
‘ဝါဒဖြန့်သူ’
■ ဆူးနတ်သံ
“ဘာမှ ဆုပ်ကိုင်မထားတဲ့ သုညလက်ပါ
တဖျက်ဖျက် မလွင့်နိုင်တဲ့ အလံတွေကိုင်ရင်း ပန်းဝင်ခဲ့ပါပြီ” ဆိုတဲ့ကဗျာက 2021 ခုနှစ် မတ်လ ၃ ရက်နေ့ မုံရွာသပိတ်မှာ ကဗျာဆရာ ကေဇဝင်းနဲ့အတူ တနေ့တည်း ကျဆုံးခဲ့တဲ့ ကဗျာဆရာမ ကြည်လင်အေးရဲ့ ကဗျာပဲကွ။ တို့တတွေ သင်ယူရမှာက လောကကို ချစ်တဲ့စိတ်ပဲ။ လောကကို ချစ်စိတ်ရှိရင် သုညလက်ထဲကနေ နိုင်ငံအတော်အလံကို လွှင့်ထူလာနိုင်မှာပဲ။ သူတို့ ကျဆုံးမှုဟာ အကြွင်းမဲ့ လွတ်လပ်ရေး အကြွင်းမဲ့ တန်းတူညီမျှရေးပါပဲ။ မင်းတို့ ငါတို့က သူတို့ခင်းသွားတဲ့ တံတားကို ဆက်လျှောက်ရမယ်။ လွတ်လပ်ရေး ခရီးအတွက် တိုက်ပွဲဝင်ရင်းပဲ သေကြမယ်။ နောက်တန်းပြန်ခဲ့လို့ သေရတယ် မဖြစ်ရဘူး။ ဘာတွေ ကြုံကြုံ ဆက်လျှောက်ကြမယ်မလား။ ဘာတွေ ကြုံကြုံ ဆက်လျှောက်ကြမယ်မလား။
“ဆက်လျှောက်မယ်”
“ဆက်လျှောက်မယ်”
“ဆက်လျှောက်မယ်”
သူ့ရဲ့အမေးကို လက်သီးလက်မောင်းတန်းရင်း ဟိန်းထွက်လာတဲ့ လူငယ်ထုအသံပြုတာကို ပြုံးပြီး ပီတိဖြစ်နေတဲ့ ရဲမေဟာ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ အေးဆေးကြည် ပါ။ အေးဆေးကြည်ဟာ တပ်ရဲ့ အားထားရတဲ့ ရဲမေတဦး ဖြစ်သလို အခုလို ရံဖန်ရံခါ မိန့်ခွန်းထွက်ပြောရတိုင်း နက်မှောင်တဲ့ မျက်ခုံးနှစ်ခုကြားကနေ ပြင်းထန်ခက်မာတဲ့ ယုံကြည်ချက်တွေနဲ့ အညာသံဩဩနဲ့ တော်လှန်စိတ်ကို လှုံ့ဆော်ပေးတတ် အရှိန်တင်ပေးနေပါတယ်။
အေးဆေးကြည် မိန့်ခွန်းပြောရတဲ့ နေ့တွေဟာ ဆန်းသစ် ချစ်ခင်စရာ ကောင်းပါတယ်။ အမြင်သစ် အတွေးသစ် ရွှင်စေပါတယ်။ ၂၅ နှစ်အရွယ် ရဲမေကို တပ်က လူကြီးလူငယ်မရွေး လေးစားကြတာ အဆန်းတော့မဟုတ်ပါ။ နာမည်နဲ့ လိုက်အောင် အေးအေးဆေးဆေး နေတတ်ပေမဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ အနုပညာဝါဒီ တဦး ဖြစ်ပါတယ်။ စာဖတ်အားသန်လှတဲ့ သူမဟာ အနုပညာ စာပေ ပန်းချီ ဂီတကို နှံ့စပ်အောင် ပြောပြနိုင်သူပါ။ စာပေဟင်းလေးအိုးနံ့ တသင်းသင်းရတဲ့ သူမအဖို့ တော်လှန်ရေးတပ်ရဲ့ မည်သည့်တာဝန်မဆို ထမ်းရွက်နိုင်တာ မဆန်းတော့ပါ။
“ရဲဘော် အေးဆေးကြည်ကို ကျနော် တာဝန်ပေးအပ်စရာရှိတယ်။ ရဲဘော် မထမ်းရွက်နိုင်ပါက
ငြင်းဆန်ခွင့် ရှိတယ်။ ရဲဘော်အတွက် အကူနှစ်ယောက်ထည့်ပေးမယ်။ ရဲဘော်တို့ တာဝန်က နယ်မြေအခြေအနေအရ ဖန်တီးနိုင်တဲ့ ပညာရေးစတင်နိုင်အောင် သွားကူညီရမှာပဲ။ ရဲဘော် အေးဆေးကြည်၊ ရဲဘော် ခင်မေ၊ ရဲဘော် နွေးနွေးအောင် ထမ်းဆောင်နိုင်သလား ပြောကြပါ။”
“ဟုတ်ကဲ့ ထမ်းဆောင်နိုင်ပါတယ်” သုံးယောက်သား ပြိုင်တူ ပြောလိုက်ပါတယ်။
“ရဲဘော် အေးဆေးကြည် ကျန် ရဲဘော်အကူ နှစ်ယောက်ကို စောင့်ရှောက်ပါ။ ဦးဆောင်ပါ။”
“ဟုတ်ကဲ့ တပ်မှူး” ဟု အေးဆေးကြည် ဖြေကြားပြီး အလေးပြု ထွက်ခွာသွားကြပါတော့တယ်။
နယ်မြေသစ် အခြေချဖို့ စေလွှတ်ခံရတိုင်း အေးဆေးကြည် တွေးမိတာ တခုတည်းရှိပါတယ်။ မိမိ အယူဝါဒခိုင်မာမှုဟာ လူအုပ်ကြီးနဲ့တွေ့ရင် မယိုင်မလဲ ရပ်တည်နိုင်ပါ့မလားဆိုတာပဲ ဖြစ်တယ်။ “ငါ လုပ်နိုင် ရမှာပေါ့” အားတင်းရင်း တပ်ရဲ့ တာဝန်ကို ဦဆွေးဆံမြည့် ထမ်းရွက်မယ်ဟု ဆုံးဖြတ်ချက် ပြတ်ပြတ်သား ဆုံးဖြတ်ထားလိုက်တယ်။ နယ်မြေသစ်ဟာ ငါ့အတွက် အတွေ့အကြုံသစ်ဖြစ်လာနိုင်သလို နယ်မြေသစ်က ငါ့ကို သင်ပြပေးနိုင်တာ ရှိမှာပါပဲ။
လမ်းခရီး စထွက်တော့ အေးဆေးကြည်ရယ် ရဲဘော်ခင်မေ၊ ရဲဘော် နွေးနွေးအောင်တို့ကို ရဲဘော် လူမောင်နဲ့ ရဲဘော် အသိန်းတို့က လမ်းခရီးတဝက်ထိ ဆိုင်ကယ်ခရီး လိုက်ပို့ကြတယ်။ ကျန်ခရီးတဝက်ကို နယ်မြေခံ ရဲဘော်တွေနဲ့ ရပ်မိရပ်ဖတွေ လာကြိုမှာ ဖြစ်တယ်။ ခန့်မှန်းချေ တပါတ် ဆယ်ရက်အတွင်း မိုးများများမရွာရင် ရောက်လိမ့်မယ်လို့ တွက်ဆထားတယ်။ ရန်သူ့စခန်းများ ကွင်းရှောင် သွားရတာဖြစ်တော့ ခရီးက သိပ်မတွင်လှပါ။
ရဲဘော် အသိန်းက လမ်းခရီးမှာ စားဖိုမှူးလုပ်ပေးတယ်။ တောထဲက ဆီးဖြူသီးကို ခူး ပါလာတဲ့အိုးတွေနဲ့ ပြုတ် အကြော်အလှော် ပါလာတဲ့ အငံကြော်များနဲ့ လွေးကြရင်း တပါတ် ဆယ်ရက်အတွင်း ရိက္ခာ ဖူလုံပါတယ်။ ရေကတော့ ချိုးလို့မဖြစ်ပေဘူး။ ကိုယ်လက် သန့်စင်တာတော့ လုပ်လို့ရတယ်။ အသိန်းနဲ့ လူမောင်ကတော့ ယောက်ျားလေးတွေပဲ တွေ့ရာ စမ်းချောင်းထဲ ခေါင်းတိုးမြုပ်အောင် ရေချိုးကြတာပဲ။ အေးဆေးကြည်နဲ့ ရဲဘော် ခင်မေ၊ ရဲဘော် နွေးနွေးအောင်တို့အနေနဲ့ စမ်းရေချိုး စမ်းရေသောက်ရင် ငှက်ဖျားပိုး ဝင်လာနိုင်ချေများတယ်လို့ အေးဆေးကြည်က ထိန်းထိန်းသိမ်းသိမ်း ရေမချိုးရဘဲ ရှောင်ခိုင်းရတယ်။
အသိန်းက ပြောရှာတယ်။ စည်းကမ်းတင်းကြပ်အောင် ချနေတဲ့ မမကြည်က ရဲဘော် ခင်မေနဲ့
ရဲဘော် နွေးကို အသက်နဲ့ လဲပြီး စောင့်ရှောက်မှာ သိပါသတဲ့။ လူမောင်ကတော့ မမကြည်က ကျနော်တို့
စီနီယာ ရဲဘော် အစ်မတယောက်ထက် အစ်ကိုတယောက်လိုပါပဲတဲ့။ ထူးအိမ်သင် ဆိုထားတဲ့ ညီလေးရေ သီချင်းငြီးမိတိုင်း တို့မမကြည်ပဲ ပြေးမြင်မိသတဲ့။ အားလုံးရဲ့ ကြည်လင်အေးမြတဲ့ မေတ္တာစကား ကြားရတော့ အေးဆေးကြည်အတွက် ခွန်အားဖြစ်ရတယ်။ ဒီရဲဘော်တွေဟာ အေးဆေးကြည်ရဲ့ ရဲဘော်ရဲဘက်ထက် ပိုတဲ့ ရဲဘော်တွေ ဖြစ်ကြောင်း စကားလုံးထက် နှလုံးသားထဲက လုပ်ရပ်နဲ့ပဲ သက်သေ ပြချင်တယ်။ အသိန်း၊ လူမောင်၊ ခင်မေနဲ့ နွေးကို အသက်နဲ့လဲပြီး ကာကွယ်သွားမယ်။
လမ်းခရီးက ကြမ်းတော့ ဆိုင်ကယ် တလှည့်စီ ဆင်းတွန်းရတယ်။ ခင်မေ၊ နွေးတို့ဟာ ပင်ပန်းနွမ်းနယ်နေကြပြီ။ အေးဆေးကြည်လည်း မောဟိုက်ပြီး ချွေးဒီးဒီးကျနေပေမဲ့ ပင်ပန်းမှုတွေကို မေ့ဖျောက်ထားရတယ်။ အသိန်းက “မိုင်ဝက်လောက်ဆိုရင် ဆုံမှတ်ကို ရောက်ပြီပဲ မမကြည်။ ကျနော်တို့ ခဏလောက် နားကြဦးမလား” ပြောလာရဲ့။ “အချိန်ရသေးလား ရရင် နားကြစို့လေ” ဟု အေးဆေးကြည် ပြန်ပြောလိုက်တယ်။ ခဏနားပြီးမှ ဆက်သွားကြတာပေါ့။ ခရိုးလမ်း ခုံးထနေတဲ့ မြေပခုံးသား တောင်တက်လမ်းဆိုတော့ မမကြည်တို့ အကုန်လုံး ပင်ပန်းနေကြပြီပဲ။ ဆိုင်ကယ် တဘီးလောက်ချရုံ လမ်းဖောက်ခဲ့တဲ့ လူတွေပဲ ကျေးဇူးလည်းတင်တယ်။ အားလည်း နာတယ် ပြောရတော့မယ်ဟေ့လို့ အေးဆေးကြည်က စနောက်ပြောတော့ “ကျနော်တို့ အားလုံး ထူထောင်ရေးကျရင် ဒီလမ်းကို မမကြည်လမ်းဆိုပြီး ကတ္တရာခင်းကြတာပေါ့ ဟုတ်ရဲ့လား” ဆိုပြီး ပြန်နောက်ပြန်တော့ တဖွဲ့လုံး တဝါးဝါး ရယ်မောကြတော့တယ်။
နားပြီး ပြန်ထွက်ပြီး အကြာမှာပဲ ဆုံမှတ်ရောက်တယ်။ တတဲတည်းသော သက်ငယ်မိုးအိမ်မှာ ရဲဘော် ယူနီဖောင်းများနဲ့အတူ သေနတ်တယောက် တလက် လွယ်ထားတဲ့ ရဲဘော် လေးယောက် တွေ့ရတယ်။ အသိန်းကို လက်ဆွဲနှုတ်ဆက်ရင်း ခင်ဗျားတို့ လာတာ ကျေးဇူးအရမ်းတင်တယ်။ ဒေသက အရမ်း ခက်ခဲကြပ်တည်းတဲ့အပြင် ပညာရေးက ငြိမ်းချမ်းစဉ်ကတည်းက မဖွံ့ဖြိုးဘူးဗျလို့ ဝန်ခံရှာတယ်။
“ကျနော်က အေးဆေးကြည်ပါ။ ရဲဘော် ခင်မေ၊ ရဲဘော် နွေးနွေးအောင်၊ ရဲဘော် လူမောင်ပါ။” ဟု
ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်တဲ့အခါ နွေးထွေးကြမ်းရှတဲ့ လက်တစုံကို ထိတွေ့မိတော့တယ်။
“ကျနော်က ဘရန်လင်းပါ။ ရဲဘော်ဆန်းမောင်၊ ရဲဘော် သျှိုင်းအောင်၊ ရဲဘော် တင့်နိုင်ပါ။” ဟူ၍ မိတ်ဆက်ပေးပါတော့တယ်။ ရပ်မိရပ်ဖတွေက ခဏနေ ရောက်ပါလိမ့်မယ်။ ကျနော်တို့က ရှေ့ပြေးအဖွဲ့ပါ ဟူ၍ ကိုဘရန်လင်းက ဆိုလိုက်ပါတော့တယ်။ အချိန်ခဏအကြာ စောင့်ဆိုင်းပြီးတဲ့အခါ ရပ်မိရပ်ဖတွေ ရောက်လာပါတယ်။ ရပ်ကျေးဘက်က ဥက္ကဌ ဦးရင်မြင့်၊ ကျောင်းကော်မတီထဲက ကိုဝေး၊ ကိုလှမင်းနဲ့ ကိုဉာဏ်ဝင်းလို့ မိတ်ဆက်ကြပါတယ်။ ရဲဘော် အသိန်းနဲ့ ရဲဘော် လူမောင်လည်း လူစုံတက်စုံ မိတ် ဆက်ပြီးမှ လူစုခွဲပြီး ပြန်ကြတော့တယ်။ ကျနော့် ရဲဘော် အစ်မနဲ့ ရဲဘော် ညီမလေးတွေကို ဂရုစိုက်ပါ အထပ်ထပ် မှာကြားရင်း ဦးရင်မြင့်နဲ့ ကိုဘရန်လင်း အနေနဲ့ လိုအပ်တာ အကူညီတောင်းပါ။ ရဲဘော် အေးဆေးကြည်ဟာ သိပ်တော်တဲ့ ရဲဘော်ပါ။ ပညာရေးကိုကော တိုက်ခိုက်ရေးပါ ကျွမ်းကျင် နားလည်ထားသူပါ။ ကျနော်တို့ တပ်မှူး အစ်ကိုအောင်မြင်လည်း ပြောလိုက်ပါ့မယ်။ အခုလို မဟာမိတ်တပ် တတပ် အနေနဲ့ ကူညီပေးရတာ အစ်ကိုအောင်မြင် ဝမ်းသာကြောင်း စကားပါးလိုက်ပါတယ်။ ကျနော်တို့လည်း ကိုအောင်မြင်ကို ကျေးဇူးတင်မိကြောင်း ပြောပေးပါ ကိုသိန်းဟု ကိုဘရန်လင်းကလည်း ဆိုလိုက်တယ်။
“ကိုင်း…..အချိန်ရှိတုန်း လစ်မယ်ဗျာ” လို့ ပြောရင်း အသိန်းဟာ မမကြည် ရှမ်းမ ချောချောလေးတွေ့ရင် ကျနော့်ကို မမေ့နဲ့ဗျာ။ မိတ်ဆက်ပေးရင် တသက်လုံး ကျေးဇူးဆပ်ပါ့မယ်လို့ စနောက် အသံပြုရင်း
ဆိုင်ကယ်ပေါ်ကနေ လူမောင်နဲ့ နှစ်ယောက်သား လက်ပြနှုတ်ဆက်သွားတာ ငေးကြည့်ရင်း အေးဆေးကြည်တို့လည်း ကိုဘရန်လင်းတို့ ဦးရင်မြင့်တို့နဲ့အတူ နယ်မြေသစ်ဆီ ခရီးဆက်ကြရတော့တယ်။
အချိန်အားဖြင့် ညဆယ့်နှစ်နာရီ ထိုးပြီးမှပဲ မီးရောင်မထွန်းလင်းတဲ့ ရွာတရွာထဲ ရောက်ရှိတော့တယ်။ ကျနော်တို့ နယ်မြေမှာ ညရှစ်နာရီထိုးတာနဲ့ မီးမထွန်းကြတော့ဘူး။ လေယာဉ်လာလာ ဗုံးကြဲတတ်လို့ဗျ ဟူ၍ ကိုဘရန်လင်းက ရှင်းပြတယ်။ ဦးရင်မြင့်ကတော့ ကိုအောင်မြင်ရဲ့ ကျောင်းသားတပ်က
ကျနော်တို့ ဒေသထိ ဩဇာကြီးတယ်ဗျဟု ရိုးသားစွာ ဝန်ခံကြတယ်။ ဒီည ဘုန်းကြီးကျောင်းမှာပဲ အိပ်ရာ နေရာချပေးပါမယ်။ မနက်ကျ နေရမည့် အိမ်ကို လိုက်နေရာ ချပေးပါမယ်လို့ ကိုဝေး၊ ကိုလှမင်း၊ ကိုဉာဏ်ဝင်းတို့က တညီတညွတ်တည်း ဆိုကြပါတယ်။
မအေးဆေးကြည်၊ မခင်မေ၊ မနွေးနွေးအောင်တို့ ကိုယ်လက်သန့်စင်ရအောင် သျှိုင်းအောင် လိုက်ပြပေးလိုက်ပါဦး။ ဆရာတော် ကျိန်းစက်နေချိန်မို့ မနက်ကျမှပဲ ကျောင်းထိုင် ဆရာတော်နဲ့ တွေ့ဆုံပေးပါမယ် လို့ ကိုဘရန်လင်းက ပြောလိုက်ပါတယ်။
ကျနော်တို့ကို ရဲဘော်ရဲဘက်လိုပဲ မောင်နှမတွေလိုပဲ ရင်းရင်းနှီးနှီး ခေါ်ဝေါ်ပါဗျာ။ ကိုဘရန်လင်း နဲ့ ကျနော် အသက်သိပ်မကွာလောက်ပါဘူး။ ကျနော်က ၁၉၉၉ ခုနှစ်ဖွားပါ။ လက်ရှိ အသက် ၂၅ နှစ် ပေါ့ဗျာ။ အကြည် ဒါမှမဟုတ် ရဲဘော်လို့ ခေါ်ပါဗျာ။ တခရီးတည်းသွားကြရမယ့် လူတွေပဲ ကျနော့်အနေနဲ့ နွေးထွေးကြတဲ့ အသုံးအနှုန်းနဲ့ပဲ ဆက်ဆံကြတာပေါ့ မဟုတ်ဘူးလားလို့ အေးဆေးကြည်ဟာ စကားထောက်လိုက်ပါတယ်။ ဒါဟာ ပဏာမ စကားခြေဆင်းလား။ ရိုကျိုးသေဝပ်ခြင်းလား။ ရင်းနှီး နွေးထွေးခြင်းလား ဆိုတာ တွေးတောရင်း ရှမ်း၊ ကချင် သွေးစပ်တဲ့ ဘရန်လင်းဟာ အပြုံးတုံ့တုံ့နဲ့ အေးဆေးကြည်ရဲ့ တုန့်ပြန်မှုကို သဘောကျသွားကာ ရဲဘော် အကြည်ခင်ဗျာ လို့ စကားပြန်လိုက်ပါတော့တယ်။
မဘိမ်း၊ ကချင်၊ စစ်ကိုင်း ဆုံချက်ဖြစ်နေတဲ့ ကင်ပွန်းခြုံရွာလေးမှာ ဒေသစာတွေ လှိုင်လှိုင်ပေါတတ် တဲ့အတိုင်း မုန်ညင်းပေါင်းနဲ့ မနက်စာ ထမင်းလွေးရပါတယ်။ ကိုဘရန်လင်းက သူတို့တပ် အခြေစိုက်ဖြစ်ပုံကို ရှင်းပြပြီး ဦးရင်မြင့်၊ ကိုဝေး၊ ကိုလှမင်းနဲ့ ကိုဉာဏ်ဝင်းတို့နဲ့ ဒေသပညာရေး လှုပ်ရှားဖြစ်ပုံကို အကြမ်းဖျင်း ရှင်းပြကြပါတယ်။ သူတို့တွေ ရှင်းပြတာကို ရဲဘော်နွေးနဲ့ ရဲဘော် ခင်မေဟာ တချက်ချင်း လိုက်ရေး မှတ်ထားကြပါတယ်။
ကျောင်းထိုင် ဆရာတော်လို့ ပြောပြထားတဲ့ အသက်သုံးဆယ်ဝန်းကျင်ခန့် ဆရာတော် ဦးပဏ္ဍိတ ကလည်း ပညာရေးအတွက် ဆရာတော်ဘက်က လိုအပ်တာ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနဲ့ ဆရာတော်ရဲ့ မွေးရပ်ဇာတိဟာ ရွှေဘိုနယ်၊ ညောင်ကန်ရွာက ဖြစ်ကြောင်း ပြောပြရင်း ဦးပဏ္ဍိတဟာ ဘုန်းကြီးတပါး ဖြစ်တဲ့အတွက် လူတွေရဲ့အလုပ်ကိုတော့ ဝင်ရောက် စွပ်ဖက်မည်မဟုတ်ကြောင်း လူတွေ လိုအပ်တာတော့ ကူညီမည်ဖြစ်ကြောင်း ပြောရင်း ဝတ်ရုံသင်္ကန်း ဝိနည်းနဲ့အညီ ပတ်ခြုံကာ ဆွမ်းခံကြွချီသွားပါတော့တယ်။
ကိုဘရန်လင်းနဲ့ ဦးရင်မြင့်တို့အဖွဲ့ဟာ အေးဆေးကြည်တို့သုံးယောက် နေရမယ့် အိမ်ကို လိုက်ပို့ကြပါတယ်။ သစ်သားပျဉ်ခင်း နှစ်ထပ်အိမ် ပေသုံးဆယ် ပတ်ချာလည်ရှိမယ့် ခြံဝန်းထဲ အိမ်တလုံးရယ် ပန်းပင် အချို့ရယ်ဟာ လုံလောက်စွာ ပွင့်လန်းနေကြပါတယ်။ အပျိုကြီးတယောက်ရဲ့ အိမ်ဖြစ်ပြီး အပျိုကြီး အစ်မဟာ စစ်မီး ဟုန်းဟုန်းတောက်နေတဲ့ ဒီဒေသမှာ မနေတော့ဘဲ မန္တလေးကို အပြီးရွှေ့ပြောင်းသွားတာကြောင့် အိမ်အလွတ်ဖြစ်တာရယ် ရဲဘော်တို့သုံးယောက် လွတ်လွတ်လပ်လပ်နေလို့ရတဲ့ အိမ်တအိမ်ဖြစ်ပြီး မျက်နှာ ချင်းဆိုင် တထပ်တိုက်က ရွာဥက္ကဌ ဦးရင်မြင့်အိမ်ဖြစ်ကြောင်း ကိုဘရန်လင်းတို့ အုပ်စုက အဲ့အိမ်မှာ တည်း ကြောင်းပြောပြကြတယ်။ လိုအပ်တာနဲ့ လုံခြုံရေးကိုလည်း တာဝန်ယူကြောင်း အထပ်ထပ်ပြောကြားကြ ပါတယ်။
ပညာရေး အခြေအနေ အကဲခတ်ပြီး အေးဆေးကြည်၊ ခင်မေနဲ့ နွေးတို့ဟာ ဘာသာရပ်များခွဲပြီး သင်ပေးကြတယ်။ ဒေသခံ ဗော်လံတီယာ ဆရာ ဆရာမ သုံးယောက်အပါဝင် ကိုဉာဏ်ဝင်းပါ စာသင်ပေးကြတယ်။ အေးဆေးကြည်ကတော့ ကျောင်းရဲ့ မူဝါဒကို ခိုင်ခိုင်မာမာ ချမှတ်ရသူပီပီ ကျောင်းအင်္ဂါရပ် ပညာရေး စစ်စစ်ကိုပဲ ဦးတည်တဲ့ မူဝါဒကို ချမှတ်ပေးခဲ့တယ်။ နဂိုမူလ အာဏာမသိမ်းခင် အခြေအနေမှာ ဖွံ့ဖြိုးရေး ကျောင်းထဲ ထည့်ထားကြောင်း သင်ထောက်ကူပစ္စည်း အစုံအလင်က သက်သေပြနေတယ်။ အထက်တန်းကျောင်း ဖြစ်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ အေးဆေးကြည်တို့ အားလုံး စုစုပေါင်း ဆရာ၊ ဆရာမ ခုနှစ်ယောက်လျှင်ပင် လုံလောက်ပါတယ်။ မူလတန်းကစလို့ Grade-10 ထိသာ တက်မယ့်သူ ရှိနေသေးတာပဲ တော်သေး တယ်လို့ ပြောရပါမယ်။
စာသင်ကျောင်း တကျောင်းမှာ ပညာရေးမူဝါဒ၊ စာသင်ကြားသူ ဆရာ ဆရာများ၊ စာသင်သား ကျောင်းသူ ကျောင်းသားများ၊ ကျောင်းသား မိဘများ အစရှိသည် ဟန်ချက်ညီသွားနိုင်တဲ့ ပညာရေးအခြေ အနေတခုရောက်အောင် ဖန်တီးနိုင်အောင်ထိ အေးဆေးကြည် ရည်မှန်းထားတယ်။ အေးဆေးကြည်ဟာ ဒီနိုင်ငံက ပေးတဲ့ အမြင့်ဆုံး ဘွဲ့တခုကို မရခဲ့ပေမဲ့ လေ့လာမှုတော့ မပျက်ကွက်ခဲ့ဖူးပါဘူး။ ပညာရေးကဏ္ဍမှာ အေးဆေးကြည်ကို တပ်မှူး ကိုအောင်မြင် စေလွှတ်ရတာကလည်း လေ့လာမှု မဆုတ်မနစ် ကြိုးစားပြီး တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်တယ် ယုံကြည်လို့ မဟုတ်ပါလား။ ကိုအောင်မြင် တပ်မမှာ တာဝန်ထမ်းဆောင်ရတာ ကိုအောင်မြင်တို့နဲ့ အတူ တိုက်ပွဲဝင်နေရတဲ့ အတွက် အေးဆေးကြည် ကျေနပ် အားရမိပါတယ်။
အေးဆေးကြည်ဟာ နွေးနဲ့ ခင်မေကို ထမင်းဟင်း ဒိုင်ခံချက်ကျွေးတတ်သလို စာအုပ်တွေထဲက တချို့မူဝါဒတွေကို တချက်ချင်း ဆွေးနွေးပြသေးတယ်။ လူတန်းစားတော်လှန်ရေး ဖြစ်ခဲ့တဲ့ နိုင်ငံတိုင်းမှာ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေအပြင် လူထုရဲ့ ယုံကြည်ချက်ကို ပြင်းထန်စေတဲ့ မီး တောက်ကလေးလည်းပါမှ လူတန်းစား တော်လှန်ရေး အောင်မြင်လိမ့်မယ်။ အဲ့ဒီအထဲမှာ ပညာရေးက ထိပ်ဆုံးကပါတဲ့ မီးတောက်ကလေးပဲ။ အဲ့ဒီမီးကိုသာ အရှိန်အဟုန်ပြင်းပြင်း မီးစာထည့်ပေးရင် နေ့ချင်းညချင်း အာဏာရှင်ကွင်းဆက်တွေ မျိုးတုန်း ပျောက်ကွယ်သွားမှာပဲ။ နောက်တချက်က ပညာရေးမှာ တော်လှန် ရေးအုပ်စုက ဖြစ်စေ၊ အာဏာရှင် အုပ်စုက ဖြစ်စေ အာဏာစက် ကျရောက်လေလေ ပညာရေး ပျက်လေလေပဲ။ ပညာရေးကို ပညာရေးလို ဖော်ဆောင်နိုင်တဲ့သူလက်ထဲ အပ်နိုင်သွားဖို့ပဲ အစ်မတို့က အကောင် အထည်ဖော်ပေးရုံ အုတ်မြစ်ချပေးရုံပါ။ အမှီခိုကင်းတဲ့ပညာရေးဟာ လူကို လူလို့ မြင်တဲ့ ဉာဏ်ပညာအပြင် လူသားကောင်းကျိုးအတွက် နည်းပညာတွေ တီထွင်နိုင်ခဲ့တာပဲပေါ့ ပြောရင်း အေးဆေးကြည်ရဲ့ မျက်နှာ ကလေးညိုးသွားရှာပါတယ်။ နွေးနဲ့ ခင်မေဟာ မမကြည်ပြောပြတဲ့ အယူဝါဒတွေနဲ့ မစိမ်းသက်ပေမဲ့ မမကြည်ရဲ့ အတွေးအခေါ်ရေချိန်ကို မနည်း အမီလိုက်ကြရပါတယ်။ မမကြည်ဟာ တော်လှန်ရေး ရဲဘော်ထက် အစ်မအရင်းအလိုပဲ နွေးနဲ့ခင်မေအတွက် ရင်းနှီးချစ်ခင်ရတယ်။
ကျောင်းမှာပဲ အချိန်ကုန်ရတာဖြစ်လို့ ကိုဘရန်လင်းတို့လည်း မတွေ့ကြရတော့ပါ။ တခါတခါ သျှိုင်းအောင် ကျောင်းကို ရောက်လာတတ်ပေမဲ့ ကိုဘရန်လင်းကတော့ မလာတတ်ပါ။ ကျောင်းထိုင်ဘုန်းကြီး ဦးပဏ္ဍိတဟာ ကျောင်းအတွက် ဖတ်စာအုပ်၊ စာရေးကိရိယာအစ သူ့မိတ်ဆွေများထံကနေ အလှူခံပေးရင်း ဒေသခံကလေးတွေအတွက် အဆင်ပြေအောင် ကူညီပါတယ်။ ဦးရင်မြင့်ကတော့ ခပ်အေးအေးနေသူပီပီ သူ့ရပ်ရွာ ကောင်းစားရေး၊ ပညာရေးအတွက်ဆို အိမ်တိုင်ချွတ်ရောင်း ပါဝင်ချင်ကြောင်း ပြောသလို ကျောင်းရန်ပုံငွေလည်း အများဆုံး မတည်ပေးထားပါတယ်။
အဖွဲ့အစည်း တခု၊ လူအများ ပါဝင်တဲ့ ဘယ်ကဏ္ဍမဆို ပြဿနာလေးတွေတော့ တက်ကြစမြဲပါပဲ။
ပြဿနာတွေ ကြုံရပြီဆိုရင် အေးဆေးကြည်တွေးတာ တခုတည်းပါ။ အားလုံး အလုပ်တကယ်လုပ်ကြတဲ့ အချိန်မို့ ပြဿနာလေးတွေ တက်ကြတာပါပဲ။ ခရီးတူ ညီအစ်ကို မောင်နှမတွေဖြစ်လို့ ပြဿနာ ပဋိပက္ခလို့ မမြင်ဘဲ ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်မသွေဖည်သရွေ့ အလုပ်အတူတူ တွဲဖက်လုပ်ရမယ်လို့ အမြဲ ဩဇာသီး ကျွေးရပါတော့တယ်။
စာသင်နှစ်ဝက် ကျိုးတော့ အေးဆေးကြည် ကျောင်းတာဝန်ခံနေရာကနေ ရပ်နားပြီး ဒေသခံ ကိုဉာဏ်ဝင်းကို ကျောင်းတာဝန်ခံ ခန့်အပ်ပေးလိုက်ကြတယ်။ ကိုဉာဏ်ဝင်းရဲ့ အတွေ့အကြုံတချို့ကို အကောင်ထည်ဖော်နိုင်ပါတယ်လို့ အစည်းအဝေးမှာပြောတော့ တချို့ပဲလား ဆရာမရယ်လို့ ပြန်နောက်ပါတယ်။ ကျနော်ပြောတာက ကျောင်းမူဝါဒအရ အကြုံးဝင်တဲ့ ဘယ်လို လုပ်ဆောင်ချက်မျိုးမဆို အကောင်အထည် ဖော်နိုင်ပါတယ်ဗျာ စကားပြော လောသွားလို့ပါ ပြန်ပြောတော့ အားလုံး ရယ်မောရင်း နောက်နှစ်ဝက် စာသင်ချိန်ဇယားနဲ့ ကျောင်းသား/သူစွမ်းရည် တိုးတက်လာမှု အခြေအနေ အကဲဖြတ်ဖို့ စတင်ဆွေးနွေးကြ ငြင်းခုန်ကြတယ်။ ခင်မေနဲ့နွေးတို့ကို ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်းပဲ ခင်မေက အေးဆေးကြည်ကို မေးခွန်းထုတ် စငြင်းခုန်တော့တယ်။
“မမကြည်ပြောပုံအရ အခြေခံပညာရေး ပြီးဆုံးသည်အထိ ဒီဒေသခံကလေးတွေ ကျောင်းတက်ထားပါပြီ ထားပါဦး။ တက်ရမယ့် တက္ကသိုလ် မြေပြင်တက္ကသိုလ် ဘယ်မှာလဲ မမကြည်။ ပညာရေးကို မျှော် လင့်ချက်မပါဘဲ အခြေခံပညာရေးတင် လမ်းဆုံးဖို့ လုပ်နေကြသလို မဖြစ်ဘူးလား။ ပညာရေးရဲ့ ရည်မှန်းချက် အခြေအနေ တိုးတက်မှု မပြနိုင်ဘဲ ခင်မေတို့က အချိန်ဖြုန်းနေသလို မဖြစ်ဘူးလား။” ခင်မေ အမေးကို ကိုဉာဏ်ဝင်းကလည်း ထောက်ခံတဲ့အကြောင်းနဲ့ ဒီကိစ္စ ကျေလည်ဖို့ လိုအပ်တယ် ဆရာမ။ ကျနော်အပါအဝင် ဒီက ဗော်လံတီယာ ဆရာ ဆရာမဖြစ်တဲ့ နှင်းသက်၊ နော်ရင်မွှေး၊ ဝသုန်တို့ကိုလည်း ရွာထဲက မေးလှပြီ။ Grade-12 ထိ ဖွင့်မှာလား။ Grade-12 ပြီးရင် တက္ကသိုလ် ဘယ်တက်ရမှာလဲ။ Online တက္ကသိုလ် ရှိပေမဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်လို့ မအေးဆေးကြည်တို့ အဖွဲ့အကောင်အထည်ဖော်နေလည်း သူတို့သားသမီးတွေဟာ ဒီတောရွာလေးမှာပဲ ဘဝဆုံးရှာမှာပါတဲ့။ အဲ့လိုစကားတွေ ကြားရပြီ။ မူလတန်း ရေးတတ် ဖတ်တတ် အဆင့်ဆိုရင်ပဲ တော်ပြီတို့ နောက်နှစ်ကစပြီး တရုတ်ပြည်ထဲ ကြံခုတ်သွားတော့မယ်တို့ ကျောင်းနားမယ့် ကလေးတွေ များလာတော့မယ် ဆရာမ။ ကျနော်တို့ ဒီကိစ္စမျိုးကို ကျေလည်ကြရတော့မယ်။ ဖြေရှင်းပေးကြရတော့မယ်။ ကိုဉာဏ်ဝင်း စကားတွေကို အေးဆေးကြည်တို့ အဖွဲ့ ကြားထားပြီးသားပါ။ ဒါ့ကြောင့် ခင်မေကို စကားအချေတင်ဟန် ဆင်ခိုင်းမှ ကိုဉာဏ်ဝင်းဆီက ထွက်ကျလာရပေါ့။
ဒီလိုလုပ် ကိုဉာဏ်နဲ့ ဦးရင်မြင့် ကျောင်းသားမိဘတွေကို အစည်းအဝေး ခေါ်ပေးနိုင်လား။
ကျနော်တို့နဲ့ အကျေအလည် ဆွေးနွေးကြတာပေါ့။ မဟုတ်လားဗျာ။ အေးဆေးကြည်ပြောလိုက်တော့ ကိုဉာဏ်ဝင်းတို့ မိဘ ဆရာ အစည်းအဝေးခေါ်ပေးဖို့ လုပ်မည်ဟု ပြောရင်း စကားဝိုင်းသိမ်းကာ ကျောင်း ဆင်းကြပါတော့တယ်။
နောက်တနေ့ မနက်ဆယ်နာရီလောက်မှာပဲ ကျောင်းသားမိဘတွေ အစုံအလင် တက်ရောက်လာကြပါတယ်။ ကျောင်းစာသင်ခန်း အပြည့်အကြပ်ထိ ဖြစ်သွားပါတယ်။ အစည်းအဝေး စစချင်း ဥက္ကဌ ဦးရင်မြင့်က ဆရာ ဆရာမတွေကို မေးခွန်းထုတ်စရာရှိရင် မကွယ်မဝှက်မေးကြဖို့ တိုက်တွန်းစကားဆိုလိုက်ပြီး ကျနော့်ကို ဆရာမ အေးဆေးကြည် ဖြည့်စွက် ပြောကြားပေးဖို့ တောင်းဆိုပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
Be the first to comment