွေပျက်စီးဆုံးရှုံးမှုနဲ့ စည်းလုံးမှုကင်းမဲ့နေတဲ့ နိုင်ငံမျိုးမှာတော့ လူထုဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို ခါးစည်းခံနေကြရတာ တွေ့ရတယ်။
စစ်တပ်က မြို့ရွာတွေကို မီးရှို့ဖျက်စီးလို့ အရှိန်မသေသေးခင်မှာပဲ မြန်မာဟာ ရေကြီးမှုဒဏ်ကို အကြီးအကျယ် ခံစားနေရပြီဖြစ်တယ်။ မြန်မာစာပေမော်ဒန်တခေတ်က ထင်ရှားတဲ့ ကဗျာဆရာတဦးဖြစ်တဲ့ ဝင်းမောင်ရဲ့ “ဝဋ်ဒုက္ခဟာ ရေမီးအစုံအလင်နဲ့” ဆိုတဲ့ ကဗျာအဖွဲ့ဟာ ခုအနေအထားကို ဖော်ပြနေသလိုပါပဲ။
‘လူထုကို တကယ် မျက်နှာမူရဲ့လား’
နိုင်ငံတနိုင်ငံအတွက် စကစလို စစ်အာဏာသိမ်း အုပ်ချုပ်ရေးမှာပဲဖြစ်ဖြစ်၊ တရုတ်လို စူပါပါဝါရဲ့ နိုင်ငံခြားရေးပေါ်လစီမှာပဲဖြစ်ဖြစ်၊ ဒေသအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှာ ဦးဆောင်မှုယူထားကြတဲ့ နွေဦးလို တော်လှန်ရေးတရပ်မှာပဲဖြစ်ဖြစ် အောင်မြင်တဲ့အုပ်ချုပ်ရေး၊ နိုင်ငံခြားရေးပေါ်လစီနဲ့ တော်လှန်ရေးတရပ်ဆိုတာ လူထုကိုအခြေခံပြီး လူထုရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ဖို့ပဲ ဖြစ်တယ်။
NUG ကစလို့ အီးအေအိုတွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေအားလုံး စက်တင်ဘာရေဘေးမှာ စစ်ရှိန်ချရင်း လူထုရဲ့ဆင်းရဲဒုက္ခကို တွေ့ကြုံ မျှဝေ ခံစားရင်း ရှေ့ခရီးအတွက် အကောင်းဆုံးစုစည်းမှုနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ကြမလား စောင့်မျှော် ကြည့်ရှုရမှာပဲဖြစ်တယ်။
Be the first to comment