သတင်းစာပညာ သောင်းပြောင်းထွေလာ

“စာအုပ်တန်းမှာလမ်းလျှောက်ခြင်း”

စာအုပ်အမည်။ သတင်းစာပညာ သောင်းပြောင်းထွေလာ
ရေးသူ။ လူထုစိန်ဝင်း
မျက်နှာဖုံး။ မိုးဇင်
အတွင်းပုံများ။ အော်ပီကျယ်
ပုံနှိပ်မှတ်တမ်း။ ပထမအကြိမ် အုပ်ရေ (၁၀၀၀)
စာအုပ်စျေး၊ မတ်၊ ၂၀၀၃
တစ်အုပ် (၁၀၀၀) ကျပ်
ထုတ်ဝေ။ စာအုပ်စျေး
အမှတ် ၅၇၊ ၉ လမ်း
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

■ ရည်ညွှန်းချက်
ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံးဖြစ်တဲ့ သတင်းစာလောကမှာ၊ နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ကြီးကို တနိုင်တမ တတ်စွမ်းသမျှ အင်အားလေးနဲ့ ဝန်ထမ်းနိုင်အောင် လမ်းခင်းပေးခဲ့သူ ဦးကြိး (ဆရာကြီးရွှေဥဒေါင်း) နဲ့နိစ္စဓူဝ ကံ့ကူလက်လှည့် သင်ကြားပြသ သွန်သင်ဆုံးမခဲ့ကြတဲ့ ဦးလေးနဲ့ဒေါ်ဒေါ် (လူထုဦးလှ၊ လူထုဒေါ်အမာ) တို့အား ဒီစာအုပ်နဲ့ လေးစားရိုကျိုး ရှိခိုးကန်တော့ပါတယ်။

■ ကျေးဇူးစကား
သတင်းစာပညာ သောင်းပြောင်းထွေလာဆောင်းပါးများ ရေးသားရာမှာ ထုတ်နုတ်ကိုးကားခြင်းပြုခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဖြစ်ကြကုန်သော သတင်းစာဆရာကြီးများ၊ စာရေးဆရာကြီးများနှင့်တကွ ဆောင်းပါးများကို လေးငါးခြောက်နှစ် စိတ်ရှည်စွာ စောင့်ဆိုင်းဖော်ပြပေးခဲ့တဲ့ စပယ်ဖြူမဂ္ဂဇင်း အယ်ဒီတာအဆက်ဆက်တို့ကို ကျေးဇူးဥပကာရ အထူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။

■ မာတိကာ
အမှာစာ
သတင်းစာပညာသောင်းပြောင်းထွေလာ (၁) မှ (၂၆) အထိ
ကျမ်းကိုးစာရင်း
စာရေးသူအထ္ထုပ္ပတ္တိအကျဉ်း
အညွှန်း
စုစုပေါင်း စာမျက်နှာ ၃၆၂ မျက်နှာအထိ ပါရှိ။

■ အမှာစာ
(လူထုဒေါ်အမာ)
“ကျမတို့နိုင်ငံရဲ့ သတင်းစာသမိုင်းကြောင်းက မမှေးမှိန်ပါဘူး။ တောက်ပပါတယ်။ ပဒေသရာဇ်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်မှ စပေါ်တာ၊ ပေါ်လာတော့ ဘုရင်မင်းမြတ်က
“ငါမကောင်းရင် ငါ့ကိုရေး
ငါ့မိဖုရား သားသမီးတွေမကောင်းရင်
မိဖုရား သားသမီးတွေအကြောင်းကိုရေး
နန်းတော်ထဲ ဘယ်နေရာမှာမဆို
အဝင်အထွက်ပြုနိုင်တယ်”
ဆိုတဲ့ အဓိကရ သတင်းစာလွတ်လပ်ခွင့်ကြီးနဲ့ စတင်ပေါ်ထွန်းလာတာပါ။
ကျမက သတင်းစာတစောင်မှာ နှစ်ပေါင်း (၂၀) ကျော် အလုပ်လုပ်ခဲ့ရဖူးပါတယ်။ ကျမလုပ်ခဲ့ရတဲ့သတင်းစာက “လူထုသတင်းစာ” ပါ။ ၁၉၄၆ ခု ဧပြီလက စထုတ်ဝေခဲ့ကြပြီး ၁၉၆၇ ခု၊ ဇူလိုင် ၇ ရက်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ရပ်စဲခဲ့ရပါတယ်။ အဲဒီသတင်းစာမှာ ကျမအလုပ်က ထမင်းအိုးထမ်း ဟင်းအိုးထမ်း အဖြစ်ကနေပြီးတော့ မင်းသားမင်းသမီးအဖြစ်အထိ တက်ကခဲ့ရဘူးပါတယ်။”
“လူထုသတင်းစာမှာ အယ်ဒီတာချုပ်က ဆရာကြီးရွှေဥဒေါင်း၊ တာဝန်ခံအယ်ဒီတာက လူထုဦးလှ၊ ပုံနှိပ်ထုတ်ဝေသူက ကျမအပြင် နေ့အယ်ဒီတာ၊ ညအယ်ဒီတာ ဘာသာပြန်နဲ့ ရေဒီယိုအယ်ဒီတာများ၊ သတင်းထောက်များ ခန့်ထားပါတယ်။ ပြည့်ပြည့်စုံစုံနဲ့ ပိုပိုမိုမိုရှိတဲ့အခါလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီသတင်းစာရဲ့ သတင်းထောက်တွေကအစ အယ်ဒီတာတွေအထိ အလုပ်မှာ အစွဲအမြဲ လုပ်ကြရတာမှ မဟုတ်ပဲကလား။ အလုပ်ခွင့်က မကြာခဏ ဇွတ်ခွာခွာသွားကြရတော့ ကျမမှာ လိုအပ်ရာရာက ဝင်ဝင်ပြီး သတင်းစာအချိန်မှန်ထွက်နိုင်ဖို့အတွက် လုံးပန်းပေးရတော့တာပေါ့။ ဆရာကြီးရွှေဥဒေါင်းနဲ့ လူထုဦးလှတို့ကဆိုရင် တရုတ်ပြည်မှာကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်ကြီးကို နှစ်ယောက်စလုံးသွားတက်နေကြလို့ ကျမမှာ အလှည့်ကျတဲ့ နွားမတကောင် ဖြစ်လိုက်ရပြန်သေးတယ်။ တခါတလေလည်း နိုင်ငံတော်အစိုးရက သူတို့နှစ်ယောက်ကို အတင်းခေါ်ပြီး အလုပ်ခွင်က ဇွတ်အနားပေးလိုက်ပြန်လို့ ဗြဲမက ဝင်ရုန်းလိုက်ရပြန်ရော။ အဲလိုနဲ့ စောစောကပြောခဲ့တဲ ထမင်းအိုးထမ်း ဟင်းအိုးထမ်းဘဝကနေနေပြီး မင်းသားတက်ကလိုက်ရ၊ မင်းသမီးဝင်လုပ်လိုက်ရ ဖြစ်လာရတာပါ။ “
“သတင်းစာတိုက်မှာ နှစ်ပေါင်း (၂၀) ကျော် ကျမအလုပ်လုပ်ခဲ့တဲ့ကာလအတွင်းမှာ ကျမရဲ့ ကံ့ကူလက်လှည့်က ဦးလှပါ။ ဆရာကြီး ရွှေဥဒေါင်းကတော့ ကျမကို ဖအေတယောက်လို အမြဲမပြတ် စောင့်ကြပ်သင်ကြားပေးသွားရှာသူပါ။
ဆရာကြီးက သတင်းစာမှာ ကျမရေးသမျှကို နေ့တိုင်းစောင့်ဖတ်ပါတယ်။ ပြီးရင် ရေးတဲ့အထဲကပါတဲ့ အမှားအယွင်း၊ ဝိဘတ်သုံးမှားတာကအစ ထောက်ပြ၊ စာနဲ့ရေး၊ လူလွှတ်ပြီး နောက် ဒီလိုမရေးနဲ့လို့ သင်သွားရှာတာပါ။ ဆရာကြီးရွှေဥဒေါင်းက ကျမအဖေနဲ့ ငယ်သူငယ်ချင်းပါ။ ကျမ စာရေးလာတဲ့အခါမှာတော့ သူ့သမီးအရင်းလို သင်ပြစောင့်ရှောက်သွားသူပါ။”

■ စာမြည်း
“သတင်းစာပညာဆိုတာ အကြောင်းအရာတခုကို စာဖတ်သူမျက်စိထဲ ‘ကွင်းကနဲကွက်ကနဲ’ မြင်လာအောင်၊ ‘ဒိုးကနဲဒေါက်ကနဲ’ ရေးရတယ်။ ‘လိုတိုရှင်း’ ဖြစ်ရတယ်။ အဖြစ်ကိုအဖြစ်အတိုင်း အရှိကိုအရှိအတိုင်းပဲ ရေးပြရပါတယ်။ သတင်းရေးသူရဲ့ အမြင်တို့ ခံစားမှုတို့ ထည့်လို့မဖြစ်ပါဘူး။
(သောင်းပြောင်းထွေလာ ၁)

“ ‘သတင်းဆိုတာဟာ လူ့လောက၌ ဖြစ်ရိုးဖြစ်စဉ်ထက် ဆန်းကြယ်တဲ့ဖြစ်ရပ်အကြောင်းအရာများ’ လို့ အတိုဆုံး အဓိပ္ပယ်ဖွင့်ဆိုရင် ရမယ်ထင်ပါတယ်။
(သောင်းပြောင်းထွေလာ ၃)

“သတင်းထောက်ရဲ့ တကယ့်တာဝန်က ဘယ်ဟာ သတင်းဖြစ်တယ်ဆိုတာ သိဖို့ပဲဖြစ်ပါတယ်”
(သောင်းပြောင်းထွေလာ ၅)

သတင်းက ဘယ်လောက်ခိုင်မာတဲ့၊ မှန်ကန်တဲ့ သတင်းမျိုးဖြစ်နေပါစေ ထေ့ငေါ့သရော်တဲ့ စကားလုံးတွေပါသွားရင် သတင်းအပေါ်မှာ ယုံကြည်မှု လျော့နည်းသွားစေပါတယ်။ သတင်းစာတစောင်ရဲ့အသက်ဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုအပေါ်မှာ လုံးဝမူတည်နေပါတယ်။
(သောင်းပြောင်းထွေလာ ၁၂)

သတင်းဘာသာပြန်ဆိုတာက ကမ္ဘာကြီးအကြောင်းကို ကိုယ့်လူမျိုးတွေသိအောင် လုပ်ပေးနေရတာဖြစ်ပါတယ်။ ကမ္ဘာကြီးအကြောင်းကို မသိပဲနဲ့ ကိုယ့်နိုင်ငံအကြောင်းကို မသိနိုင်ပါဘူး။
(သောင်းပြောင်းထွေလာ ၁၅)

မေးတဲ့သူက ကိုယ်ဦးတည်တဲ့ပရိသတ်ကို ရှင်းရှင်းလင်းလင်းသိထားပါမှ အဲဒီပရိသတ်ရဲ့ကိုယ်စား ပရိသတ်ကိုယ်တိုင်က မေးချင်တဲ့မေးခွန်းတွေကို မေးပေးနိုင်မှာဖြစ်ပါတယ်။ ပရိသတ်သိချင်တဲ့ကိစ္စတွေကို ‘ကွက်တိ’ ဖြစ်အောင် ‘ဒက်ကနဲ ဒက်ကနဲ’ မေးပြနိုင်တဲ့ အင်တာဗျုးဟာ အင်တာဗျုးကောင်းဖြစ်ပါတယ်။
(သောင်းပြောင်းထွေလာ ၁၇)

ဓာတ်ပုံသတင်းထောက်တယောက်အဖို့တော့ ရသပညာအကြောင်း၊ အနုပညာအကြောင်း မသိဘဲနဲ့ ဘယ်လိုမှ အောင်မြင်တဲ့ သတင်းဓာတ်ပုံပညာရှင်တယောက် ဖြစ်မလာနိုင်ပါဘူး။ အလွန်ဆုံးဖြစ်လှ ပုံအရိုက်ကောင်းတဲ့ ကင်မရာမင်းပဲဖြစ်မှာပါ။
(သောင်းပြောင်းထွေလာ ၁၈)

အယ်ဒီတာအရည်အချင်း ပြည့်ဝရင် ပြည့်ဝသလောက် သတင်းစာ သိက္ခာတက်ပါတယ်။ သိက္ခာရှိတဲ့ သတင်းစာတစောင်ရှိခြင်းဟာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရများအတွက် အကောင်းဆုံးမိတ်ဆွေ၊ အတော်ဆုံးအကြံပေးတယောက် ရှိနေသလို တန်ဖိုးရှိပါတယ်။
(သောင်းပြောင်းထွေလာ ၂၄)

ခေါင်းကြီးရေးပုံဟာ တည်တည်ခံ့ခံ့၊ ဣန္ဒြေသိက္ခာရှိတဲ့ အရေးအသားဖြစ်ရပါတယ်။ ကလိတာ၊ ရိတာ၊ စောင်းချိတ်ပြောဆိုတာမျိုး မလုပ်ရပါဘူး။ ဝေဖန်ရှုတ်ချအပ်တဲ့ ကိစ္စမျိုးမို့ ဝေဖန်ရှုတ်ချကြောင်း ရေးတာတောင် တည်တည်တံ့တံ့ သိက္ခာရှိရှိ ရေးရပါတယ်။
(သောင်းပြောင်းထွေလာ ၂၆)

About The Call 610 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*