
“ဝုဒ်စတော့ဂီတပွဲတော်က လူငယ်များ”အော်စွန်းမိုင်
ဝုဒ်စတော့ ဂီတပွဲတော်ကို ဩဂုတ်လ (၁၅) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တယ်။ ခုနှစ်က ၁၉၆၉။ နယူးယောက်ကပီတယ်မှာပါ။ ဧက ၆၀၀ ကျယ်ဝန်းတဲ့ နွားမွေးမြူပြီး နို့ထွက်တွေထုတ်လုပ်တဲ့ လယ်ယာကွင်းမှာဖြစ်တယ်။
ဖျော်ဖြေတင်ဆက်မှုပေါင်း ၃၂ ခုရှိခဲ့ပြီး မိုးတွေ တခါတရံ ရွာသွန်းနေတဲ့ကာလမှာပဲ ပရိတ်သတ်လူငယ်ထု သန်းတဝက်လောက်ရဲ့ ရှေ့မှောက်မှာ တင်ဆက် ဖျော်ဖြေခဲ့တာဖြစ်တယ်။ ပေါ်ပြူလာဂီတရဲ့ သမိုင်းကြောင်းတလျှောက်မှာ အမှတ်ထင်ထင်ဖြစ်ရတဲ့ ဂီတပွဲတော်ဖြစ်တယ်။ ရိုးလင်းစတုန်းအဖွဲ့ရဲ့ ရောခ့်အင် ရိုး ဂီတသမိုင်းကို ပြောင်းလဲစေတဲ့ လှုပ်ရှားမှု ၅၀ က ပေါက်ခဲ့တာပေါ့။
ပရိတ်သတ်လူငယ်ထုက မိုးထဲရေထဲ ဗွက်တွေထဲမှာ အင်္ကျီချွတ်တွေနဲ့၊ မိုးကာစလေးတွေ ခြုံထားကြလို့ အားပေးကြတယ်။ ကွင်းပြင်ကလည်း ရွှံ့တွေ ဗွက်တွေနဲ့ သုံးရက်ဆက်တိုက်အားပေးကြတယ်။
ဂီတပွဲတော်မှာ ပါဝင်တင်ဆက်ကြတဲ့ ဂီတပညာရှင်တွေ၊ အဆိုတော်တွေ တီးဝိုင်းတွေက ရီချီဟာဗင်း၊ ဆွိမီဆက်ချီ ဒါနာဒါ Sweet Water, Queen, ကန်ထရီးဂျိုးမက်ဒေါ်နယ်၊ ဆန်တာနာ၊ ဂျွန်ဆက်ချီစတိန်း၊ ဂျနက်ဂျိုပလင်နဲ့ ကိုစမစ်တီးဝိုင်း၊ The Who၊ ဘီတလ်၊ သွေးချွေးနဲ့မျက်ရည်တီးဝိုင်းနဲ့ ဂီတာသူရဲကောင်း ဂျင်မီဟန်းဒရက်တို့ ပါဝင်ကြတယ်။ အဆိုတော့ ဂျုံးဘေ့စ်လည်းပါတယ်။
ခေတ်သစ်ဂီတနဲ့ ဂီတလောကအတွက် သမိုင်းတွင်တဲ့ ပွဲလမ်း အမှတ်တရ များလွန်းခဲ့တယ်။ အဲဒီလိုပဲ ဂီတနဲ့ ဖျော်ဖြေတင်ဆက်မှုပြုပြီး အာဖရိကရဲ့ စားနပ် ရိက္ခာ အခက်အခဲအတွက် ရန်ပုံငွေ ရှာဖွေ လှူဒန်းခဲ့တာလည်း ရှိခဲ့တယ်။
၁၉၈၅ ခုနှစ် We are the world ဓာတ်ပြားကို မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီတို့ ရေးသားကြပြီး အဆိုတော် အကျော်အမော်တွေ စုပေါင်းသီဆိုအသံသွင်းကြတယ်။ ဓာတ်ပြားက အငတ်ဘေးကျရောက်နေကြတဲ့ အာဖရိကပြည်သူတွေအတွက် ရန်ပုံငွေရှာတာ၊ ရောင်းရတာတွေကို လှူကြမှာပါ။ အဲဒီ တို့ချစ်တဲ့ကမ္ဘာ လှုပ်ရှားမှုကို ဖီလာဒယ်ဖီးယားနဲ့ လန်ဒန်တို့မှာလည်း တပြိုင်နက်တည်း စတိတ်ရှိုးသွင်းပြီး သီဆိုတီးမှုတ်ခဲ့ကြတယ်။ သီဆိုသူတွေက နှစ်နိုင်ငံကို လေယာဉ်ပျံနဲ့ပွဲကူးပြီး ဖျော်ဖြေခဲ့ကြတယ်။ ရန်ပုံငွေလည်း ကောင်းကောင်းရခဲ့တယ်။
တို့ချစ်တဲ့ကမ္ဘာဓာတ်ပြားမှာ သီဆိုသူတွေက လိုင်ရီနယ်ရစ်ချီ၊ စတီဗင်ဝေါင်းဒါး၊ ပေါ်လ်ဆိုင်မွန်၊ ဘင်နီရော်ဂျား၊ ဂျိမ်းအင်ဂရမ်၊ တီနာတာနာ၊ ဘီလီဂျိုနဲ့ မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါ်နား၊ ဘော့ဒိုင်လန်တို့ ပါဝင်ကြတယ်။
အောင်မြင်မှုက နှစ်ပေါင်းအတော်ကြာအထိ တည်မြဲခိုင်မာခဲ့တယ်။ နိုင်ငံအတော်များများက မိမိတို့ဘာသာစကားနဲ့ ပြန်ရေးပြီး သီဆိုအသံသွင်းကြတယ်။ ယနေ့တိုင် ခေတ်စားနေဆဲ သီချင်းတပုဒ် ဖြစ်နေတယ်။
မြန်မာနိုင်ငံမှာ တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးများ ဆိုပြီး မြန်မာရော့ခ်အဆိုတော်တွေ စုံစုံညီညီနဲ့ သီဆိုအသံသွင်းကြတယ်။ ကြိုက်နှစ်သက်ကြတာပါပဲ။ တလောက အိန္ဒိယ မီဇိုရမ်ပြည်နယ်မှာ အဲဒီဗားရှင်းကိုပဲ သူတို့အသံ၊ သူတို့မာန်နဲ့သီဆိုတာ ထွက်ပေါ်လာခဲ့သေးတယ်။ ဂွတ်ရှယ်ပါပဲ။ လူငယ်နဲ့ဂီတ၊ ဂီတနဲ့လူငယ် ခွဲခြားမရနိုင်တာပါပဲ။ ဂီတ နားသောတဆင်တဲ့သူတွေ၊ လူငယ်တွေကကော ဘယ်လိုလဲ။
၁၉၆၉ ခုနှစ်က ဝုဒ်စတော့ဂီတပွဲတော်မှာ တက်ရောက်ခဲ့တဲ့ လူငယ်တွေကို လေ့လာကြည့်ရှုတဲ့ စစ်တမ်းတစောင်မှာ နောင်အနှစ် ၂၀ ကြာတဲ့အခါ ဂီတပွဲတော် တက်ခဲ့တဲ့သူတွေက ကမ္ဘာ့နိုင်ငံအသီးသီးက ကော်ပိုရိတ်တွေ၊ ကုမ္ပဏီတွေ၊ ဘဏ်တိုက်တွေမှာ အန်ဂျီအိုနဲ့ သတင်းမီဒီယာလောကတွေမှာ စီအီးအိုတွေ၊ ဒါရိုက်တာတွေ၊ ညွှန်ကြားရေးမှူးတွေ၊ မန်နေဂျာတွေ၊ အင်ဂျင်နီယာချုပ်တွေ၊ အယ်ဒီတာချုပ်တွေ ဖြစ်လာကြတယ်လို့ လေ့လာတွေ့ရှိရတယ်။
ဝုဒ်စတော့ ဂီတပွဲတော် မိုးရေထဲ၊ ရွှံ့ဗွက်တောထဲ၊ အင်္ကျီမပါသူတွေက ယနေ့ကာလမှာ ကြီးမားတဲ့ လေးနက်တဲ့ တာဝန်တွေကို ထမ်းဆောင်နေကြပြီ။
Be the first to comment