4
ထွင်
‘သူတို့ညီအကို’
သူတို့ ညီအကိုနှစ်ယောက်ကို မြင်နေရသည့်အခါ ကျွန်ုပ် အတွေးပွားမိပေသည်။ သူတို့ညီအကိုနှစ်ယောက် ဘယ်လိုစိတ်နှင့်များ တော်လှန်ရေးလောကထဲ ဝင်ကြပါလိမ့်လို့ပေါ့။
သူတို့ ညီအကိုနှစ်ယောက်ဟုသာ ပြောရသည် ညီအကိုအရင်းတွေတော့ မဟုတ်ပေ။ မောင်နှမအရင်းက မွေးသည့် တဝမ်းကွဲ ညီအကိုတွေ။
သူတို့ ညီအကိုရဲ့ အဖွားမှာ သားသမီးလေး နှစ်ယောက်သာ ရှိ၏။ သားက အကြီး၊ သမီးက အငယ်။
ကျွန်ုပ်တို့ဒေသမှာ ဓလေ့ထုံးစံတခု ရှိသည်။ အိမ်တအိမ်တွင် မိဘများ ဆုံးပါးသွားလျှင် အမွေများ ခွဲဝေကြရာ၌ အငယ်ဆုံး သား/သမီးသည် မိဘ၏အိမ်နှင့် ထိုအိမ်၏ ခြံဝိုင်းကို အပိုရရုံမက ကျန်သည့် ပိုင်ဆိုင်မှုများကိုပါ ခွဲဝေရရှိနိုင်သည်။ ကြီးသော သား/သမီးများက အိမ်နှင့် ထိုအိမ်၏ ခြံဝိုင်းကို လုံးဝ ရပိုင်ခွင့်မရှိ။ ကျန်သည့် ပိုင်ဆိုင်မှုများကိုသာ ခွဲဝေရရှိ၏။
သူတို့ညီအကို၏ အဖွားသည် အလွန်ဆင်းရဲ၏။ အိမ်နှင့် ထိုအိမ်၏ ခြံဝိုင်းကလွဲလို့ ဘာပိုင်ဆိုင်မှုမျှ မရှိ။ ယာမရှိ။ လှည်းမရှိ။ နွားမရှိ။ တောင်သူ မလုပ်နိုင်။ ကြုံရာကျပန်းသာ လုပ်ကြရသည်။ သားသမီးနှစ်ယောက်ကလည်း အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ကိုယ်စီ ကျကုန်ကြလို့ ကလေးတွေကိုယ်စီ မွေးဖွားလာကြသော်လည်း ဆင်းရဲနွမ်းပါးမြဲပင်။ သည့်ကြောင့် သားကြီးဖြစ်သူမှာ အိမ်ခွဲနေချင်ပါသော်လည်း နေစရာမြေမရှိသဖြင့် မိခင်မကွယ်လွန်ခင်မှာကတည်းက မိခင့်အိမ်၏ နောက်ဖေးလေးမှာ ကျဥ်းကျဥ်းကျပ်ကျပ် အိမ်ဆောက်နေရပါသည်။ မိခင်၏ အိမ်ကိုတော့ ရိုးရာအရ အကြီးပီပီ ယူခွင့်မရသောကြောင့် ညီမဖြစ်သူသာ ယူပါစေ နားလည်မှုဖြင့် နောက်ဖေးလေးမှာသာ ကပ်နေရသည်။ ထိုနောက်ဖေးကိုပင် ညီမဖြစ်သူ ပိုင်ဆိုင်ပါသေးသည်။ သို့သော်လည်း ညီမဖြစ်သူက လောဘမတက်။ အစ်ကိုဖြစ်သူအပေါ် နားလည်မှုရှိစွာ ခွဲဝေပေးသည်။ သည်တော့ အိမ်ဝိုင်းတဝိုင်းထဲမှာ အိမ်ကလေးနှစ်လုံးနှင့် မိသားစုနှစ်စု နေထိုင်ကြသည်။ သင့်သင့်မြတ်မြတ်၊ ချစ်ချစ်ခင်ခင် ရှိကြသည်။ တီဗီတလုံးတည်းကို နှစ်အိမ်လုံးကြည့်။ ထမင်းတအိုးတည်း စားသည်တော့မဟုတ်ပေမယ့် ကိုယ့်အိမ်က စားပွဲမှာ ဟင်းမကောင်းလျှင် သူ့အိမ်က စားပွဲမှာ ဝင်စား။ အိမ်သာ တလုံးထဲကို နှစ်အိမ်လုံးတက် စသည်ဖြင့်။
ထို မောင်နှမနှစ်ဦးကနေ ပွားစီးလာသည့် သားသမီးတွေထဲမှာ သူတို့ညီအကိုလည်း ပါ၏။ အကို၏သားက ထွန်းထိန်။ ညီမ၏ သားက ထိန်တောက်။ အသက်ကလေးများက တယောက်နှင့်တယောက် မတိမ်းမယိမ်း။ ဆယ့်ခြောက် ဆယ့်ခုနှစ်နှစ်သာ ရှိကြသေးသည်။
အဲ့သည်လို အိမ်တဝိုင်းထဲမှာ မိသားစု နှစ်စု စုစုစည်းစည်း ရှိနေရာကနေ တနေ့တွင် ကံကြမ္မာမုန်တိုင်း ထန်လာခဲ့သဖြင့် တကွဲတပြားစီ ဖြစ်ခဲ့ကြရသည်။ အဲဒါကတော့ စစ်အာဏာရှင်က တိုင်းပြည်အပေါ် အာဏာသိမ်းလိုက်သောကြောင့်ပါ။
တကယ်တော့ တိုင်းပြည်ကြီး အာဏာသိမ်းခံလိုက်ရရုံနှင့်တော့ သူတို့ညီအကို၏ မိသားစုကလေး မကွဲပြားနိုင်သေးပေ။ မိသားစုထဲတွင် စုန်းပြူးတယောက် ပေါ်ပေါက်လာခဲ့သောကြောင့်သာ တကွဲတပြား ဖြစ်ကြရသည်။
ထို စုန်းပြူးကား ထိုမိသားစု၏ သားအကြီးဆုံးဖြစ်သူ၊ ထွန်းထိန်၏ အဖေ၊ ထိန်တောက်၏ ဦးလေးသည် စစ်အာဏာရှင်ကို ထောက်ခံအားပေးသူ ဖြစ်နေခဲ့သောကြောင့်ပင်။
ထွန်းထိန်၏ အဖေ သူလျှိုလုပ်သည်ကို ပေါ်ပေါက်ခဲ့သည်။ မှတ်မှတ်ရရ ပြောရလျှင် ထွန်းထိန်၏ အဖေကြောင့် တရွာလုံး စစ်ရှောင်ပြေးရပေါင်း များခဲ့သည်။ ထွန်းထိန်၏ အဖေက စစ်အာဏာရှင်ထံ ဖုန်းနှင့် ဆက်သွယ်ပြီး ရွာ့အခြေအနေကို တင်ပြသတဲ့။ ရွာထဲသို့ ခေါ်သည်တဲ့။ သည့်ကြောင့် စစ်အာဏာရှင်၏ ဘက်တော်သားများသည် ရွာထဲသို့ အလုံးအရင်းနှင့် ဝင်လာခဲ့သည်။ မပြေးနိုင်သူများ ဖမ်းဆီးခေါ်ဆောင်သွားခံရသည်။ ခေါ်ဆောင်သွားသည့် နေရာတွင် သတ်ပစ်ခံရသည်။ အသတ်မခံရသူကိုတော့ မသေရုံတမယ် ရိုက်နှက်ပြီး ပြန်လွှတ်ခဲ့သည်။ တော်လှန်ရေးတပ် ဖွဲ့စည်းနေသော နေရာအား ဝင်စီးနိုင်ခဲ့သဖြင့် ကောင်လေးငါးဦး ဖမ်းဆီးထောင်ချခံရသည်။ စီဒီအမ်ဝမ်ထမ်းများ နယ်အဝေးသို့ ပြေးရှောင်ရသည်။ (ကျွန်ုပ်အပါအဝင်)
ရန်သူကို ဘယ်တော့မှ လျှော့တွက်လို့ မရပေ။ နှစ်ဘက်စလုံး(သူ့ဘက် ကိုယ့်ဘက်)တွင် သူလျှိုများရှိသည်။ ကိုယ်က ရန်သူ့ကြားမှာ သူလျှိုအဖြစ် နေထိုင်ပြီး ရန်သူ၏ လှုပ်ရှားမှုကို ကိုယ့်ဘက်ဖြစ်သော အခြားဆီသို့ သတင်းပို့နိုင်တိုင်း ကိုယ့်ဘက်က အသာစီး မရနိုင်သေး။ ကိုယ် ပို့လိုက်သည့် အခြားနေရာမှ ကိုယ့်သတင်းကို လက်ခံသူသည် လက်ရှိ ကိုယ်ရောက်ရှိနေသည့် ရန်သူ့ဘက်က သူလျှို (မိမိလိုလူစား) ဖြစ်နေတတ်သည်။
ထွန်းထိန်၏ အဖေသည် ထိုအဖြစ်မျိုး ကြုံခဲ့ရသည်။ မိမိ ယုံကြည်စွာနှင့် သတင်းပို့လိုက်သူသည်လည်း ရန်သူကြားမှာ နေထိုင်သော သူလျှို ဖြစ်နေခဲ့သည်။ ထို သူလျှိုကြောင့် ထွန်းထိန်အဖေ၏ လုပ်ရပ်များ ပေါ်ပေါက်ခဲ့သည်။
သတင်းပေါ်သည့်အခါ ထွန်းထိန်၏ အဖေသည် မိသားစုကို ခေါ်ဆောင်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထွန်းထိန်ကလေးကိုလည်း ခေါ်သွား၏။
ရာဇဝတ်ဘေး ပြေးမလွတ် ဆိုသော စကားရှိပါသည်။ ထွန်းထိန်အဖေ၏ ရောက်ရာအရပ်ကို စုံစမ်းနိုင်သည့်အခါ ထိုအရပ်ဆီက တော်လှန်ရေးသမားများထံ တာဝန်လွှဲအပ်ပေးလိုက်ကြသည်။ သူကလွဲလို့ မိသားစုဝင်တွေကတော့ ဘာမျှ မဆိုင်ဘူးဟု ရောပေါ့။
ထိုစဥ်က အာဏာသိမ်းစအချိန်။ ထွန်းထိန်ကလေးသည် မိသားစုသွားရာနောက် ပါသွားခဲ့ရသည်။ အသက်ကလေးကတော့ ဆယ့်နှစ်နှစ်ခန့်မျှသာ ရှိသေးသည်။
ကျွန်ုပ်တို့ရွာမှ တော်လှန်ရေးတပ်သားများသည် ထွန်းထိန့်အဖေကဲ့သို့ သူလျှိုရန် ကြောက်ရသောကြောင့် ရွာနှင့် ဆယ့်ငါးမိုင်ခန့်မျှ ဝေးလံသော တောတွင်းတနေရာတွင် Camp ချကြရသည်။ ကျွန်ုပ်ကတော့ စားဖိုမှူးတာဝန် ယူပါသည်။
တော်လှန်ရေးသက်တမ်း ငါးနှစ်နီးပါး ကြာလာသည့်အခါ ကျွန်ုပ်တို့ရွာနားက ပျူစောထီးရွာများ သိမ်းပိုက်ပြီးသောအခါ၊ ရွာထဲက စစ်တပ်နှင့် နှီးနွယ်သောပါတီအား ထောက်ခံအားပေးသူများကို သူလျှိုမလုပ်လို့ ဖိအားပေးပြီးသည့်အခါ၊ နယ်မြေလည်း အတော်အသင့် စိုမိုးနိုင်သွားသည့်အခါ ကျွန်ုပ်တို့ရွာမှ တော်လှန်ရေး တပ်သားများသည် Camp ကို ရွာအနားတွင် ပြောင်းရွှေ့ကြတော့သည်။
ထိုသို့ နယ်မြေစိုးမိုးနိုင်သည့်အခါ ရွာတွင် NUG ၏ အစီအမံဖြင့် စာသင်ကျောင်းကလေး ဖွင့်ခဲ့သည်။ ထို ကျောင်းတွင် ထွန်းတောက်ကလေး ကျောင်းတက်နေပါ၏။ ထွန်းတောက်၏ တဝမ်းကွဲညီအစ်ကိုဖြစ်သူ ထွန်းထိန်ကလေးတော့ ဘယ်ရောက်နေသည်မသိ။
ထွန်းတောက်ကလေးသည် ကျောင်းစာကို လုံးဝ စိတ်မဝင်စားဟု ကြားသိရသည်။ ထွန်းတောက်က တော်လှန်ရေးသမား ဖြစ်ချင်သည်တဲ့။ ကျောင်းထွက်ပြီး တော်လှန်ရေးထဲ ဝင်ဖို့က ထွန်းတောက်၏ ရည်မှန်းချက်တဲ့။ သို့သော် ထွန်းတောက်၏ အသက်က ငယ်ရွယ်သေးသည်။ တော်လှန်သမားဖြစ်ဖို့ အသက်မပြည့်မီသေး။ သည့်ကြောင့် တော်လှန်ရေးခေါင်းဆောင်များက ထွန်းတောက်အား လက်မခံ။ သည့်မတိုင်ခင် ကျွန်ုပ်တို့ Camp ရွာသို့ မပြောင်းရွှေ့ခင်က ထွန်းတောက်ကလေးသည် ကမ့်ပ်သို့ လာနေခဲ့ဖူးသည်။ တော်လှန်ရေးသမားဖြစ်ချင်သောကြောင့် ပေကပ်နေခြင်း ဖြစ်သည်။ ခေါင်းဆောင်များက အသက်ပြည့်ရင် လက်ခံပါ့မယ်၊ အခုတော့ ငယ်လွန်းသေးလို့ အိမ်မှာနေပါ ဟုဆိုကာ ပြန်လွှတ်လိုက်သည်။
ထွန်းတောက်ရင်ထဲ ဘယ်လောက်တော်လှန်ရေးစိတ်ဓာတ် ကိန်းအောင်းနေသလဲဆို တော်လှန်ရေးထဲဝင်ဖို့ အသက်ပြည့်မီသည့်နေ့မှာပဲ ပညာတပိုင်းတစနှင့် ကျောင်းထွက်ပစ်လိုက်ပြီး တော်လှန်ရေးသင်တန်းဆီသို့ ပြေးတက်ခဲ့ပါသည်။
ထွန်းတောက် တော်လှန်ရေးသင်တန်း တက်ပြီးလို့ ရွာခဏ အလည်ပြန်လာသည့်အခါ ယူနီဖောင်းအပြည့်အစုံနှင့် ရောက်လာခဲ့ပါသည်။ သင်တန်းဖော်တယောက်လည်း ပါ၏။ နှစ်ယောက်သား၏ ပုံစံက မြောက်မြောက်ကြွကြွနှင့်။ တော်လှန်ရေးသမားဖြစ်ရသည်ကို ဂုဏ်ယူနေကြသည့်ပုံ။
ထွန်းတောက်နှင့် အဖော်ပါလာသည့် ကောင်လေးက ကျွန်ုပ်အား နှစ်လိုဖွယ်နှင့် ပြုံးပြနေသဖြင့် ကျွန်ုပ် အံ့သြနေမိသည်။ သည်ကောင်လေး၏ အပြုံးက ကျွန်ုပ်ကို သိကျွမ်းလို့ ပြုံးပြနေသည့်အပြုံးပါ။ သည့်ကြောင့် ကျွန်ုပ်သည် ပြန်လည်မပြုံးပြမိဘဲ အံ့သြမင်သက်စွာ ကြည့်နေမိသည်။
နေပါဦး၊ သည်ကောင်လေးကို တနေရာရာမှာ မြင်ဖူးပါတယ်၊ ဘယ်မှာ မြင်ဖူးတာပါလိမ့်၊ စဥ်းစားစမ်း။ ကျွန်ုပ် ဘယ်လိုမှ စဥ်းစားလို့ မရ။ သည့်ကြောင့် တနေ့တွင်မှ ထွန်းတောက်နှင့် ဆုံတုန်း အတူ ပါလာသည့်ကောင်လေးကို ဘယ်ကကောင်လေးလဲ ဟု မေးလိုက်မိသည်။ ထွန်းတောက်က အံ့သြစွာနှင့် ဖြေပါသည်။ ဟင် အစ်ကိုကြီး အဲဒါ ထွန်းထိန်လေ၊ မမှတ်မိတော့ဘူးလား။ သည်တော့မှ ကျွန်ုပ်လည်း ပါးစပ်အဟောင်းသားနှင့် ပြန်ပြောလိုက်ရသည်။ ဟင် ဘယ်လို အဲဒါ ထွန်းထိန်လား၊ ထင်မထားဘူး၊ အဲ့ကောင် ဘယ်တုန်းက အဲ့လောက်ကြီး ကြီးသွားတာဟင်။ ကျွန်ုပ်ပြောတော့ ထွန်းတောက်က ဟက်ဟက်ပက်ပက် ရယ်လေသည်။
ကျွန်ုပ် တကယ် အံ့သြရပါသည်။ အာဏာသိမ်းစက ထွန်းထိန်ကလေးသည် တကယ် ပိစိညှောက်တောက်ကလေးဖြစ်သည်။ ငါးနှစ်နီးပါးအကြာ၌ မျက်စိတမှိတ်အတွင်းမှာ ချက်ချင်းကြီး ပြောင်းလဲသွားသလို အရွယ်ရောက်သွားသဖြင့် အံ့သြဖွယ်ကောင်းလှသည်။
နောင် ထွန်းတောက် အပြောကြောင့် သိရသည်မှာ သူတို့ညီအစ်ကိုနှစ်ယောက် တော်လှန်ရေးသင်တန်း အတူတက်ကြသည်တဲ့။ သည်ရွာမှာတော့ တာဝန်မကျဘူးတဲ့။ တာဝန်ကျသည့် နေရာက ကိုယ့်ရွာနှင့် သိပ်အဝေးကြီးတော့ မဟုတ်ဘူးတဲ့။ သူ့ကို သူ့အမေက ထည့်ရဲ့လား ဟု မေးတော့ မထည့်ဘူးတဲ့။ ဇွတ်ဝင်ခဲ့တာတဲ့။ သူ့အမေကတော့ နင့်အဖေ့မျက်နှာ မထောက်တော့ဘူးလားဆိုပြီး စိတ်နာနေမလားမသိ။
ဒါဖြင့်ရင် ထွန်းထိန်သည်လည်း ထွန်းတောက်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ပေမပေါ့။ ထွန်းတောက်ကဲ့သို့ အရွယ်ရောက်ရောက်ချင်း တော်လှန်ရေးထဲ ပြေးဝင်လိုက်သည်ပေါ့။
သည့်နောက်ပိုင်း သူတို့ညီအကိုသည် ရွာသို့ တလလျှင် နှစ်ကြိမ်ခန့် လာလည်ကြသည်။ ယူနီဖောင်းကိုယ်စီနှင့်။ မျက်နှာကလေးများက ပြုံးပြုံး။ ကျွန်ုပ်ကိုတွေ့တိုင်း တိုက်ပွဲအခြေအနေများကို ပြောပြကြသည်။ ရွာရောက်တုန်း ရွာက သူငယ်ချင်းတွေနှင့် ပျော်ကြပါးကြသည်။ ဆိုင်ကယ်လေးနှင့် ဟိုရွာ သည်ရွာဝင်ပြီး ဘောလုံးကန်ကြသည်။
သည်လို သူတို့ ညီအစ်ကိုနှစ်ယောက်ကို မြင်နေရသည့်အခါ ကျွန်ုပ် အတွေးပွားမိပေသည်။ သူတို့ညီအကိုနှစ်ယောက် ဘယ်လိုစိတ်နှင့်များ တော်လှန်ရေးလောကထဲ ဝင်ကြပါလိမ့်လို့ပေါ့။
တော်လှန်ရေးကြီးကြောင့် သူတို့ညီအစ်ကိုရဲ့ မိသားစုဝင်တဦးကို ဆုံးရှုံးခဲ့ရပြီးပြီ။ အဲ့သည်မိသားစုဝင် ဆုံးရှုံးရခြင်းဟာ ရန်သူ့ဘက်ကြောင့် မဟုတ်။ သူတိုညီအကို ဝင်လိုက်သည့် ဘက်ကြောင့်။
ဆိုတော့ဖြင့် သူတို့ညီအစ်ကိုရဲ့ မိသားစုဝင်ကို ဆုံးရှုံးစေခဲ့သည့် ဘက်ဆီသို့ ဝင်ရောက်နေသည့်အတွက် သူတို့ညီအကိုနှစ်ယောက်ကိုမြင်တိုင်း ကျွန်ုပ် အံ့သြနေမိတာ မဆန်းကြယ်ပါပေ။
နေစိမ့်လွန်းလှချေလား၊ ခံပြင်းစိတ်လေးများ မရှိကြတော့ဘူးလား၊ သွားလေသူ အဖေရဲ့၊ ဦးလေးရဲ့ မျက်နှာကိုပင် မထောက်ထားတော့ဘူးလား၊ လက်စားချေချင်စိတ်လေးများ မရှိကြတော့ဘူးလား ဟု ကျွန်ုပ် အမျိုးမျိုး တွေးနေမိသည်။
အထူးသဖြင့် ကျွန်ုပ်သည် ထွန်းထိန်၏ နေရာမှာ ပိုပြီး ဝင်ခံစားကြည့်မိသည်။ သွားလေသူဟာ ထွန်းထိန်၏ ဖခင်အရင်းလေ။ သူ့အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်ကို ဆုံးရှုံးခဲ့ရသည်။ ဘဝတသက်တာလုံး ဖခင်မရှိဘဲ ဖြတ်သန်းရတော့မည်။ ဖခင်ဖြစ်သူကို သူ့ဘက်သားတွေကပဲ သူလျှိုဆိုပြီး သုတ်သင်ခဲ့ပြီးပြီ။ အဲ့သည်အတွက် ဖခင်အပေါ် လက်စားချေချင်စိတ်ကလေးပင် မဝင်တော့ဘူးလား။ နာကျည်းစိတ်ကလေးပင် မဝင်တော့ဘူးလား။ စိတ်ဒဏ်ရာကလေးများ မရတော့ဘူးလား။ ရဲဘော်ရဲဘက်တွေနှင့် မိသားစုဝင်တွေအကြောင်း ပြောကြလျှင် ထွန်းထိန့်မျက်နှာ ဘယ်လိုများ ထားရှာပါသည်လဲ။ မိသားစုဝင်အကြောင်း စကားစ,လိုက်တိုင်း အနာကို ဆွသလိုဖြစ်ပြီး ဝမ်းနည်း နာကျည်း ခံပြင်းစိတ်တွေ ဒလဟော ဝင်မလာကြတော့ဘူးလား။
ထွန်းထိန့်မျက်ဝန်းထဲမှာ ဖခင်အတွက် အခဲမကျေစိတ်ကလေးများ ကွယ်ဝှက်ထားသည်လားဆိုပြီး ကျွန်ုပ် အကဲခတ်ကြည့်မိသည်။ လုံးဝ မတွေ့ရ။ ထွန်းထိန့်ကို မြင်တိုင်း မျက်နှာကလေးက ကြည်စင်လျှက်ရှိသည်ကို တွေ့ရသည်။ ပကတိအဖြူထည်လေး။
သည်လို တွေ့ရသည့်အခါမှာတော့ ကျွန်ုပ်သည် ရှေ့ရှေ့က ဘက်မတူ မိသားစုဝင်တွေ၊ ညီအစ်ကိုတွေ၊ မောင်နှမတွေ၊ သားအဖတွေအကြောင်း ပြေးပြေးမြင်မိသည်။ အိန္ဒိယနှင့် ပါကစ္စတန်ဆိုပြီး နှစ်ပိုင်း ကွဲသွားတော့ ကိုယ်ယုံကြည်ရာဘက်ဆီ သွားနေကြသည့် လီကွတ်ခန် နှင့် ယူနစ်ခန် တို့ ညီအစ်ကိုနှစ်ယောက်ဟာ တိုက်ပွဲမှာ သေကွဲနှင့် ဆုံတွေ့ရသည်တဲ့။ ဗီယက်နမ်နိုင်ငံအပေါ် အုပ်ချုပ်နေသည်ကို ပျော်မြူးနေသည့် ဗြိတိသျှလူမျိုး ဖခင် နှင့် သူတပါးနိုင်ငံအား အုပ်ချုပ်သည်ကို မလိုလားသော သားဖြစ်သူ ဂျိုးဇက်ရှားမင်းတို့ သားအဖ(ဆိုင်ဂုံဝတ္ထုကြီးတွင်ရှုစားနိုင်)။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ထဲမှာလည်း စစ်ရှုံးသည့် စစ်ကော်မရှင်တပ်မှ အစ်ကိုနှင့် ဓနုပြည်သူ့လွတ်မြောက်ရေး တော်လှန်ရေးသမားညီအရင်းတို့ တိုက်ပွဲမှာ ဆုံတွေ့ခဲ့ကြရသည်ဟု ဖတ်လိုက်ခဲ့ရဖူးသည်။ ယုတ်စွအဆုံး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကိုရင်းဖြစ်သူ အောင်ဆန်းဦးတို့သည်လည်း ဘက်မတူကြဘူး မဟုတ်လား။ သည်တော့ ထွန်းထိန်ကလေးသည်လည်း သူ့ဖခင်နှင့် ဘက်မတူတာ မဆန်းကြယ်ပေတော့ဘူးဟု ကျွန်ုပ် တွေးလိုက်ပါသည်။ အမှန်တရားအတွက် မိသားစုဝင်နှင့်ပင် အတိုက်အခံ လုပ်နိုင်သည့်သူများကို ကျွန်ုပ် လေးစားစိတ်များ တဖွားဖွား ဝင်လာခဲ့တော့သည်။
ကိုးကား။ ။ရွယ်မိုး ၏ ဘက်မတူညီအစ်ကိုများ။
