“သတိတရ လွန်မြောက်ခြင်း”
နေဘုန်းလတ်
အခန်းကျဉ်းတစ်ခုထဲကနေ
နောက်ထပ်အခန်းကျဉ်းတစ်ခုဆီပြောင်းတော့
အမြဲရှုပ်ပွနေတတ်တဲ့
ကျွန်တော့်အခန်းလေးကို သတိရတယ်
နေကောင်းကျန်းမာရဲ့လား
ခဏခဏ လာစစ်ဆေးကြတော့
ကျွန်တော်စမ်းသပ်ခဲ့ဖူးတဲ့ လူနာတွေကို သတိရတယ်
ပေကြိုးခပ်နွမ်းနွမ်းနဲ့
ကျွန်တော့်လည်ပင်းကိုတိုင်းတော့
ဘွဲ့နှင်းသဘင်မှာဝတ်ဖို့
မေမေ အင်္ကျီလိုက်ချုပ်ပေးတာကို သတိရတယ်
ကိုယ်အလေးချိန်လာချိန်တော့
ဝတုတ် ဝိတ်လျှော့ဦးလို့
ခဏခဏ ပြောတတ်တဲ့ ချစ်သူကို သတိရတယ်
သရဏဂုံတင်ဖို့တဲ့ ဘုန်းကြီးတစ်ပါး ရောက်လာတော့
မိသားစုတွေစုံကြတဲ့
ဟိုးတုန်းက အလှူပွဲတွေကို သတိရတယ်
ညသန်းခေါင်ယံ အခန်းတံခါး သော့ဖွင့်သံကို ကြားတော့
သူငယ်ချင်းတွေနဲ့ အတူ မနက်အစောကြီး
ထပြီး သွားခဲ့ကြတဲ့ ခရီးတွေကို သတိရတယ်
သူတို့လာခေါ်ကြတဲ့အခါ
အဲဒီ့ သတိရခြင်းတွေက
ကျွန်တော့် ခြေထောက်တွေကို ဆွဲထားကြတယ်
ကျွန်တော့်အခန်းလေးက ကျွန်တော့်ကို ပြုံးပြတယ်
လူနာတွေက ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ကြတယ်
မေမေက ကျွန်တော့် အင်္ကျီကို ကြယ်သီးတပ်ပေးတယ်
ချစ်သူက ကျွန်တော့်ကို ခေါင်းညိတ်ပြတယ်
သူငယ်ချင်းတွေက ကျွန်တော့် ပုခုံးကို လာပုတ်ကြတယ်
ဟိုးဝေးဝေးက တရားသံ … ကျွန်တော်နာရတယ်
အဲဒီ့ သတိရခြင်းတွေကပဲ
ကျွန်တော့်ကို ပေ့ါပါးသွားစေပြန်တယ်
နောက်ဆုံးသိလိုက်တာက …
ကျွန်တော့်ခြေထောက်တွေ မြေကြီးနဲ့ မထိတော့ဘူး ဆိုတာပဲ။
၁၆၊ စက်တင်ဘာ၊ ၂၀၂၄
၁၁း၄၅
Be the first to comment