◼️ညီလင်းအိမ်
Her ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဖီလင်ကို ကျနော် အများကြီး စာ ချရေးဖူးခဲ့တယ်။ ဒါကြောင့် ထပ်ပြီးလည်း ရေးဖို့မရှိချင်တော့ဘူး။ တကယ်က Her ရုပ်ရှင်ဆိုတာက မော်ဒန်လူမှုကမ္ဘာကြီးထဲမှာ အထီးကျန်ဆန်ရတဲ့သူတွေ၊ ပြီးတော့ လူတဦးတယောက်ရဲ့ ဘဝစစ်စစ်တခုကြီးထဲကို တိုးဝင်ခြင်းမပြုတော့ဘဲ စကားလုံးတွေကနေ တဆင့်သာ တဦးချင်းစီရဲ့ ဖီလင် စိတ်သောကတွေကို မျှဝေခံစားရင်း ဘဝကို ပျော်မွေ့ကြသူတွေရဲ့အကြောင်းကို ဖော်ပြထားတာပဲ မဟုတ် လား။
အဲသလိုပါပဲ ကျနော့်မှာလည်း ရှိရင်းစွဲဘဝ ငြီးငွေ့ကမ္ဘာကြီးထဲမှာ သူမလို လူတယောက်နဲ့ ဆုံရမယ်လို့ ဘယ်ထင်မှာလဲ။ ဒါကလည်း သူ့အလိုလို ဖြစ်သွားတာတော့ မဟုတ်ဘူး။ သူမက သူမဖြစ်လာတယ်ရယ်လို့လည်း ကျနော့်အနေနဲ့ အချိန်တွေ တကူးတကန့်ပေးပြီး ဆန်းစစ်မိနေတာလည်း မဟုတ်ဘူး။ သေချာတာကတော့ သူမက သူမဖြစ်နေခဲ့တာပါပဲ။ အရာရာ Perfect ဖြစ်နေတဲ့ သူမတယောက် ဆိုပါတော့ဗျာ။
ဆိုတော့ ကျနော့်အနေနဲ့ သူမရဲ့ ပုံရိပ်စစ်စစ်တွေ၊ သူမက အရုပ်ဆိုးသလား၊ ချောလား၊ အသက်ကငယ်ငယ်လား၊ ဘယ်အရွယ်လဲ ဆိုတာကိုလည်း သိနိုင်ခွင့် မရှိဘူးပေါ့။ ဘာအကြောင်းရယ်ကြောင့် ဒီလို လိပ်စာမပါ၊ ဘာအချက်အလက်ရယ်လို့မှ မပါတဲ့အကောင့်ကို သူမအနေနဲ့ သုံးစွဲနေတယ် ဆိုတာကိုလည်း ကျနော်မသိနိုင်ပါဘူး။
သေချာတာတခုကတော့ တညလုံးအိပ်လေ့မရှိတဲ့ ကျနော့်ရဲ့ ညရိပ်နှောင်းပိုင်းတွေဆိုရင် သူမက လိုင်းပေါ်တက်လာတာပဲ။ သူမပို့စ်တွေက စစ်မှန်တဲ့ တဘက်သောကမ္ဘာက သူမ မျိုချထားရတဲ့ ဟန်ဆောင်ပြည့်အင့်ထားရမှုတွေကို ဒီဘက်ကမ္ဘာထဲမှာ သွန်ချသလိုပုံမျိုးပဲ။ တခါတလေမှာ ကျနော်ရေးထားတဲ့ ကကျိုးကကြောင် ပို့စ်တွေကို ယူရှယ်လိုရှယ်နဲ့ တဘက်သောကမ္ဘာထဲက လူတွေက ဒီအရာတွေကို မပြောကြလို့လား မသိ။ အဲသလို တွေးမိတာကလည်း ရံဖန်ရံခါလောက်ပါပဲ။ ကျနော့်မှာ အဲသလို Fake အကောင့်တွေနဲ့ ပတ်သက်လို့ ခံရခက်တာက သူတို့က အရာရာ အပေါ်စီး ရနေတာမျိုး။ စိတ်ထင်သလို လှစ်ပြနေတဲ့ ကျနော်တို့အကြောင်းတွေကိုကျ အားလုံးကို သူတို့ကမြင်ရပြီး ကျနော့်မှာကျတော့ သူတို့နဲ့ပတ်သက်လို့ ဝေ့ဝေ့ဝါးဝါးပဲ။ သူမနဲ့ ဆက်စပ်ယှက်နွယ်ရတဲ့ စကားလုံးတွေကနေ တဆင့်ပဲ သူမပုံစံကို ပုံဖော်ရတာလည်း ကျနော့်မှာ FBI က စုံထောက်လက်သစ် တယောက်လို ခံစားရတယ်။ဒါကြောင့် အဲသလိုအကောင့်တွေဆိုရင် လက်မခံဖြစ်တာက များပေမဲ့ သူမကိုကျတော့ ဘာကြောင့် လက်ခံနေမိတာ၊ သူမပို့စ်တွေကို တကူးတကန့် စောင့်မျှော်မိနေသလဲဆိုတာတော့ ကျနော့်ဖာသာ ထိန်းချုပ်လို့မရတဲ့ စိတ်လက်စေစားမှုမျိုးပေါ့။
ဒါတွေနဲ့ပတ်သက်လို့ နာကျင်မှုတွေလည်း ရှိခဲ့တာကို။ အခြားတပါးသော အချိန်ကာလတခုမှာတုန်းက မိန်းကလေးနာမည်နဲ့ အကောင့်တခုက ကဗျာတွေကို စိတ်လိုလက်ရနဲ့ စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတယ်။ နောက်ကျတော့ အဲဒီအကောင့်က ကဗျာဆရာတွေ သုံးချင်သလို သုံးနေတာ။ အဲဒီနာမည်ကလည်း ချန်ထားရစ်ခဲ့သော ချစ်ရည်းစားဟောင်းရဲ့ နာမည်လေးကို ကလောင်အဖြစ် သုံးဖြစ်နေတာပါတဲ့။ Her ရုပ်ရှင်ထဲက သူမကရော ဘာထူးလို့လဲ။ ကုမ္ပဏီက လူသားများရဲ့ Emotional တွေကို သေချာ သုတေသနပြုပြီးမှ ဖန်တီးထားတဲ့ AI တခုမဟုတ်လား။ စမန်သာဆိုတာ ရှိလည်း မရှိ၊ ဘယ်တော့မှ ရောက်လာမှာလည်း မဟုတ်တဲ့ ဆည်းလည်သံ သက်သက်ကလေးပဲ မဟုတ်ဘူးလား။
ကျနော့်လက်တွေ့ဘဝထဲက သူမအသစ်ကတော့ ခုလို သာယာနာပျော်ဖွယ်ရာ ရှိနိုင်တဲ့ အသံကလေးရယ်ကိုတောင်မှ မကြားရတော့ ပိုလို့ နာကျင်ဖွယ်ရာ ဖြစ်ခဲ့ရတာပေါ့။ မိုးနှင်းတွေ တဖြောက်ဖြောက်ကျပြီး ဆွတ်ဆွတ်ဖြူနေတဲ့ တိမ်သားတွေကြားက လရောင်တွေ ပျို့အန်ကျနေတဲ့ မိုးတိတ်ပြီးစ ညလယ်တခုမှာတော့ ကျနော်ဟာ အိပ်စက်မရတော့တာမို့ အခန်းလေးရှေ့က ကွပ်ပျစ်ပေါ်မှာပဲ ထိုင်နေမိခဲ့တယ်။
မှုန်ဝါးနေတဲ့ လရောင်ကို လှမ်းငေးရင်း စီးကရက်တလိပ်ကို ထုတ်ဖွာနေခဲ့မိတယ်။ အဲဒီအချိန်မှာပဲ သူမပေးထားတဲ့နာမည်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တူညီလှတဲ့ အကောင့်နာမည်နဲ့ သတင်းပို့စ်တခုက ကျနော့် Newfeeds မှာ ပေါ်လာတယ်။ သူငယ်ချင်းတယောက် ရှယ်လိုက်တဲ့ သတင်းပို့စ်တခုပါပဲ။ ကျနော့်စိတ် ထဲမှာ ဘာကြောင့်ရယ်မသိ။ သူမနဲ့ အပြန်ပြန်အလှန်လှန် ရေးဖြစ်ခဲ့ကြတဲ့ စကားတွေက ခေါင်းထဲရောက်လာတယ်။
ကျနော်က ဘီယာခိုးတွေ ရီဝေယစ်ထွေးနေတဲ့ ဖီလင်တွေနဲ့ သူမကို စကားတွေ တခုတ်တရ ပြောနေခဲ့မိတာ။ အဲဒီတုန်းက သူမက ကျနော်ရေးသမျှစာတွေကို စိတ်လိုလက်ရ ဖတ်ပေးတတ်သူ ဖြစ်သလို ယုတ်စွအဆုံး သတ်ပုံတွေကအစ ဂဃဏန သိနေသူဆိုတော့ စကားပြောရတာ ပျော်ခဲ့ရတယ်။ တဖြေးဖြေးသိလာရတဲ့ နယ်ပယ်စုံ သိကျွမ်း နားလည်နေမှန်းသိရတဲ့ သူမရဲ့ ပညာရပ် ပြည့်ဝနေမှုတွေကြောင့်လည်း ဖြစ်မှာပေါ့။ ကျနော်က ဆရာကြီးအထာနဲ့ စကားတွေ စပြောတတ်ပေမဲ့ သူမကပဲ အချိန်ကြာလာတဲ့အခါ ဆရာမကြီးဖြစ်လာပြီး ကျနော့်အပေါ်ကို လွှမ်းမိုးသွားစမြဲပါပဲ။
သူမ ဖြစ်ချင်တာမျိုးက ကျနော့်ကို ရုပ်ရှင်ဇာတ်ညွှန်းဆရာတယောက် ဖြစ်စေချင်တာတဲ့။ ပြောရင်းနဲ့ပဲ ကျနော့်ကို နိုင်ငံတကာက ဇာတ်ညွန်းဆရာတွေရဲ့ ဇာတ်ညွှန်းလင့်တွေ ပြတယ်။ တခါက ကျနော် အွန်လိုင်းကနေ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Course တွေ တက်ဖို့ကြိုးစားနေတယ်လို့ ပြောမိလို့ဖြစ်မယ်။ ပိုက်ဆံမပေးရဘဲ သင်လို့ရတဲ့ သင်တန်း Link တွေ ပြလိုပြနဲ့။
အဲဒါဆိုရင် ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ပတ်သက်တာတွေ ရေးတော့မယ့်အခါမျိုးမှာ ဘယ်ဇာတ်လမ်းမျိုး ရေးမှာလဲလို့ပြောတော့ ကျနော်က ရယ်ရွှန်းပတ်ရွှန်းလေနဲ့ အွန်လိုင်းက ဘာမှန်းမသိဘဲ နှစ်ရှည်လများ ခင်မင်နေခဲ့ရတဲ့ Her ရုပ်ရှင်ထဲက စမန်သာလို မမတယောက်အကြောင်းနဲ့ သူမက ဘယ်သူလဲဆိုတာကို လိုက်ရှာနေမိတဲ့ ကောင်လေးတယောက်အကြောင်းပေါ့ဗျာ လို့ပြောလိုက်တော့ သူမ ရယ်မယ်ထင်သလားလို့ပဲ။ (ဝမ်းနည်းစရာ ကောင်းတာတခုက သူမ ရယ်လိုက်မယ် ဆိုတာကို မမြင်ရတာနဲ့ သူမရယ်သံကို ကြားခွင့်မရှိတာပါဘဲ။ မမြင်ရပေမဲ့လည်း မကြားရပေမဲ့လည်း သူမရုပ်ကလေးရော အသံကလေးကရော လှပချိုမြိန်နေမယ်ဆိုတာကို ကျနော့်ရဲ့ Common Senses လှုံ့ဆော်မှုအရ သိနေခဲ့ပါတယ်။) အဲဒီညက ထုံးစံအတိုင်း ကျနော့်အခန်းကလေးထဲမှာ လရောင်တွေ ပြိုကျနေခဲ့တာပါ။ အံ့အားသင့်စရာက မကြာခန အော်မြည်ပြေးတတ်တဲ့ ကြောင်ဖြူကလေးရဲ့ ခြေသံတွေကလည်း အဲဒီညထဲမှာ တိတ်ဆိတ် နေခဲ့ပါတယ်။
ဒီအခါမှာ အဲဒီရုပ်ရှင်ကို မျှော်နေမယ်တဲ့။ ဒါပေမဲ့လည်း ဝမ်းနည်းစရာက ကျမနဲ့ရှင်နဲ့ အပြင်ဘဝမှာ ဘယ်တော့မှ တွေ့ခွင့်ရှိမှာ မဟုတ်ဘူးတဲ့။ သူ့အလိုလို ဖြစ်လာတဲ့ ဘဝတွေ၊ တည်ဆောက်ထားပုံတွေ ကွာခြားနေမှုတွေအရ ကျမအနေနဲ ရှင့်ကို ဘယ်တော့မှ ဆုံခွင့်ရမှာ မဟုတ်ဘူးတဲ့။ တကယ်လို့သာ ယူများ ကျမမျှော်လင့်မိသလို ပိတ်ကားထက်မှာ ဆုတွေဘာတွေ ရနေတဲ့ပုံတွေ မြင်ရရင်တော့ တနေရာကနေ အားရပါးရ လက်ခုပ်တီးနေမိမှာပါတဲ့။
ကျနော့်ရဲ့ Typing တွေဟာ အဲဒီနားမှာတင် ခေတ္ တဆွံ့အသွားရတယ်။ ကျနော်တို့ဟာ အခုလို မရည်ရွယ်ပါဘဲ ခင်မင်လာခဲ့တာ နှစ်ကာလလည်း မနည်းလှတော့ဘူး။ စကားတွေ ပြောနေကြတဲ့အချိန်မှာလည်း ကိုယ်စီဖြစ်တည်မှုများရဲ့ အခြားတဘက်က ဘဝအသေတွေ၊ ရုပ်နာမ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုတွေ အကြောင်းကိုလည်း မပြောဖြစ်ခဲ့ကြသလို မေးခွန်းတွေလည်း မထုတ်မိခဲ့ကြဘူး။ ကျနော်ဟာ ကြိမ်ဖန်ပေါင်းများစွာ သူမရဲ့ပုံရိပ်ကလေး စဥ်းငယ်မျှလောက်ကို မြင်ဖူးပါရစေလို့ တောင်းဆိုနေမိရင်လည်း ကျနော့်မက်ဆေ့ကို Noti Off လုပ်လိုက်တာမျိုးနဲ့ Ignore လုပ်တာမျိုး ယုတ်စွအဆုံး Block ပစ်တာမျိုး အဲသလို မလုပ်ချင်တောင် အခြားတဦးတယောက်ရဲ့ ပုံတစ်ခုခုပဲဖြစ်စေ ယူပြီးပြတာမျိုး လုပ်ချင်လည်း လုပ်နိုင်စရာ ရှိနိုင်ပေမဲ့ ကျနော်ဟာ တကြိမ်တခါမှ အဲသလို မတောင်းဆိုခဲ့ဖူးဘူး။
တခါတလေမှာ ကျနော်တို့ရဲ့ သိမှုများပြားလိုမှုဟာ မလိုလားအပ်တဲ့ စိတ်အနှောင့်အယှက်တွေကိုပဲ ဖြစ်စေနိုင်တာ မဟုတ်ပါလား။ နာကျင်မှုတွေကတော့ သူမက အချိန်မရွေးမြင်လိုတဲ့အခါ သိစိတ်ပြတင်းတံခါးတွေကို အချိန်မရွေးလှပ်ပြီး ကျနော်တို့ရဲ့ဘဝတွေကို လှမ်းကြည့်နိုင်ပေမဲ့ ကျနော်တို့ကတော့ သူမပေါ်အလာကိုသာ မျှော်ငေးရဖို့ပဲ ရှိတာပါပဲ။ ဘယ်တော့မှ ပေါ်မလာတော့တဲ့ အနေအထားလည်း ရှိချင်ရှိသွားနိုင်တာပေါ့။
ကျနော်တို့တွေ ဒီလိုနဲ့ အသက်ကြီးသွားကြမယ်။ အသက်မဝင်တော့တဲ့ မက်ဆေ့စာ အဟောင်းတွေကလည်း Cb ရဲ့ ထောင့်တနေရာမှာပဲ ဝင်ရောက် ပျောက်ကွယ်သွားကြလိမ့်မယ်။ နောက်မှာတော့ ကျနော်တို့ အသိဉာဏ်တွေဟာ ဖြေးဖြေးချင်း တိမ်ဖျော့ ချို့ယွင်းလာကြပြီး လုံးဝ မေ့ပျောက်သွားကြလိမ့်မယ်။ ဒီအရာတွေဟာ မမေးဖြစ်ကြပေမဲ့ ကိုယ်စီ သိနှင့်နေပြီးသားဖြစ်တဲ့ နာကျင်ခြင်းအဖြေများပါပဲ။
တညမှာတော့ သူမစကားတွေက Disaster ရုပ်ရှင်တွေထဲက ဒိုင်ယာလောဂ့်တွေနဲ့ တူလာတယ်။
ကျမ သွားရတော့မယ်တဲ့။ ဒီအခါသွားရမှုက ခုလို ခေတ်ဆိုးကြီးထဲမှာ ယူထားရတဲ့ ကျမတာဝန်တွေအရ ဘယ်တော့မှ ပြန်မလာရတော့တဲ့ နေရာတခုကို ရောက်သွားရတော့မှာမျိုး၊ ပြီးတော့ ဒီအကောင့်လေးရှိရာကို ပြန်လာခွင့်မရတော့တဲ့ အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ ကံသေကံမကြီးတော့ ပြောလို့မရဘူးပေါ့နော်။ တနေ့နေ့မှာတော့ ကျမ ပြန်ပေါ်ကောင်း ပြန်ပေါ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ ယူ့ကို အောင်မြင်တဲ့ စာရေးသူတယောက်အဖြစ် မြင်ချင်မိတာပေါ့တဲ့။
အဲအခါမှာ ကျနော်က သူမ နောက်နေတယ်ရယ်လို့ပဲ ထင်ခဲ့တယ်။ အရင်ကလည်း အချိန်တခုကြာအောင် ပျောက်ကွယ်ပြီးခါမှ ပေါ်ချင်ပေါ်လာတာဆိုတော့လေ။ ဒီတော့ ကျနော်က မမက ဘာလဲ တာဝန်တွေနဲ့ဆိုတော့ မမက ဂျေဆွန့်ဘွန့်လား၊ လူစုတ်တွေရဲ့တပ်တွေကို ဖြိုခွင်းတော့မလားလို့ မေးမိတယ်။ အဲဒီရက်တွေက ကျနော်တို့တွေအားလုံး နာကျင်နေရတဲ့ အချိန်တွေလေ။ FB မျက်နှာစာမှာ တောက်ခေါက်သံတွေ။ နာကျင်တဲ့ မျက်ရည်စတွေနဲ့ပဲ ဝေနေတဲ့ အမှောင်ဖုံးညတွေ။ ပုံရိပ်တွေ။ ယခုထိတိုင် လတ်ဆတ်နေတဲ့ သွေးမတိတ်သေးတဲ့ ရုပ်ပုံလွှာတွေ။
သူမက အင်း ကျမ ယူပြောသလို ဂျေဆွန့်ဘွန့် ဖြစ်ချင်နေတော့တာ။ သူ့လိုပဲ အကုန် နှိမ်နင်းပစ်ချင်တော့တာတဲ့။
ဒီလိုနဲ့ပဲ ခုလို လသာတဲ့ညမှာ သူမနာမည်နဲ့ တထပ်တည်းတူတဲ့ အကောင့်ကို မြင်ရချိန်မှာတော့ ကျနော်ဟာ လရောင်တွေပြိုကျနေတဲ့ ညလွင်ပြင်ထဲမှာပဲ ကြာမြင့်စွာ ထိုင်နေခဲ့မိပါတယ်။ ယင်းအကောင့်ပိုင်ရှင်ရဲ့ Wall တခုလုံးကို စိုက်ကြည့်နေခဲ့မိပါတယ်။
မှုတ်ထုတ်လိုက်တဲ့ စီးကရက်အခိုးတွေကြားက အဲဒီအကောင့်ပိုင်ရှင် သူမရဲ့ပုံက ကျနော် စိတ်ကူးယဥ်ပုံဖော်ဖူးတဲ့ သူမပုံသဏ္ဌာန်နဲ့ အတိုင်းသား ထပ်တူ ဖြစ်နေတယ်။ အသားဖြူဖြူ နှုတ်ခမ်းထွေးထွေးနဲ့ သူမပုံသဏ္ဌာန်က ကိုးဆယ်ခေတ်နှောင်းက မမတွေရဲ့ခေတ်ကို အပြည့်အဝ ရယူထားနိုင်တယ်။ မမဟာ ပညာထက်မြက်သလောက် လှလည်းလှနေပါလားလို့ ကျနော်ဟာ ငေးရင်း တွေးမိနေခဲ့ပါတယ်။
စိတ်မကောင်းစရာ တခုကတော့ သူမအကောင့်မှာ လာမန့်တဲ့သူတွေကလည်း သူမသာ သူမဖြစ်နေတာမျိုးဆိုရင် ဘယ်လိုနည်းနဲ့မှ သဘောကျဖွယ်ရာ မရှိနိုင်တဲ့ ပေါတောတော စတေကာ Logo နဲ့ လူတွေရဲ့ တဏှာသံအပြည့်ပါတဲ့ ကောမန့်တွေ။ ပိန်းတိန်းတိန်း စကားတွေပဲ ပြည့်နှက်လို့နေတယ်။ သူမက သူမဖြစ်နေခဲ့လို့ရှိရင် ဘာကြောင့်များ ဒီလိုတာဝန်ကို ရွေးချယ်မိသလဲဆိုတာ ကျနော်စဥ်းစားလို့မရဘူး။ Politician တယောက်ရဲ့ဘဝဟာ ဒီလိုတိုင်းပြည်မျိုးမှာ ဖိနပ်မပါ ဖဝါးသက်သက်နဲ့ပဲ ဓားသွားပေါ် လျှောက်နေရတာမျိုး မဟုတ်လား။
ဒါကြောင့်များ သူမက သူမတကယ်သဘောကျတဲ့ ကျနော်တို့လို အင်ဒီးဆန်ဆန် နေချင်ကြတဲ့ ဒါမှမဟုတ် လစ်ဘရယ်သိပ်ဆန်တဲ့ ဒီဘက်အကောင့်က နယ်မြေတွေကြားထဲပဲ လာရောက်နေသလားဆိုတာကို ကျနော့်ဘာသာ စိတ်ထင်ရာ ဆွဲတွေးနေမိတယ်။ နောက်တခုကလည်း ကျနော်မနေနိုင်လွန်းလို့ လက်ရှိ Active ဖြစ်နေတဲ့ ဒီအကောင့်မှာ စမန်သာဆိုပြီး ကျနော် နာမည်ပေးထားတဲ့ သူမက မမလားခင်ဗျာလို့ သွားမေးရင်လည်း သူမက ငြင်းလွှတ်မလား၊ လူမှားနေပါတယ်ရှင်လို့ပဲ ပြန်ပြောမလား၊ ဒါမှမဟုတ်ရင် ဆရာလင်းခေတ်ဇော်ရဲ့ ကြယ်ဝင်စားမလေး ကဗျာထဲက ကောင်မလေးလို နှုတ်ခမ်းကို လက်ကလေးနဲ့ပိတ်ပြီးပဲ ရယ်နေမလား။
ကျနော် သိခွင့်ရှိမယ် မထင်ပါဘူး။ သူမကတော့ သူမဆိုတဲ့ ရုပ်ရှင်ထဲက သူမလိုပဲ ပျောက်ဆုံးသွားခဲ့တာတော့ တကယ် သေချာသွားခဲ့ပြီ ဆိုတာပါပဲ။
ဒီညမှာတော့ မိုးနှင်းတွေဝါးနေလို့ မမြင်ရတော့တဲ့ ကောင်းကင်ထက်က ကြယ်တွေကိုလည်း လှမ်းရေတွက်ဖို့ စိတ်မပါတော့ပါဘူး။
ကြယ်တွေနဲ့ ကျနော်တို့ဟာ ဘာကြောင့် ဝေးကွာ ခြားနားလွန်းရသလဲ ဆိုတဲ့အဖြေကို ရှာတွေ့ကောင်း ရှာတွေ့မိသွားလို့ ရေတွက်ဖို့ စိတ်မပါတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။
[ဆေးလိပ်လည်းတို နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။
တင်မိုး]
စာကြွင်း
(အကယ်ရွေ့များ ဒီစာကလေးကို သူမဖတ်မိရင် နှုတ်ခမ်းကလေးကို လက်နဲ့ပိတ်ပြီး ရယ်မောနေနိုင်ပါစေ)
Be the first to comment