■ ဇေယျာဦး
● ကျောင်းသားလှုပ်ရှားမှုဖြစ်ပွားပေါ်ပေါက်ပုံ
(စတုတ္ထပိုင်း)
ကျောင်းသားများပို့ခဲ့သော စာများသည် အောက်ခြေတွင်ရှိသော ဝန်ထမ်းများက သက်ဆိုင်ရာလူကြီးများထံမပို့ဘဲ လက်စဖျောက်လိုက်နိုင်သည်လည်း ဖြစ်ရာ ယခုအခြေအနေသည် ကျောင်း၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နှင့် ကျောင်းသားတို့ကြား တရားဝင်ဆွေးနွေးခွင့်ရမည်ဖြစ်သလို အခြားသော အရာရှိများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာလည်း အပြန်အလှန် ဆွေးနွေးခွင့်ရမည် ဖြစ်သည်။ ပထမဦးစွာ ကျောင်း၏ ပြဿနာအထွေထွေကို တင်ပြကြသည်။ ၎င်းတင်ပြချက်များထဲတွင် ကျောင်း၌ ဆရာ၊ ဆရာမ မလုံလောက်မှု၊ အင်ဂျင်နီယာဘာသာရပ်အပိုင်း အလေးပေးမှုအားနည်းမှု၊ ကွန်ပျူတာအပါအဝင် ကျောင်းရှိ သင်ထောက်ကူပစ္စည်းများကို ကျောင်းသားများ အသုံးပြုခွင့်ရခြင်း နည်းပါးမှု အခြေအနေများလည်း ပါဝင်သည်။ ထို့နောက် ကျောင်းသားများ၏ တောင်းဆိုချက်များအကြောင်းကို တင်ပြသည်။
ကျောင်း၏ ပြဿနာအထွေထွေနှင့် ပတ်သက်ပြီး ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်က ဖြေရှင်းပေးလိမ့်မည်ဟုဆိုကာ တောင်းဆိုချက်များကိုမူ တပ်မတော်တွင် ယခုကဲ့သို့ လူစုလူဝေးဖြင့် ဆန္ဒပြခြင်းဖြင့်သော်လည်းကောင်း၊ လူစုလူဝေးဖြင့် လက်မှတ်ထိုးစာတင်၍သော်လည်းကောင်း တောင်းဆိုမှုများကို လိုက်လျောပေးရိုးထုံးစံမရှိကြောင်း၊ မကျေနပ်ပါက ကျောင်းသားများအား တောခိုလျှင်ခိုနိုင်ကြောင်း ပြောသည်။ ဤတွင် ကျောင်းသားများဘက်မှလည်း တောင်းဆိုချက်များရရှိမှသာ ကျောင်းကို ဆက်တက်နိုင်မည်၊ မရလျှင် ကျောင်းသားများကို (အရေးယူမှု တစုံတရာ မလုပ်ဘဲ) ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ပြုရန် ထပ်မံတင်ပြ တောင်းဆိုကြသည်။ အဆိုပါ တင်ပြချက်ကို ကြားရသည့်အခါ လေ့ကျင့်ရေးအရာရှိချုပ်လည်း ခေတ္တမျှ ငြိမ်သွားသည်။ သူ မျှော်လင့်မထားသော အချက်ဖြစ်ပုံရသည်။ ထို့အပြင် ကျောင်းသားများ၏ တောင်းဆိုလွှာများမှာလည်း သက်ဆိုင်ရာလူကြီးများထံ မရောက်သည်မှာ သေချာသလောက် ဖြစ်နေသည်။ ရောက်ပါက ထို အချက်များကို ဗိုလ်ချုပ်ကျော်ဝင်း သိရှိပြီး ဖြစ်လိမ့်မည်။
ထို့နောက် အိမ်ပြန်လိုသည့်ကိစ္စကို တဦးတယောက်တည်းက ကျောင်းသားအားလုံးကိုယ်စား တောင်းဆို၍မရကြောင်း၊ တပ်မတော်တွင် ကိုယ်စားလှယ်လုပ်ပြီး တောင်းဆို၍ မရကြောင်း၊ ယခုကိစ္စကို ဤနေရာတွင်ပင် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်းပြောကာ အိမ်ပြန်လိုသော ကျောင်းသားများအနေဖြင့် စစ်ကြောင်း၏ အပြင်ဘက် စစ်ရေးပြကွင်းဘက်တွင် ထွက်၍ ရပ်ရမည်ဖြစ်ပြီး မပြန်လိုသော ကျောင်းသားများက လက်ရှိ နေရာတွင် ဆက်လက်ထိုင်နေရမည်ဟု ဆိုသည်။ တဦးနှင့်တဦး မည်သည့် ပုံစံနှင့်မျှ သွေးဆောင်စည်းရုံးခြင်း မလုပ်ရန်လည်း သတိပေးလိုက်သည်။ ထို စကားကြားသည့်အခါ ကျောင်းသားများလည်း ခေတ္တမျှငြိမ်သွားသည်။ ဘေးဘီ ဝဲယာတွင် ကျည်အသင့်ထိုးထားသော လက်နက်များဖြင့် ချိန်ရွယ်ထားပြီး အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၏ ရှေ့မှောက်တွင် ကျောင်းသား တဦးချင်းအနေဖြင့် မိမိတို့သဘောဆန္ဒကို အတည့်အလင်း ထုတ်ဖော်ကာ အာခံရမည့် အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုသို့ ထွက်ရပ်မည့် ကျောင်းသားများကို ပစ်သတ်မည်လော၊ အရေးယူမည်လော စသဖြင့် ကျောင်းသားများဘက်မှလည်း တွေးနေကြသည်။ ခဏအကြာတွင်တော့ ကျောင်းသားတစုက စစ်ကြောင်းထဲမှထွက်ကာ လေ့ကျင့်ရေးအရာရှိချုပ် ပြောသော နေရာတွင် ရပ်လိုက်ကြသည်။ ကင်မရာသမားများကလည်း ဓာတ်ပုံများ အဆက်မပြတ် ရိုက်နေသည်။ ထို့နောက် နောက်ထပ်တစု ထပ်ထွက် သွားပြန်သည်။ ဤသို့ဖြင့် တစုပြီးတစု ထွက်သွားနေရာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်းအပါအဝင် အရာရှိများအားလုံး မျက်နှာမသာမယာ ဖြစ်ကုန်ကြသည်။ ၎င်းတို့၏ သွေးခွဲရေးစနစ်ကျင့်သုံးမှု divide and rule မှာ ကျောင်းသားများအတွက် အလုပ်မဖြစ်ကြောင်း စတင် ရိပ်မိလာသည်။ တစတစနှင့် အိမ်ပြန်မည့်ဘက်တွင် ထွက်ရပ်လာသည့် ကျောင်းသားဦးရေမှာ သုံးပုံနှစ်ပုံကျော်လာချိန်တွင်တော့ လေ့ကျင့်ရေး အရာရှိချုပ်က လက်ကာပြ၍ တားလိုက်တော့သည်။ ထို့နောက်တွင်တော့ –
“ကောင်းပြီ … မင်းတို့ရဲ့ ရဲရင့်ပြတ်သားမှုကို ကြိုက်တယ် … သိပ်ကို အိမ်ပြန်ချင်နေတဲ့ ကောင်တွေ။ မင်းတို့ကို တပ်မတော် မှာလည်း ဆက်မထားဘူး … အားလုံးပြန်ပို့ပေးမယ် … မင်းတို့ မိဘတွေဆီ အကြောင်းကြားပြီး အားလုံးကို ပြန်ပို့ပေးမယ် … ကျန်တဲ့အင်အားနဲ့ ငါတို့ ဒီကျောင်းကို ဆက်ဖွင့်မယ် … ဒါပေမဲ့ မင်းတို့ တခုတော့မှတ်ထားကြ… မင်းတို့ကျောင်းသားတွေရဲ့ လုပ်ရပ်ဟာ မြန်မာ့တပ်မတော့်သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လုပ်ရပ်ပဲ။ နောက်နောင်လည်း ဘယ်တော့မှ ရှိမလာစေရဘူး… မင်းတို့စိတ်ဓာတ်တွေ ငါတို့တပ်မတော်ကို အကူးစက် မခံနိုင်ဘူး … အဲဒီအတွက် မင်းတို့ ပြန်ချင်သူတွေ ပြန်ရမယ် … မင်းတို့ မိဘတွေ လက်ထဲကို မှဲ့တပေါက်မစွန်းစေရဘဲ ပြန်ရောက်စေရမယ်… အဲ… ဒါပေမဲ့ ဒီကိစ္စကို လှုံ့ဆော်ဖန်တီး တဲ့ သူတွေကိုတော့ ငါတို့ ခွင့်မလွှတ်ဘူး…”
ဟုဆိုကာ ဆွေးနွေးမှုကို အဆုံးသတ်လိုက်တော့သည်။
ထို့နောက် ကျောင်းအုပ်ကြီးကိုလည်း မှာစရာရှိတာ မှာကြားကာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်လည်း ကားပေါ်သို့တက်၍ နေရာမှ ပြန်လည်ထွက်ခွာသွားတော့သည်။ ကျောင်းအုပ်ကြီးကိုယ်တိုင်ကလည်း အိမ်ပြန်လိုသော ကျောင်းသားများ မိမိတို့ သက်ဆိုင်ရာတပ်ခွဲအလိုက် နာမည် စာရင်းပေးကြရန် မှာကြားပြီး ပြန်လည်ထွက်ခွာသွားတော့သည်။ ကျောင်းသားများလည်း မိမိတို့လိုလားသော အချက် (၂) ချက် (စာတင်၍ တောင်းဆိုထားသော အချက်များကို လိုက်လျောလျှင် ဆက်တက်မည်၊ မလိုက်လျောလျှင် ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ရရမည် ဟူသောအချက်) ထဲမှ တချက်ကို အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်သည့်အတွက် ဆက်တက်လိုသော ကျောင်းသားအချို့မှလွဲ၍ ကျောင်းသားအများစုမှာ ကျေနပ်ပျော်ရွှင်သွားကြသည်။ မိမိတို့ဘဝကို မိမိတို့ လွတ်လပ်စွာ ပုံဖော်ခွင့်ရတော့မည်၊ လွတ်လပ်စွာ ပျံသန်းခွင့်ရတော့မည်။ ထိုနေ့မှစ၍ ကျောင်း၏ နိစ္စဓူဝလုပ်ငန်း လည်ပတ်မှုများ၊ ယန္တရားများကို တရားဝင်ရပ်လိုက်ကြပြီး အိမ်မပြန်မီ ကျောင်းထဲ၌ ကျောင်းသားအားလုံး လွတ်လပ်စွာ နေထိုင်ခွင့်ရသွားကြသည်။
ကျောင်းပတ်ပတ်လည်တွင်တော့ လက်နက်ကိုင်တပ်များက လုံခြုံရေး တင်းကျပ်စွာ ယူနေဆဲဖြစ်သည်။ ကျောင်းပရဝုဏ်မှ ထွက်ပြေးရန် မသင်္ကာ ဖွယ်ရာများ တွေ့လျှင်လည်း နေရာတွင် ပစ်သတ်ရန် အမိန့်ပေးထားသည် ဆိုသော သတင်းများကိုလည်း ကြားသိရသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသား များအနေဖြင့် အိမ်ပြန်ခွင့်ရတော့မည့်နေ့ကိုသာ စောင့်မျှော်နေရုံမှတပါး လုပ်စရာမရှိတော့ပေ။ ကျောင်းသားများ ပျော်ရွှင်နေကြသည့် တချိန်တည်း တွင် တဖက်၌လည်း နာမည်ထွက်သော ကျောင်းသားများကို တဦးချင်း ခေါ်ယူစစ်ဆေးလျက်ရှိနေရာ အများစုက ပြန်မလာရတော့သည်က များသည်။ ထို့အတူ ညဉ့်အချိန်များတွင် ကျောင်းသားအိပ်ဆောင်များသို့လာကာ နာမည် ထွက်သော အချို့ကျောင်းသားများကို တိတ်တဆိတ် ခေါ်ဆောင်သွားမှုများလည်း ရှိနေသည်။ မည်သူတွေကို မည်သို့ခေါ်ဆောင်သွားသည်ကို ကျောင်းသားများ မသိကြတော့ပေ။
တပြိုင်နက်တည်းတွင် ပြင်ဦးလွင်မြို့ပြင်ရှိ (၃၁) မိုင် တပ်မတော် ဗဟို လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (ဗလစ) တွင် ထိန်းသိမ်းခံထားရသော စတုတ္ထနှစ်ကျောင်းသားများမှာလည်း တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် ဆွေးနွေးမှုအဆင်မပြေဖြစ်ကာ မည်သို့ဆက်လုပ်ရမည် မသိ ဖြစ်နေခဲ့သည်။ စတုတ္ထနှစ်ထဲမှ လက်ရှိလှုပ်ရှားမှုနှင့်ပတ်သက်၍ နာမည်ထွက်သော ကျောင်းသားအချို့ကိုလည်း တစတစ ခေါ်ထုတ်စစ်ဆေးရင်း တခါတည်း ထိန်းသိမ်းထားလိုက်သည်များ ရှိနေသည်။ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောင်းသားများကို တပ်မတော် နည်းပညာကောလိပ် ကျောင်းအချုပ်တွင် မထားတော့ဘဲ ပြင်ဦးလွင်မြို့ပေါ်ရှိ အခြားသောကျောင်းကြီးများနှင့် တပ်များတွင် ခွဲ၍ထားရှိကြသည်။ အချို့ကို စစ်တက္ကသိုလ်အချုပ်တွင် လည်းကောင်း၊ အချို့ကို တပ်မတော်နည်းပညာတက္ကသိုလ် အချုပ်တွင်လည်းကောင်း၊ အချို့ကို တပ်မတော်အုပ်ချုပ်မှုကျောင်း (တအခ) အချုပ်တွင်လည်းကောင်း၊ အချို့ ကို တပ်မတော်လေ့ကျင့်ရေး (၂) တပ်ရင်းအချုပ်တွင်လည်းကောင်း စသဖြင့် အသီးသီးခွဲဖြန့်ထားရှိကာ တနေရာလျှင် အများဆုံး (၃) ရက်သာ ထားရှိပြီး အလှည့်ကျရွှေ့ပြောင်းရင်း စစ်ကြောရေးဝင်လျက်ရှိသည်။ ပထမတွင် ကျောင်းသားအားလုံးကို သေဒဏ်ပေးမည်ဟူသော သတင်းများထွက်ပေါ်လာ သည်။ သေဒဏ်ပေးမည်ဆိုသော ကိစ္စနှင့် ပတ်သက်၍ တပ်မတော် ခေါင်းဆောင်ပိုင်းများကြား သဘောထားကွဲလွဲမှုအချို့ ရှိနေသည်ဟုလည်း ကြားသည်။ ထို့နောက် ဖမ်းဆီးခံ ကျောင်းသားများကို ရောက်ရှိတပ်ရင်းအချုပ် များတွင်ပင် စစ်ခုံရုံးတင် စစ်ဆေးကြသည်။
တပ်မတော်နည်းပညာကောလိပ်တွင်မူ ကျောင်းအုပ်ကြီး မှာကြားခဲ့သည့်အတိုင်း အိမ်ပြန်လိုသော ကျောင်းသားများနှင့် ဆက်တက်လိုသော ကျောင်းသားများကို သက်ဆိုင်ရာ တပ်ခွဲအလိုက် နာမည်စာရင်း လိုက်လံ ကောက်ယူလျက်ရှိသည်။ ကျောင်းကို လက်ရှိပုံစံအတိုင်း ဆက်ဖွင့်မည်၊ ဆက်တက်လိုသော ကျောင်းသားများကို ရောက်ရှိစာသင်နှစ်များအတိုင်း ဆက်လက်သင်ကြားပေးသွားမည်ဆိုသည့် သတင်းများလည်း ကြားလာရသည် ဖြစ်ရာ ကျောင်းသားများကြားတွင် နောက်ဆုံး၌ ကျောင်းဆက်မတက်ဘဲ အိမ်ပြန်လိုသည့်ဘက်က ပိုမိုများပြားလာတော့သည်။ အိမ်ပြန်လိုသည့် ကျောင်းသားဦးရေ အဆမတန် များပြားနေကြောင်း တာဝန်ရှိသူများ သိရှိသွားချိန်တွင် ကျောင်းသားများကြား သတင်းတခုဝင်လာပြန်သည်။ အိမ်ပြန် မည်ဆိုပါက ကျောင်းသားတဦးလျှင် ငွေကျပ် (၁၀) သိန်း နိုင်ငံတော်ကို လျော်ကြေးပေးရမည်ဟူ၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျောင်းသားများ၏ ဆုံးဖြတ်ချက်များကား မပြောင်းလဲကြတော့ပေ။
ကျောင်းသားအင်အား (၃၀၀၀) ကျော်တွင် ဆက်တက်လိုသည့် အင်အားမှာ (၁၀၀) ဝန်းကျင်သာ ကျန်ရှိတော့သည့်အတွက် နောက်ဆုံးအချိန်အထိ ကျောင်းကို ရှိသလောက်အင်အားနှင့် ဆက်ဖွင့်သွားမည်ဆိုသော တပ်မတော် ခေါင်းဆောင်ပိုင်းများ၏ ဆုံးဖြတ်ထားမှုကို ပြင်လိုက်ရတော့သည်။ နောက်ဆုံးတွင်တော့ ကျောင်းသားအားလုံးကို အိမ်ပြန်ခွင့်ပေးလိုက်သည် ဟူသော အမိန့် ကျလာတော့သည်။ ထိုအမိန့်ကျပြီးနောက် ဇွန်လ (၇) ရက်နှင့် (၈) ရက်များတွင်တော့ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများကို တပ်မတော် မော်တော်ယာဉ်များဖြင့် မန္တလေးမြို့အထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။ ကျောင်းသားအားလုံးကို ထိုသို့ပြန်ပို့ပေးခဲ့ပြီးနောက် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာကောလိပ်ကိုလည်း ဇွန်လ (၁၀) ရက်တွင် တရားဝင် ပိတ်လိုက်ကြတော့သည်။
အိမ်ပြန်ကျောင်းသားများနှင့် မရှေးမနှောင်းမှာပင် ဇွန်လ (၁၀) ရက်နေ့မှ စ၍ ဖမ်းဆီးခံကျောင်းသားများကို မန္တလေးအကျဉ်းထောင်သို့ (၃) သုတ်ခွဲကာ ပို့ခဲ့သည်။ ဖမ်းဆီးခံကျောင်းသားများသည် မန္တလေးထောင်သို့ ရောက်၍ ထောင်အာဏာပိုင်များနှင့် တွေ့ဆုံချိန်မှသာ မိမိတို့ ထောင်ဒဏ်မည်မျှ ကျခံရ ကြောင်းကို သိခွင့်ရကြသည်။ ထို့နောက် မန္တလေး ကြိုးတိုက်နှင့် သေဒဏ် တိုက်ခန်းများတွင် တခန်းလျှင် (၄) ဦး သို့မဟုတ် (၃) ဦးနှုန်းဖြင့် အသီးသီး ခွဲဖြန့်ထားရှိကြသည်။ မန္တလေးအကျဉ်းထောင်တွင် (၄) ပတ်ကြာမျှ ထားပြီး သည့်အချိန်တွင်တော့ ဖမ်းဆီးခံကျောင်းသားများကို မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များသို့ ခွဲပို့ကြသည်။ ထောင်နေရာချသည့် ပုံစံမှာလည်း ရန်ကုန်၊ ဧရာဝတီကဲ့သို့ မြန်မာပြည် အောက်ပိုင်းတွင်နေသော ကျောင်းသားများကို ဗန်းမော်၊ ကသာ၊ ပူတာအို၊ ခန္တီး၊ ကလေး စသည့် အကျဉ်းထောင်များသို့ လည်းကောင်း၊ မြန်မာပြည် အထက်ပိုင်းတွင်နေသော ကျောင်းသားများကို မော်လမြိုင်၊ ဘားအံ၊ စစ်တွေ စသည့် အကျဉ်းထောင်များသို့လည်းကောင်း ဇာတိဒေသများနှင့် ဝေးကွာသောနေရာများသို့ တမင်ရည်ရွယ်ချက်ရှိရှိ ခွဲဖြန့် ပို့လိုက်ကြခြင်း ဖြစ်သည်။
တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလှုပ်ရှားမှုဖြစ်စဥ်တွင် စတုတ္ထနှစ်ကျောင်းသား (၁၁) ဦး၊ တတိယနှစ်ကျောင်းသား (၁) ဦး၊ ဒုတိယနှစ် ကျောင်းသား (၃၃) ဦး၊ စုစုပေါင်း (၄၅) ဦးမှာ ထောင်ဒဏ် (၅) နှစ် နှင့် (၇) နှစ်တို့ အသီးသီးချမှတ်ခံခဲ့ရသည်။ ထို့အပြင် အဆိုပါဖြစ်စဥ်အတွင်း ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော လေ့ကျင့်ရေးအရာရှိများလည်း အရေးယူခံခဲ့ရသည်။ ထိုအချိန်က သင်တန်းသွားနေသော အရာရှိများနှင့် အစိုးရသက်သေ လိုက်လံထွက်ဆိုပေးသော အရာရှိများမှလွဲ၍ ကျန်သော လေ့ကျင့်ရေးဌာန အရာရှိများနှင့်အတူ ဗိုလ်မှူးကြီး ဘိုးအောင်လည်း အနားပေးခံခဲ့ရသည်။ ဗိုလ်မှူးကြီးအဆင့် (၁) ဦး၊ ဗိုလ်မှူးအဆင့် (၅) ဦး၊ ဗိုလ်ကြီးအဆင့်(၈) ဦး စုစုပေါင်း အရာရှိ (၁၄) ဦးတာဝန်မှ အနားပေးခံခဲ့ရသည်။ တကယ်တမ်းတွင် အဆိုပါအရာရှိများသည် ထိပ်ပိုင်းခေါင်းဆောင်များ၏ အမိန့်အတိုင်း တပ်မတော်သားပီပီ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်သာ ရှိပါသည်။ တပ်မတော်တွင် အထက်အမိန့်မရဘဲ မည်သည့်အရာရှိမျှ မိမိသဘောနှင့် လုပ်ဆောင်သည့် အလေ့အထမရှိသည်ဖြစ်ရာ ပေးခဲ့သော အမိန့်များနှင့် ချမှတ်ခဲ့သော မူဝါဒအမှား၊ စနစ်အမှားများကြောင့် ပေါ်ပေါက်လာသည့် အကျိုးဆက်ကို တာဝန်ယူသင့်သည်မှာ အဆိုပါအရာရှိများ မဟုတ်ပေ။ ထိုစနစ်အမှားများကို ချမှတ်ခဲ့သော၊ ပေးခဲ့သော ကတိကဝတ်များကို ချိုးဖောက်ခဲ့သော ထိုစဥ်က တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များသာ ဖြစ်သည်။ နောက်ဆုံးတွင်တော့ အဆိုပါအရာရှိများသည်လည်း ကျောင်းသားများနည်းတူ အထက်ခေါင်းဆောင်များ၏ တာဝန်ခံမှု ကင်းမဲ့ခြင်း၊ မူဝါဒလွဲမှားခြင်းတို့၏ သားကောင် ဖြစ်ခဲ့ရပေသည်။
ဤသို့ဖြင့် ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာသိပ္ပံအမည်ဖြင့် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သော တပ်မတော်နည်းပညာကောလိပ်သည် တည်ရှိမှုသက်တမ်း (၃) နှစ်ခွဲခန့် ရှိသော ၂၀၀၂ ခုနှစ်၊ ဇွန်လတွင် တရားဝင်ပိတ်သိမ်းလိုက်ရတော့သည်။
မည်သို့ပင်ဆိုစေ ဤလှုပ်ရှားမှုတွင် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများအနေဖြင့် မိမိတို့ လိုချင်သော အချက် (၂) ချက်ထဲမှ တချက်ကို ရရှိခဲ့သည့်အတွက် လှုပ်ရှားမှုအောင်မြင်သည်ဟု ဆိုနိုင်သည်။ အနာဂတ် ပျောက်နေခဲ့သော လူငယ်များအတွက် အနာဂတ်သစ်တွင် မိမိတို့လမ်းကို မိမိတို့စိတ်ကြိုက် ရွေးချယ်လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။ ယခု ဤစာရေးသည့်အချိန်တွင် အသက်အရွယ်အားဖြင့် (၃၈-၃၉) နှစ်ဝန်းကျင် ရှိနေကြပြီဖြစ်သော အဆိုပါ ကျောင်းသားဟောင်းများသည် မိမိတို့ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် အောင်မြင်နေသူများရှိသလို၊ အများစုမှာ ဘဝကို အသင့်အတင့် ရပ်တည်နေနိုင်ကြသူများလည်း ရှိကြသည်။ တပ်မတော်နည်းပညာကောလိပ် ကျောင်းဖြစ်တည်မှုမှာ သမိုင်းစာမျက်နှာတခုတွင် လျှပ်တစ်ပြက်သာ ပေါ်ထွန်းခဲ့ပြီး ပျောက်ကွယ်သွားခဲ့သော်လည်း အဆိုပါခက်ခဲသော ရုန်းကန်ရမှုတို့ဖြင့် အတူကျော်ဖြတ်ခဲ့ကြသော တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းအများစုသည် ထပ်တိုးမရှိ၊ အလျော့သာရှိသော ၎င်းတို့ ကျောင်းသားဟောင်း အသိုင်းအဝိုင်းများကြား အပြန်အလှန် ဖေးမကူညီ စည်းလုံးမှုများက ယနေ့ထိ ခိုင်မာနေဆဲဖြစ်သည်။
( လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ် (IJBS) တွင် ဖော်ပြထားပြီးသော စာတမ်းကို စာတမ်းရှင်၏ ခွင့်ပြုချက်ဖြင့် The Call – ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတွင် အပတ်စဥ် စနေနေ့တိုင်း ပြန်လည် ဖော်ပြသွားပါမည်။ )
Be the first to comment