သတင်းသုံးသပ်ချက်ဆောင်းပါး
ကျော်ဇောခိုင်
(ကောက်စာ – တနည်းပြောရရင် တရုတ်နဲ့အားပြိုင်မှုမှာ မြန်မာ့တော်လှန်ရေးက ဦးစားပေးအဆင့်မှာမရှိဘဲ ချကျွေးထားတဲ့ သဘောမျိုးလို ဖြစ်နေတယ်။)
လားရှိုးပတ်ဝန်းကျင်မှာ ဇွန်လ ၂၉ ရက်က ပထမအကြိမ်၊ ဇူလိုင် ၂ ရက်နေ့ညပိုင်းမှာ ဒုတိယအကြိမ် တိုက်ပွဲတွေပြင်းထန်နေပြီး MNDAA နဲ့ TNLA တပ်တွေ လားရှိုးကို ဦးတည် တိုက်ခိုက်နေတာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရှမ်းမြောက်ဒေသတွေအားလုံးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မန်းပီဒီအက်ဖ်က မတ္တရာတဝိုက်နဲ့ စဥ့်ကူးက စကစ စခန်းတွေကိုလက်စွမ်းပြ တိုက်ခိုက်သိမ်းပိုက်နေတဲ့ သတင်းတွေကို ဇူလိုင်လဆန်းမှာ ဆက်ကြားလာရပြန်တယ်။ နုဂျီရဲ့ မန်းတိုင်းကို တိုက်ပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို ဒီတခါတော့ လူတွေက သတိကြီးကြီးနဲ့ ရင်ခုန် နားစွင့်နေကြပုံပါပဲ။
ရှမ်းမန်းတိုက်ပွဲတွေကို ဖုံးလွှမ်းသွားမတတ် အားကောင်းခဲ့တဲ့ မြစ်ကြီးနားရေဘေး ဇူလိုင် ၃ ရက်နေ့မှာ ပြန်ကျလာတယ် ဆိုတဲ့အတွက်ကြောင့် လူထုမှာလည်း အနည်းနဲ့အများ စိတ်သက်သာရာ ရကြရတယ်။ စစ်သတင်းနဲ့ ရေဘေးကြားမှာ လူတွေ စိတ်ဝင်တစား နားစွင့်ခဲ့တဲ့သတင်းတွေက အမေရိကန်နဲ့ စကစ တွေ့တယ်ဆိုတဲ့သတင်းနဲ့ တရုတ်ကို အရင်သမ္မတဟောင်း ဗိုလ်သိန်းစိန် သွားတယ်ဆိုတဲ့ သတင်းတွေပဲဖြစ်တယ်။
‘အမေရိကန်ဘာလဲ ဘယ်လဲ’
အမေရိကန်ရဲ့ မြန်မာ့အရေးမှာ တရားဝင်ကိုင်ထားတဲ့ကဒ်က ဘားမားအက်ပါ။ ၂၀၂၁ စစ်အာဏာ သိမ်းပြီးကတည်းက အသက်သွင်းဖို့ ကြိုးစားနေတဲ့ ဘားမားအက်ဟာ အမေရိကန်ဆီးနိတ် (အထက်လွှတ်တော်) မှာ ရီပတ်ပလီကင်တွေတားလို့ အထမမြောက်ခဲ့ဖူး။ ၂၀၂၂ မှာ ဆက်ကြိုးစားကြပေမယ့် အဆင်ပြေမယ့်ပုံမပေါ်လို့ ဘားမားအက်ကို NDAA အောက်ထည့်ပြီး ၂၀၂၂ ဒီဇင်ဘာမှာ အတည်ပြုလိုက်တယ်။ ဒါပေမယ့် ဘားမားအက်ဟာ တကယ်တမ်းသေသေချာချာ အသက်ဝင်လာတဲ့သဘော မတွေ့ရဘူး။
ဆီးနိတ်မှာ ရီပတ်ပလီကင်တွေတားတုံးက သူတို့သဘောမတူတာ အချက် ၃ ချက်ကြောင့်လို့ ဆိုကြတယ်။ မိုဂီး (MOGE – မြန်မာ့ ရေနံနဲ့သဘာဝဓတ်ငွေ့လုပ်ငန်း) ကို ပိတ်ဆို့မယ်ဆိုတာ ပြင်းထန်တယ်ဆိုတာရယ်၊ ရိုဟင်ဂျာဘက်ကိုလည်း ပိုအားပြုချင်တယ်ဆိုတာရယ်၊ ဘတ်ဂျက် ဘယ်လိုခွဲမလဲ ဆိုတာတွေကြောင့်လို့ နောက်ပိုင်း အသံထွက်လာတယ်။ ဒီအချက်တွေကို အတွင်းနှိုက်ကြည့်မယ်ဆိုရင် အမေရိကန်ကွန်ဂရက် (လွှတ်တော်) မှာ ဒီမိုကရက်တွေနဲ့ ရီပတ်ပလီကင်တွေကြား အဓိက ကွဲလွဲနေကြတာတွေက စီးပွားရေးပိတ်ဆို့မှုပေါ်မှာရှိတဲ့ အလျှော့အတင်း သဘောထား၊ နိုင်ငံရေးမှာ လူ့အခွင့်အရေးနဲ့ လူမျိုးရေးကို တော်လှန်ရေးနဲ့ တန်းတူမြင်တဲ့ပုံနဲ့ မြန်မာ့အရေးကို ဘယ်လိုပုံနဲ့ ဘယ်လောက်ကူမလဲ (လူသားချင်းစာနာမှုအထောက်အကူ) ဆိုပြီး တွေ့ရမှာဖြစ်တယ်။
စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အောက်လွှတ်တော်က အမတ်နှစ်ဦးက မြန်မာ့အရေးကို နှစ်ပါတီ သဘောတူညီမှုတခုခု အကောင်အထည်ပေါ်ဖို့ ပြန်ကြိုးစားလာပြန်တယ်။ ဒီကြိုးပမ်းမှုဟာ နိုင်ငံတကာ သတင်းမျက်နှာစာမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ တော်လှန်ရေးဘက်က စစ်ပွဲတွေရဲ့ အောင်မြင်မှုနဲ့ စကစ ကျဆုံးမှုတွေကြောင့် အမေရိကန်အနေနဲ့ စကစ ပြုတ်ထွက်သွားရင် တခုခု အဆင်သင့်ဖြစ်နေဖို့ လိုတယ်ဆိုတဲ့ သုံးသပ်ချက် တွေရဲ့ အကျိုးဆက်လည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒီကြိုးစားမှုရဲ့ရလဒ်က ဇွန်လ ၂၇ ရက်နေ့မှာ မြန်မာ့အရေးဆွေးနွေးမှုကို စတင်လာနိုင်တယ်။
‘ကွန်ဂယက်က မြန်မာ့အရေးဆွေးနွေးပွဲ’
ဒီဆွေးနွေးပွဲရဲ့ ဦးတည်ချက်ဟာ မြန်မာ့အရေးမှာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်တဦးကို ခန့်အပ်ဖို့၊ စစ်အာဏာသိမ်းပြီးခါစမှာ ထိန်းသိမ်းထားခဲ့တဲ့ မြန်မာအစိုးရရဲ့ငွေ (ဒေါ်လာ ၁ ဘီလီယံကိုဆိုလို) ကို ဘယ်လိုအသုံးပြုမလဲ၊ မြန်မာ့အရေးအတွက် ရေရှည် ထောက်ပံ့သွားနိုင်မယ့် ဘဏ္ဍာရေးရန်ပုံငွေတခု၊ တော်လှန်ရေးအင်အားစုတွေကို အကူအညီပေးမယ်ဆိုတဲ့ နည်းပညာနဲ့ သေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေ စတာတွေကို ရုပ်လုံးပေါ်လာစေဖို့ဖြစ်တယ်။
အမေရိကန်လွှတ်တော်မှာ နှစ်ပါတီ အားပြိုင်မှုတွေအပြင် ဘိုင်ဒင်အစိုးရရဲ့ တရုတ်နဲ့ဆက်ဆံတဲ့မူဝါဒရဲ့ သက်ရောက်မှုကလည်း မြန်မာ့အရေးကို နှောင့်နှေးစေတယ်လို့လည်း သုံးသပ်ကြတယ်။ ဘိုင်ဒင်အုပ်စုက တရုတ်နဲ့ဆက်ဆံရေး ထိခိုက်မှာစိုးတဲ့အတွက် (တခြားမျက်နှာစာတွေမှာ တင်းမာမှုတွေများနေတော့) မြန်မာ့တော်လှန်ရေးကို သိပ် အားပေးအားမြှောက် မပြုတာကို ဆိုလိုတယ်။ တနည်းပြောရရင် တရုတ်နဲ့အားပြိုင်မှုမှာ မြန်မာ့တော်လှန်ရေးက ဦးစားပေးအဆင့်မှာမရှိဘဲ ချကျွေးထားတဲ့ သဘောမျိုးလို ဖြစ်နေတယ်။
အချုပ်ပြောရမယ်ဆိုရင် အမေရိကန်အကူအညီ ဘာလို့ ဖြစ်မလာတာလဲဆိုတော့ ဥပဒေက စာရွက်ပေါ်မှာပဲရှိနေပြီး လက်တွေ့ကျင့်သုံးဖို့ရာမှာ ကွန်ဂရက် တွင်းသဘောတူညီမှု သေချာမရသလို အစိုးရပိုင်းကလည်း လက်ရှောင်နေလို့ဖြစ်တယ်။ ဒါကြောင့် ၂၀၂၄ မှာ နောက်တကြိမ် ထပ်ပြီး ကြိုးစားလာတာဖြစ်တယ်။ သို့သော် ရှေ့မှာလုပ်ခဲ့တဲ့ပုံစံနဲ့ အချိန်ကာလတွေ၊ ရွေးကောက်ပွဲ စတာတွေကို ထည့်သွင်း တွက်ချက်မယ်ဆိုရင် ချက်ခြင်း အကျိုးသက်ရောက်မှုရဖို့ မလွယ်သေးဘူး။ ဒီတော့ တော်လှန်ရေးဘက်ကို ပံ့ပိုးဖို့ အမေရိကန်ရဲ့ တရားဝင်အားထုတ်မှုတခု ရှိနေပြီး (ဒါကို တကယ်သက်ရောက်မှုရှိအောင် လုပ်ဖို့ရည်ရွယ်တဲ့ အမေရိကန်ပေါ်လစီ အလှည့်အပြောင်းလို့လည်း သုံးသပ်ကြပြီး) အကောင်အထည်ပေါ်လာဖို့ စောင့်ရဦးမယ့်သဘောဖြစ်တယ်။
‘ဗီယက်နမ်က အမေရိကန် စကစ တွေ့ဆုံပွဲ’
အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒင်နီရယ် ဂျေ ကရစ်တင်ဘရင့်ခ်ဟာ ဇွန် ၂၁ ရက်နေ့က ဗီယက်နမ်ကိုရောက်ချလာတယ်။ ဗီယက်နမ်ကို ပူတင်အထွက် သူအဝင်ပဲလို့ပြောရမယ်။ ဇွန် ၂၁ နဲ့ ၂၂ တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ စတဲ့ စီးပွားရေး နိုင်ငံရေးတွေ ဆွေးနွေးကြတယ်။ ဒီခရီးစဥ်အတွင်းမှာပဲ မြန်မာရေတပ်အရာရှိတဦးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့တာဖြစ်တယ်။
အမေရိကန်ဘက်က ဒီသတင်းကို တရားဝင် မထုတ်ပြန်ပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူတဦးကတော့ အမေရိကန်ရဲ့ သဘောထားဟာပြောင်းလဲသွားတာမရှိဘူး၊ ဒါပေမယ့် သူတို့သုံးစွဲလို့ရနိုင်တဲ့ နည်းလမ်းတွေ (tools) ကိုတော့ သုံးစွဲသွားမှာဖြစ်တယ်လို့ ဆိုတယ်။ တနည်းပြောရရင် တွေ့ဆုံပွဲဖြစ်ခဲ့တယ်လို့ သွယ်ဝိုက် ဝန်ခံလိုက်တာပဲဖြစ်တယ်။ ကရစ်တင်ဘရင့်ခ်ဟာ မေလတုန်းက ဝါရှင်တန်မှာလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ တွေ့ဆုံပွဲမှာလည်း မြန်မာ့ဒီမိုကရေစီရေးကို ဦးတည်ဆွေးနွေးခဲ့သလို အဲဒီပွဲကိုတက်ရောက်လာတဲ့ စကစရဲ့ မြန်မာသံအမတ်ကို စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်ဖို့တောင်းဆိုခဲ့ပြန်တယ်။
ထူးခြားမှုမဟုတ်ပေမယ့် သတိပြုရမှာတခုက ကရစ်တင်ဘရင့်ခ် ဟနွိုင်းမှာရှိနေတဲ့ တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဒုလက်ထောက်ဝန်ကြီးက နုဂျီရဲ့ လူ့အခွင့်အရေးဝန်ကြီးနဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို ဇွန်လ ၂၂ ရက်က တွေ့ဆုံဆွေးနွေးနေခဲ့တာဖြစ်တယ်။
အမေရိကန်ဟာ ရှေ့မှာ စကစနဲ့ နုဂျီကို တပြိုင်နက်တည်း ထိတွေ့ ဆက်ဆံ နည်းလမ်းရှာဖွေသွားဖို့ရှိပြီး အမေရိကန်ရဲ့ မြန်မာပေါ်လစီဟာ ပိုပြီး တက်ကြွတဲ့အပိုင်းကို ရောက်လာဖို့ရှိတယ်လို့ သုံးသပ်နိုင်မှာဖြစ်တယ်။ ကရစ်တင်ဘရင့်ခ်ဟာ နောက်ပိုင်း သိပ်ပေါ်မလာတော့တဲ့ ဒဲရစ်ရှိုလေးနေရာကို အစားထိုး ဝင်ရောက်လာဖို့ရှိပြီး ရှေ့မှာ ဘားမားအက်ကို အသစ် ပြင်ဆင်လာနိုင်ခဲ့ရင် မြန်မာ့အရေးအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဖြစ်လာဖွယ်ရှိတယ်လို့ ယူဆရမှာဖြစ်တယ်။
Be the first to comment