
“သားကြီးတို့ အေးဆေး”ရွယ်မိုး
မြင်တွေ့ရသမျှ မြင်ကွင်းတိုင်းသည် ပုံမှန်ဖြစ်နေပြီလားဟု ရဲဝင့် တွေးမိသည်။ သင်္ကြန်ကာလအတွင်း၌ပင် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သော ကျုံးဘေး လမ်းမကြီးများသည် ယခုမူ အားကစားလုပ်သူ၊ လေညင်းခံသူ၊ စက်ဘီးစီးသူများဖြင့် စည်ကားနေသည်။
ဗမ စကား တတ်ပုံမရသော တရုတ်များကိုမူ ကျုံးဘေးတွင် မမြင်ချင်မှ အဆုံးဖြစ်သည်။ မနက်ဆိုလျှင် အာဏာသိမ်းထားတာမှ ဟုတ်ပါလေစ ဟု ထင်ရလောက်အောင်ပင် အေးအေးလူလူနှင့် ဗမာစကား တတ်ပုံမရသည့် တရုတ်များ စုပြုံကာ အေရိုးဗစ် လုပ်တတ်ကြသည်။
လမ်းတွင် ဘီယာဆိုင်တဆိုင်မှ ဘီယာခွက် ကိုယ်စီမြှောက်ရင်း ဝါးလုံးကွဲ ရယ်ချလိုက်သံများက ရဲဝင့်နားထဲ အဆီးအတားမရှိ ဝင်ချလာသည်။ ရဲဝင့်တယောက် ဝမ်းတူးဖိုက် ဆိုင်ကယ်အစုတ်လေးနှင့် ကျုံးတပတ် ပတ်ရင်း ၇၃ လမ်းမကြီးဘက် ပြန်ချိုးကွေ့ လာခဲ့သည်။
ဌားနေကြသည့် နေရာမှာ ဆိုင်ကယ် ဇက်သော့ခတ် ရပ်လိုက်သည်။ ဘဝတူ သူငယ်ချင်းတယောက်က ရေစည်ထဲမှ ရေကို လက်မှာဆွတ်လျက် ဂုတ်ပိုး ပေါ် တဖြောင်းဖြောင်း ရိုက်နေရင်းမှ ရဲဝင့်ကို မြင်တော့ –
” ညစာ ဘာဟင်းလဲကွ …”
” စားတော့ သိရမှာပေါ့ကွာ ထမင်းအိုး တည်ပြီးပလား ကွ …”
” ကျက်တာ ကြာပေါ့ ငါ့ကောင်၊ မင်း ပြန်အလာ စောင့်နေတာ ငါတို့ ဆာလှပြီ …”
တယောက်က စားပွဲဝိုင်း ခပ်ညစ်ညစ်ကလေးကို ထုတ်လာသည်။ နောက်တယောက်က ထမင်းအိုးနှင့် သံပန်းကန်ပြားတွေ စားပွဲပုလေးပေါ် တည်ခင်းလိုက် ပြီး ထမင်းခူးနေသည်။ ရဲဝင့် ကြွပ်ကြွပ်အိတ် အထုတ်လေးတွေကို စားပွဲပေါ် တင်လိုက်ပြီး ဖြည်လိုက်သည်။
“ဝက်သားဟင်းဟ .. မစားရတာ တပတ်လောက်တောင် ရှိပြီ၊ မင်း ဘယ်ကပိုက်ဆံနဲ့ ဝယ်လာတာလဲ …”
သူငယ်ချင်းအမေးကို ရဲဝင့် အပြုံးနှင့်သာ တုံ့ပြန်သည်။
သုံးယောက်သား ဆာနေပြီမို့ စားရသည်မှာ မြိန်လှသည်။ ထမင်းစားနေရင်းပင် တယောက်က ရဲဝင့်အား –
“အန်တီက ဒီလကုန်ရင် ဖယ်ပေးဖို့ ပြောတယ် …”
” ဟ ဘာဖြစ်လို့လဲ၊ သုံးလစာ စပေါ်တောင် တင်ထားတာကို …”
“သေချာတော့ မသိဘူးကွာ၊ ငွေပြန်အမ်းမယ်တဲ့၊ ဧကန္တ ငါတို့ ယောကျ်ားလေး သုံးယောက်မို့ မထားချင်တာဖြစ်မယ်။ ပြီးတော့ သူ ကြောက်တယ်လို့တော့ ပြောတယ်။ အိမ်ထဲလည်း ရှုပ်ရှုပ်ယှက်ယှက်တွေ မထားပါနဲ့တဲ့။ သူ ဝင်ကြည့်သွားသေးတယ် …”
ရဲဝင့် ငိုင်သွားသည်။
“ဘာလဲဟ ဘာမှ မရှိတဲ့ဟာ … ငါတို့ဘာသာ သံပန်း သံချီသံကွေး လုပ်နေ ဒလီဗာရီ လုပ်နေတဲ့ဟာ၊ အစကတည်းက သိသားနဲ့။ ရပ်ကွက်အုပ်ကြီးလည်း တို့နဲ့ သိနေတာပဲဟာ …”
“အေး အုပ်ကြီးလည်း ပြောတယ်။ အဆောင် ပြောင်းနေကြပါလားတဲ့၊ စစ်လားဆေးလားဆို အာမခံမပေးနိုင်ဘူးတဲ့ …”
သုံးယောက်သား ထမင်းဝိုင်းက ဆိတ်ငြိမ်သွားသည်။ သက်ပြင်းကိုယ်စီ ချလိုက်သည်။ ထမင်းစားရတာလည်း အရသာမရှိတော့။ အဆောင်တွေ နေခဲ့ဖူးသည်။ မကြာခဏ ဝင်ရှာဖွေခံနေရ၊ စခန်း ခနခနရောက်၍ အဆင်မပြေပေ။ ဒီကြားထဲလည်း လူသစ်က စုချင်လိုက်သေးသည်။ လွတ်လပ်စွာ နေလို၍မှ သုံးယောက်တိုင်ပင်ပြီး အိမ်သေးသေးလေး ငှားနေသော်လည်း ဒါနဲ့ဆို ပြောင်းရတာ နှစ်ခါရှိပြီ။
“မင်းကလည်း ငါ့-ီး ထမင်းစားပြီးမှ ပြောပါလား၊ ခုတော့ ရဲဝင့် ထမင်းစားပျက်ပြီ …”
“ထားပါ၊ အန်တီ့ကို ပြောလို့ရသေးလား၊ လကုန်ဖို့ကလည်း ရက်က သိပ်မလိုတော့ တပတ်လောက်ဖြစ်ဖြစ် ထပ်တိုးပေးဖို့ …”
“အဲ့ဒါတော့ ငါ ပြောပြီးပြီ မရဘူး၊ မင်း ထပ်ပြောကြည့်ပေါ့ ….”
ရဲဝင့် သက်ပြင်းချလိုက်သည်။
လူတွေသည် တဖြည်းဖြည်းနှင့် ရဲဝင့်တို့ကို ဘွိုင်းကော့ လုပ်လာကြပြီပဲ ဟု စိတ်မကောင်း ဖြစ်ရသည်။
“စိတ်ဓာတ်မကျပါနဲ့ကွာ၊ နောက်တအိမ် ထပ်ရှာကြသေးတာပေါ့ …”
အားပေးသူက အားပေးပေမယ့် မလွယ်ကူမှန်း ရဲဝင့် သိနေသည်။ ယခုအိမ် မရောက်ခင်ကပင် အရင်အိမ်က နှင်မထုတ်ရုံတမယ် အိမ်ပြောင်းခိုင်းတာ ကြုံထားရသည်ကိုး။
ရဲဝင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်မဆေးရသေးသည့် ရဲဝင့်လက်မှာ ထမင်းလုံး အစအနတွေပင် ခြောက်နေပေပြီ။ အားလုံးထဲမှာ ခေါင်းဆောင်ပီပီ ရဲဝင့်ကိုယ်တိုင်က စိတ်အားငယ်ပြလို့ မဖြစ်ပေ။
“ကဲ ကဲ နောက်မှ အဲ့ဒါတွေးကွာ၊ လောလောဆယ် ထမင်းစားပြီးရင် သုံးကောင်သား ဂစ်တာ တီးရအောင် …”
ထမင်းပွဲကို မြန်မြန် လက်စသတ်လိုက်ကြသည်။ တယောက်က ဂစ်တာယူလာသည်။ ရဲဝင့် လှမ်းယူရင်း အသံညှိလိုက်သည်။
“ဘာသီချင်း ဆိုကြမလဲ …”
သုံးယောက်သား တယောက်မျက်နှာ တယောက်ကြည့်ရင်း မတိုင်ပင်ထားရပါဘဲ နှုတ်မှ ထွက်လာသည့် သီချင်းစာသားများကား –
“သားကြီးရေ မင်းဘဝကို ပျော်အောင်နေ ဘဝမှန်ရင် အတက်အကျတော့ ရှိစမြဲပဲလေ အားမငယ်နဲ့ မင်းအနားမှာ ငါတို့ရှိတယ် ကြုံလာအခက်အခဲများ ဖေးမ ကူ ရှေ့ဆက်လိုက်ကြမယ် သားကြီးတို့ အေးဆေး …”
(စာရေးသူမှတ်ချက် – ထိုသုံးယောက်လုံးသည် ယခုမူ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ဖြစ်နေလေပြီ။ ရဲဝင့်မှာ အမည်မှန် မဟုတ်ပါ။)
Be the first to comment