■ ဇေယျာဦး
● တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့် ပတ်သက်၍ ပျံ့နှံ့ခဲ့သော သတင်းမှားများနှင့် ကျောင်းသားများကြုံရသော အမှတ်အသားသရုပ် အကျပ်အတည်း
တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများသည် ကျောင်းတက်နေစဥ် ကာလအတွင်း၌လည်း အထက်ခေါင်းဆောင်များ၏ မူဝါဒ မရှင်းလင်းမှု၊ ရည်ရွယ်ချက် မရိုးသားမှုတို့ကြောင့် မိမိတို့ကိုယ်ကို မိမိတို့ မည်သို့ သတ်မှတ်ရမည်ကို အခက်အခဲရှိခဲ့ကြသလို ကျောင်းဖျက်သိမ်းပြီး နောက်ပိုင်း အချိန်ကာလတလျှောက်တွင်လည်း အဆိုပါ အမှတ်အသားသရုပ် အကျပ်အတည်း (identity crisis) ကို နေရာတိုင်း၌ ရင်ဆိုင်ခဲ့ကြရပြန်သည်။ ယနေ့ အချိန်ထိလည်း ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ကျောင်းဖြစ်စဥ်ကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသော ကျောင်းသားများနှင့် ကျောင်းထုတ်ခံခဲ့ ကြရသော ကျောင်းသားပေါင်း (၃၀၀၀) ကျော်သည် ယခု ဤစာရေးသည့် အချိန်တွင် အသက်အရွယ်အားဖြင့် (၃၉-၄၀) နှစ်ဝန်းကျင် ရှိနေကြပြီဖြစ်၍ သက်ရှိ ထင်ရှားရှိနေကြဆဲမို့ ထိုအကျပ်အတည်းက ၎င်းတို့အနေဖြင့် တချိန်က တပ်မတော်နည်းပညာကောလိပ်ကျောင်းသား ဖြစ်ခဲ့ခြင်းအပေါ် ဂုဏ်ငယ်ရမလို ဖြစ်နေခဲ့ကြရသည်။ အကြောင်းမှာ တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်နှင့်ပတ်သက်၍ သတင်းမှားများက တပ်မတော် အသိုင်းအဝိုင်း၊ ထိုစဥ်က ပညာရေးအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းတို့တွင် တလျှောက်လုံး ပျံ့နှံ့နေခဲ့သည်။ ၎င်းတို့ အသိုင်းအဝိုင်းကြားတွင် တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့ခဲ့သော သတင်းမှာ တပ်မတော်နည်းပညာကောလိပ် ကျောင်းသား များသည် ကောလိပ်မှ ကျောင်းဆင်းလျှင် တပ်မတော်ရာထူးအနေဖြင့် ဗိုလ်အဆင့် သတ်မှတ်ပေးရန် တောင်းဆိုမှုကြောင့် တပ်မတော်က အရေးယူဖြိုခွင်းခဲ့ခြင်းဖြစ်သည် ဟူ၍ဖြစ်သည်။ အဆိုပါသတင်းကို ထိုစဥ်က ကျောင်းသား လှုပ်ရှားမှုကို ကိုင်တွယ်ဖြေရှင်းခဲ့သော တာဝန်ရှိခေါင်းဆောင်ပိုင်းများက တမင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပုံပေါ်ပါသည်။ သို့မှသာ ၎င်းတို့၏ စီမံခန့်ခွဲမှု လွဲမှားချက်များ၊ ကျောင်းသားများအပေါ် ကတိကဝတ်ချိုးဖောက်မှုများ၊ စနစ်၏ မတရားမှုများကို ဖုံးကွယ်နိုင်မည်ဖြစ်သည်။ ၎င်းတို့ အသိမခံဝံ့ဆုံး အရာမှာ တပ်မတော်က တည်ထောင်သော အင်ဂျင်နီယာကျောင်းက တပ်မတော် ခေါင်းဆောင်များအပေါ် မူဝါဒအလွဲများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြန်လည် မေးခွန်းထုတ် တောင်းဆိုမှုများ လုပ်လာခြင်းကို အများပြည်သူနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား အသိမခံဝံ့ခြင်း ဖြစ်သည်။ ၎င်းဖြစ်ရပ်မှာ ထိုစဥ်က တပ်မတော်ခေါင်းဆောင်များအတွက် ပြင်းထန်သော ထိုးနှက်ချက်တခုလည်း ဖြစ်ခဲ့သည်။ အကြောင်းမှာ ၎င်းတို့ စစ်အင်အားတိုးချဲ့ရေးစီမံကိန်းအတွက် များစွာအနှောင့်အယှက်ဖြစ်ခဲ့သလို ထိုသို့ဖြစ်ပြီးနောက်ပိုင်း ကျောင်းကို အပြီးတိုင် ဖျက်သိမ်းလိုက်ရပြီးနောက်ပိုင်း တပ်မတော်မှ တပ်မတော် ကွန်ပျူတာနှင့် အင်ဂျင်နီယာသိပ္ပံကဲ့သို့ အေဂျီတီအိုင်သင်တန်းကျောင်းအတွက် ကျောင်းသားများခေါ်ယူရာတွင်လည်း လူငယ်များ အထင်အမြင် ရှုပ်ထွေးစေမည့် မစစ်မှန်သော မက်လုံးများပေး၍ မျှားခေါ်ခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်သွားခဲ့သည်။
ထို့အပြင် တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူလူထုကြား သတင်းအမှားများပျံ့နှံ့စေခဲ့သော နောက်ထပ် အကြောင်းအရင်း တခုမှာ သတင်းရင်းမြစ်ခိုင်လုံစွာမရရှိဘဲ ဖြစ်စဥ်အကြောင်းကို ဖော်ပြခဲ့သည့် ပြည်ပမီဒီယာများဖြစ်သည်။ ထိုစဥ်က ပြည်ပမီဒီယာများဖြစ်သော Radio Free Asia နှင့် ဧရာဝတီမဂ္ဂဇင်းတို့ ဖြစ်သည်။ ၂၀၀၂ ခုနှစ် ဇွန်လထုတ် ဧရာဝတီ မဂ္ဂ္ဂဇင်း၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သတင်းကဏ္ဍတွင် တပ်မတော် နည်းပညာကောလိပ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုဖြစ်ရပ်နှင့် ပတ်သက်၍ ဤသို့ဖော်ပြခဲ့သည်။
Students Sentenced to Death. June 18, 2002—
In response to demonstrations two weeks ago by students at Burma’s “West Point”, the country’s military regime has allegedly sentenced some students to death for their role in the protests, according to sources close to students at the college. The protests occurred at the Military Technology College (MTC) in Maymyo, also known as Pyin Oo Lwin, in Mandalay Division and were in response to the quality of the school’s food as well as a recent regulation that reduced the cadet’s rank upon graduation, according to the Washington DC-based Radio Free Asia (RFA).It remains unclear exactly how many students have been sentenced to death or what the exact charges are, however, sources told The Irrawaddy that the number is between three and 10. The sources also said that an additional 17 students have been sentenced to 20 years in prison and that a total of 72 remain in detention.According to residents of Maymyo, 40 percent of MTC’s 5,000 students have been expelled due to the protests. And that all students have been sent home as the school remains closed since the protests occurred. MTC is also rumored to be moving to Ho Pong in southern Shan State as a result of the protests.Students at the Defense Services Academy (DSA) and the Defense Services Technological Academy (DSTA), both also located in Maymyo, were prohibited from going out last weekend and are also reportedly growing dissatisfied with the government’s treatment of the students at MTC, according to the residents of Maymyo.The source close to the students at MTC also said that the school’s principal, Col Pho Aung, has come under investigation for not properly controlling the students. The source noted that it was doubtful that he played any role in the protests but was being used by the regime as a scapegoat.The DSA was established in 1955 and is the most prestigious military school in the country. After 1988, however, the military junta expanded the DSA to include the Defense Services Medical Academy, the DSTA and the MTC in order to produce more professionals for the military.
ထိုစဥ်က မြန်မာနိုင်ငံသည် တင်းကျပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့ခြင်းက တကြောင်း၊ တပ်မတော်နည်းပညာကောလိပ်သည် ပြင်ပ အရပ်ဘက်တက္ကသိုလ်မဟုတ်သည်က တကြောင်းတို့ကြောင့် ဖြစ်စဥ်နှင့် ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူများ၊ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူများထံ ဆက်သွယ်မေးမြန်းနိုင်ဖို့ရာ များစွာအခက်အခဲ ရှိနေခဲ့ပုံပေါ်သည်။ ထို့ကြောင့် ရနိုင်သမျှ သတင်းအစအနလေးများအပေါ် အခြေခံ၍ သတင်းကို ရေးသားခဲ့ ကြခြင်း ဖြစ်သည်။ အဆိုပါသတင်းကို ကိုးကား၍ E Miller ရေးသားသော Replacing the Structure သတင်းဆောင်းပါးတွင်လည်း တပ်မတော်နည်းပညာ ကောလိပ်ဖြစ်စဥ် နှင့်ပတ်သက်၍ ဤသို့ဖော်ပြသွားခဲ့သည်။
In the early part of June, cadets at the Military Technical College, one of the colleges under the Defense Services Academy (the SPDC’s version of West Point) held protests. The issues that the cadets were protesting over were not huge ones. A recent policy change left cadets without the guaranteed rank of 2nd Lieutenant upon graduation, and there were complaints about the quality of the food at the school. The response from the higher ranks of the military government was anything but forgiving or laid back. According to reports from Radio Free Asia and The Irrawaddy magazine the leaders of this revolt were sentenced to death, another 17 were given 20 years in prison, more than 70 are still in detention and 2000 of the 5,000 students were expelled.
အထက်ပါသတင်းအရ တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်သည် ကျောင်းတွင် အစားအသောက်မကောင်းခြင်းနှင့် ကျောင်းသားများက ရာထူး တိုးပေးရန် တောင်းဆိုမှုတို့ကြောင့် ထိုကဲ့သို့ ဆန္ဒပြလှုပ်ရှားမှု ဖြစ်ရသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများ၏ ဂုဏ်သိက္ခာအပေါ် များစွာထိခိုက်စေခဲ့ပါသည်။ အဆိုပါသတင်းကို ဝါရှင်တန် တက္ကသိုလ်၊ Jackson School of International Studies မှ လက်ထောက် ပါမောက္ခ (Assistant Professor) Mary P. Callahan ကလည်း ၎င်း၏ Making Enemies: War and State Building ဟုအမည်ရသော တပ်မတော်အကြောင်း သုတေသနပြုထားသည့်စာအုပ်တွင် ပြန်လည်ရည်ညွှန်းထားသည်ကို တွေ့ရသည်။
ထို့အပြင် ကိုရီးယားနိုင်ငံ Inha University တွင် Asian Politics and International Relations ဘာသာရပ်သင်ကြားပေးနေသော နိုင်ငံရေးသိပ္ပံ ပညာရှင် မောင်အောင်မျိုးက မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပညာဌာနအတွက် ရည်ရွယ်ရေးသားသော Building The Tatmadaw သုတေသနသုံးသပ်ချက် စာတမ်းတွင်လည်း တပ်မတော်နည်းပညာကောလိပ် အကြောင်းကို ဤသို့ဖော်ပြခဲ့သည်။
Established on 26 December 2000 in Pyin Oo Lwin, the MCTI was known as the Military Technological College. The college was renamed as Military Technological Institute on 1 July 2002. The college recruited two intakes of students before being moved to Hopone on 22 October 2002 due to serious fights between its students and cadets from the DSTA. All students were sent back home and the institute was closed down for a year. Meanwhile the institute was reorganized on 28 November 2002 for a fresh start. A new batch of 500 students was recruited and classes began on 3 February 2003. Then on 8 May 2003, the institute was renamed Military Computer and Technological Institute.
၎င်း၏အဆိုအရ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းသားများကြား ပြင်းပြင်းထန်ထန် ခိုက်ရန်ဖြစ်ပွားမှုကြောင့် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများ ကို ကျောင်းထုတ်ပစ်ပြီး ကျောင်းကိုလည်း ယာယီပိတ်လိုက်ရသည်ဟု ဆိုထားပြန်သည်။ သည့်ထက်ပိုဆိုးသည်မှာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ (MCTI) ကို တပ်မတော် နည်းပညာကောလိပ် (MTC) နှင့် အတူတူဟု ဖော်ပြထားခြင်းဖြစ်သည်။ တကယ်တမ်းတွင် ရန်ဖြစ်၍ ကျောင်းပိတ်လိုက်ရ ခြင်း မဟုတ်သလို အဆိုပါ ကျောင်းနှစ်ခုမှာလည်း သက်ဆိုင်ရာ ကျောင်းခေါ်စာ နှင့် နာမည်အရကို လုံးဝကွဲပြားခြားနားကြောင်း ထင်ရှားပါသည်။ တပ်မတော် နည်းပညာကောလိပ်သည် အေဂျီတီအိုင် အဆင့် (၂နှစ်)၊ B.Tech အဆင့် (၂နှစ်)၊ B.E အဆင့် (၁နှစ်) စုစုပေါင်း (၅) နှစ် တက်ရောက်ရပြီး တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှာ ၎င်း၏ခေါ်စာအရ အေဂျီတီအိုင် (၂) နှစ် သင်တန်းသာ တက်ရောက်ရသည်။
အဆိုပါပညာရှင်များ၏ ဖော်ပြချက်များမှာပင် တဦးနှင့် တဦး ကွဲလွဲချက်များရှိနေသည်။ အဆိုပါပညာရှင်များ၏ ဖော်ပြချက်အမှားများ အပြင် အခြားသော ဒီဗွီဘီကဲ့သို့ မီဒီယာကြီးများက ကျောင်းဖြစ်စဥ်အကြောင်း နောက်ပိုင်းဖော်ပြချက်များတွင်လည်း အထက်ပါကဲ့သို့ မပြည့်စုံမှု၊ လွဲမှားမှု များစွာကို တွေ့နေရသည်။ တကယ်တမ်းတွင် တပ်မတော်နည်းပညာ ကောလိပ်ဖြစ်စဥ်သည် ထိုစဥ်က တပ်မတော်အရာရှိကြီးများ စွပ်စွဲခဲ့သလို နောက်ကွယ်မှ နိုင်ငံရေးအင်အားစုများ မရှိခဲ့သည့်အတွက်ကြောင့်လည်း မီဒီယာတွင် အကျယ်တဝင့် ဖော်ပြခြင်း မခံခဲ့ရသလို ဖြစ်စဥ်အတွင်း ထောင်ဒဏ်ကျသွားခဲ့ကြသော ကျောင်းသားခေါင်းဆောင်များအတွက်လည်း မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကာအကွယ်ပေးမှုကိုမျှ မရရှိခဲ့ကြပေ။ ထို့ကြောင့် ဖြစ်စဥ်နှင့်ပတ်သက်၍ မီဒီယာများမှ အဖြစ်မှန်ကို ဖော်ပြရန် အခွင့်အလမ်း မသာခဲ့သည့်အတွက်လည်း ထိုသို့မှန်းဆသတင်းများ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က အဖြစ်မှန်ကို သိရှိရန်မှာ အဆိုပါ ပြည်ပသတင်းဌာန မဆိုထားနှင့်၊ ကျောင်းသားများကိုတွေ့ရန် ကျောင်းအတွင်းသို့ ရောက်ရှိနေသော ကျောင်းသားမိဘများ ကိုယ်တိုင်သည်ပင်လျှင် ကျောင်းထဲ၌ မိမိ သားသမီး မည်သို့ဖြစ်နေသည်ကို သိခွင့်မရခဲ့ကြပေ။ ကျောင်းသားများ မငြိမ်သက်မှု စဖြစ်ဖြစ်ချင်း အချိန်မှာပင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြင်ဦးလွင်မြို့၏ အဝင်အထွက်အားလုံးကို ပိတ်ဆို့ပစ်လိုက်ကြသလို ဖုန်းလိုင်း အဆက်အသွယ်များပင် ယာယီဖြတ် တောက်ထားလိုက်ကြသည်။ ထို့အတွက်ကြောင့် အထက်ပါကဲ့သို့ သတင်းမှားများ ပျံ့နှံ့ခဲ့ရခြင်းမှာလည်း ၎င်းတို့အပြစ်ဟု မဆိုနိုင်ပေ။
အဆိုပါသတင်းမှားများ ပျံ့နှံ့မှု၏ အကျိုးဆက်အနေဖြင့် အဆိုပါ ထောင်ကျကျောင်းသားများသည် တဖက်တွင် တပ်မတော်ဘက်မှ သစ္စာဖောက်ဟု စွပ်စွဲပြစ်ဒဏ်ချခံခဲ့ရသလို တဖက်တွင်လည်း ထိုစဥ်က နိုင်ငံရေးအင်အားစုများ၏ မယုံကြည်မှု၊ ရှောင်ဖယ်မှုကို ခံခဲ့ရသည်။ အကျဉ်းထောင်အတွင်းသို့ လာရောက်ကူညီကြသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ အထူးအကျဉ်းသားစာရင်းမှာပင် ထည့်သွင်းခြင်း မခံခဲ့ရသည့်အတွက် ထောင်အတွင်း၌ သာမန်ရာဇဝတ် အကျဉ်းသားများနှင့် အဆင့်တူ သတ်မှတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် အကျဉ်းထောင် အသီးသီးတွင် ထောင်ကျကျောင်းသားများနှင့် ထောင်အာဏာပိုင်တို့ကြား ပဋိပက္ခများပင် ဖြစ်ခဲ့ကြသည်။ သာမန်ခိုးဆိုးလုယက် ရာဇဝတ်အကျဉ်းသားများကဲ့သို့ တပ်မတော်နည်းပညာကောလိပ် ထောင်ကျကျောင်းသားများကို ဆက်ဆံလာသည့်အခါ ပြန်လည်အာခံမှုများဖြစ်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ညှဉ်းပန်း နှိပ်စက်မှုများပင် ခံခဲ့ရသည်။ ထောင်ကျနေချိန် ကာလတစ်လျှောက်တွင်လည်း စာဖတ်ခွင့်ရရှိရေး၊ ထမင်းဝဝစားနိုင်ရေးအတွက်လည်း ဆက်လက်တိုက်ယူခဲ့ရပြန်သည်။ ထိုအချိန်က မည်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီမှ မရခဲ့သလို အကာအကွယ်လည်း မရရှိခဲ့ပေ။ အဆိုပါ အကျိုးဆက်များက ယနေ့အချိန်အထိ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းများ အပေါ် သက်ရောက်နေဆဲဖြစ်သည်။ ပြန်လည်ဖြေရှင်းခွင့်မရဘဲ သတင်းမှားများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသော တပ်မတော်နည်းပညာကောလိပ် ကျောင်းသား ဟောင်းများသည် ကျောင်းတွင် ဖြစ်ခဲ့သောဖြစ်ရပ်နှင့် ပတ်သက်၍ ဂုဏ်ငယ်စရာကဲ့သို့ ဖြစ်လာခဲ့သည်။ ကျောင်းတက်စဥ်ကပင် ကြုံတွေ့ခဲ့ရသော မိမိတို့ ကိုယ်ကိုယ် မိမိတို့ မည်သို့ သတ်မှတ်ရမည်မှန်း ရှင်းရှင်းလင်းလင်း မသိရ သည့်အဖြစ်၊ တနည်းအားဖြင့် အမှတ်အသားသရုပ် အကျပ်အတည်းက နှစ်ပေါင်း (၂၀) ကျော်ဖြတ်ခဲ့ပြီးသည့် ယနေ့အချိန်အထိတိုင် ရင်ဆိုင်ကြုံတွေ့ နေရဆဲ ဖြစ်သည်။ အကြောင်းမှာ တယောက်ယောက်က ဘယ်ကျောင်းကလဲ မေးလိုက်သဖြင့် တပ်မတော် နည်းပညာကောလိပ်ကပါ ပြန်ဖြေလိုက်လျှင် “အရာရှိပေးဖို့ ဆန္ဒပြ တောင်းဆိုလို့ ပိတ်လိုက်ရတဲ့ ကျောင်းလား”ဟု ပြန် အမေးခံနေရဆဲ ဖြစ်သည်။ ဖြစ်စဥ်တွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ကျွန်တော်၏ ယခုဆောင်းပါးသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းများ ရင်ဆိုင်နေရသော အဆိုပါအမှတ်အသားသရုပ် အကျပ်အတည်း (Identity Crisis) ကို တစိတ်တပိုင်း ဖြေရှင်းပေးနိုင်ပြီး ကျောင်းဖြစ်စဥ်သမိုင်းမှန်ကို မှတ်တမ်းတင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
( လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ် (IJBS) တွင် ဖော်ပြထားပြီးသော စာတမ်းကို စာတမ်းရှင်၏ ခွင့်ပြုချက်ဖြင့် The Call – ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတွင် အပတ်စဥ် စနေနေ့တိုင်း ပြန်လည် ဖော်ပြသွားပါမည်။
Be the first to comment