
‘သားကြီးရင် လေယာဥ်ပျံ မမောင်းတော့ဘူး…အဖေ’

သမန်းဆီတက်နေတဲ့ အဖေ့ရဲ့လက်တွေနဲ့ ပွေ့ဖက်ခံထားရတဲ့ အချိန်ဟာ ဘ၀မှာ အနွေးထွေး အလုံခြုံဆုံးလို့ ခံစားခဲ့ရတဲ့ အချိန်တွေပေါ့။ ရွာထိပ်ညောင်ပင်ကြီးပေါ်က လမင်းကြီးကို ကျောက်သင်ပုန်းကြီး ပြည့်သွားတဲ့အထိ ရေးပြနိုင်ခဲ့တဲ့ လပြည့်ည တညမှာပေါ့။ အဖေက သားကို မြှောက်ချီလို့ ရီရီမောမောနဲ့ မေးခဲ့ဖူးတယ်။ ငါ့သားကြီးရင် ဘာလုပ်ချင်လဲတဲ့။ အချိန်မဆိုင်းဘဲ ရင်ကော့ပြီး ဖြေပစ်လိုက်တယ်။ “လေယာဥ်ပျံကြီး မောင်းမယ်”လို့။
အဖြူအစိမ်း မ၀တ်နိုင်သေးတဲ့ ဆရာမလေးတွေနဲ့ အဖြူအစိမ်း ၀တ်စရာမရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ ဖရိုဖရဲနဲ့ သင်ကြားနေရရှာတဲ့ စာသင်ခန်းထဲမှာလည်း ဒီမေးခွန်းနဲ့ပဲ ထပ်ပြီး ရင်ဆိုင်ရပြန်တယ်။
ဆရာမလေးကပြုံးပြုံးရွှင်ရွှင်နဲ့မေးတယ်
သားကြီးရင်ဘာလုပ်ချင်တာလဲ တဲ့၊ အချိန်မဆိုင်းဘဲ ခေါင်းမော့ပြီးဖြေခဲ့လိုက်တယ်
“လေယာဥ်ပျံကြီးမောင်းမယ်” လို့၊
ဒါပေမယ့်လည်း အဖေရယ် သားဘဝမှာ တသက်လုံးမေ့လို့မရနိုင်တော့မယ့်နေ့၊ သားရဲ့ သိစိတ်မှတ်ညဏ်ထဲကနေ အပြီးတိုင် ထုတ်ပစ်လိုက်ချင်တဲ့နေ့၊ အဲဒီနေ့ဟာတကယ်ပဲ ရောက်ရှိလို့ လာခဲ့ပါတယ်။
သားတို့ကျောင်းရဲ့ခေါင်မိုးပေါ်က လေယာဥ်ပျံသံကြီး ကြားလိုက်ရတော့ တဆက်ဆက်တုန်ရင်း ကြောက်လန့်နေတဲ့ ဆရာမလေးဟာ သားတို့လက်ကိုဆွဲပြီး ပြေးထွက်ဖို့ ကြိုးစားတယ်။ အဲ့ဒီအချိန်မှာ ဖြစ်ပျက်သွားတာတွေက အရမ်းကို မြန်ဆန်လွန်းတယ်။
သားမျက်စိရှေ့မှာတင် သားသူငယ်ချင်းတွေဟာ အပိုင်းပိုင်း အပြတ်ပြတ်။
သားဆရာမလေးဟာ အပြိုပြိုအလဲလဲ။
သားတို့ စာသင်ခန်းလေးဟာ ပေါက်ပြဲစုတ်ပျက်။
သားတို့ တကျောင်းလုံး ကြေမွကွဲအက်။
ပတ်ဝန်းကျင်တခုလုံး သွေးညှီနံ့တွေ ဖုံးလွှမ်းလို့။
အဲ့ဒီလိုနေ့တွေ သား ဘယ်လိုစိတ်နဲ့ မေ့ပစ်ရမှာလည်း အဖေရယ်။
ဘယ်လိုနှလုံးသားတွေနဲ့များ ဒီလောက်ထိအောင် ရက်စက်နိုင်ရတာလဲ။
ဘယ်လိုအငြိုးတရားတွေကြောင့်များ ဒီလောက်ထိအောင် လောင်ကျွမ်းနိုင်ရတာလဲ။
သားတို့မှာ ဘာအပြစ်တွေရှိလို့လဲ။
သားတို့ဟာ ဘာအမှားတွေ လုပ်မိလို့လဲ။
သားတို့ကျောင်းတက်တာ ဘယ်သူ့ကို မပျော်ရွှင်စေခဲ့လို့လဲ။
အဲ့ဒီလေယာဥ်ပျံကြီးပေါ်က ပစ်ချလိုက်တဲ့ အရာတွေဟာ သားတို့ကျောင်းလေးကို တမင်ရည်ရွယ်ပြီး ပစ်ချခဲ့တာလား။ လမ်းကြောင်းမှားပြီးတော့ပဲ မတော်တဆ ကျရောက်လာခဲ့တာလား။
ဘယ်လိုပဲ ဖြစ်ဖြစ် ပြီးခဲ့တာတွေကပြီးသွားခဲ့ပါပြီ။ ဘယ်အရာကိုမှ အသစ်က ပြန်စလို့ မရတော့ပါဘူး။ သားသူငယ်ချင်းတွေကို သားပြန်မရတော့ဘူး။
သားဆရာမကို သားပြန်ရတော့ဘူး။
သားတို့ကျောင်းကို သားပြန်မရတော့ဘူး။
သားတို့ရဲ့အနာဂတ်ကို ဘယ်သူတွေက အမှောင်ချချင်နေတာလဲ။
သားတို့ရဲ့ အိမ်မက်ကို ဘယ်သူတွေက ချေမွချင်နေတာလဲ။
သားတို့ရဲ့ကောင်းကင်ကို ဘယ်သူက အကျည်းတန်စေခဲ့တာလဲ။
သားရဲ့အနားမှာ မကြားချင်ဆုံး အသံက တဝေါဝေါပျံသန်းလာမယ့် လေယာဥ်ပျံကြီးတွေရဲ့ အသံကိုပေါ့။ သားရဲ့ မျက်ဝန်းမှာ မမြင်ချင်ဆုံးအရာက တဝေဝေနဲ့ ပျံဝဲလာမယ့် လေယာဥ်ပျံကြီးတွေကိုပေါ့။
အခုလို အချိန်မျိုးမှာ အဖေက သားကို အရင်ကလို မေးခွန်းမျိုး မေးခဲ့မယ် ဆိုပါတော့။ သားကြီးရင် ဘာလုပ်မှာလဲ ဆိုတာ မသေချာတော့ပေမယ့် သားရင်ထဲမှာ သေချာတာတခုကတော့
“သားကြီးရင် လေယာဉ်ပျံမမောင်းတော့ဘူး…အဖေ။”
“သားကြီးရင် လေယာဥ်ပျံမမောင်းတော့ဘူး…အဖေ။”
“သားကြီးရင် လေယာဥ်ပျံမမောင်းတော့ဘူး…အဖေ။”
Be the first to comment