■ နောင်လူသစ်
ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ
☆ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၇) မြို့နယ်အထိရှိသည်။
☆ မန္တလေးတိုင်းဒေသအတွင်း တိုက်ပွဲအများဆုံး ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု (၁၆) ကြိမ်ထက်မနည်းရှိခဲ့သည်။ မန္တလေးတိုင်းဒေသအတွင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် MDY-PDF ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက်အရှိန်မြင့်နေပြီး ဇူလိုင်လ (၁၇) ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ပထမဆုံးသိမ်းပိုက်နိုင်ကြောင်း MDY-PDF က ထုတ်ပြန် ကြေညာခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး (၁၄) ကြိမ်ထက်မနည်း ရှိခဲ့သည်။ အပစ်ရပ်ထားသည့် (၄) ရက်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ ကျောက်မဲဒေသများနှင့် မိုးကုတ်ဒေသများတွင် စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲပေါင်း အကြိမ် (၂၀) ကျော် ဖြစ်ပွားကြောင်း TNLA က ပြောဆိုထားသည်။ အပစ်ရပ်ကာလ (၄) ရက် ပြည့်မြောက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၂၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၆၃) ဦးထက်မနည်း ရှိခဲ့သည်။
☆ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တပတ်တာအတွင်း တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ တပ်စခန်း ပေါင်း (၈) ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်သည်။
☆ တော်လှန်ရေးအင်အားစုများဘက်က မြို့ (၁) မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် သံတွဲနှင့် ငပလီကမ်းခြေတို့ကို AA က ထိန်းချုပ်ထားနိုင်သည်။
☆ တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်းသီးသန့် အသုံးပြု တိုက်ခိုက်မှုမှာ (၃) ကြိမ်ထက် မနည်းရှိသည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့် အရပ်သားသေဆုံးမှု (၇၅) ဦးထက်မနည်း ရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။
တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
Be the first to comment