
■ အခန်း(၁)
အာဏာသိမ်းသည်၊ ဖမ်းဆီးသည်။
++++++++++++
အာဏာသိမ်းပြီး ငါးရက်မြောက်နေ့မှာ ကျနော့်ဆီ သူတို့ရောက်လာတယ်။
.
မနက်ငါးနာရီနိုးလာပြီး လုပ်နေကြအကျင့်အတိုင်း အီးမေးလ်တွေကို စစ်လိုက်တော့ အခုလို ရေးထားတဲ့ အီးမေးလ်တစောင်ဖတ်လိုက်ရတယ်။
.
မှ။ ။ လျှို့ဝှက်မိတ်ဆွေ
နေ့စွဲ။ ။ ၀၆ ဖေဖော်ဝါရီ ၂၀၂၁
သို့။ ။ ရှောင်တာနယ်
မိတ်ဆွေရှောင်
ခင်ဗျားကျနော့်ကို မသိပါဘူး။ ခင်ဗျားနေတဲ့ ဟိုတယ်မှာ အလုပ်လုပ်တဲ့ ကျနော့်မိတ်ဆွေက အခုပဲ လှမ်းပြောတယ်။ ဒီမနက် လေးနာရီမှာပဲ ဟိုတယ်ရဲ့ လုံခြုံရေးကင်မရာတွေကို စစ်ထောက်လှမ်းရေး နဲ့ ရဲတွေက ထိန်းချုပ်လိုက်ပြီတဲ့။ ခင်ဗျားအခန်းတံခါးကို အခုပဲ စောင့်ကြည့်နေတယ်။ အမြန်ဆုံး ဟိုတယ်က ထွက်ဖို့ကြိုးစားပါ။ ကျနော်တို့ နိုင်ငံအတွက် ခင်ဗျားလုပ်ပေးခဲ့တာတွေကို အထူး ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အတွက်ကိုလည်း ဆုတောင်းပေးနေပါ။
—
ဒီလိုစာမျိုး ရောက်လာမယ်လို့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ထင်ထားခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ကျနော်အခေါ်တော့ ဒေါ်စု) နဲ့ အရေးပါတဲ့ အုပ်ချုပ်ရေး ပိုင်းက ပုဂ္ဂိုလ်တွေကို အဲဒီနေ့ကတည်းက ဖမ်းဆီးလိုက်တယ်။ ပုံမှန်အချိန်မှာ ကျနော်ဟာ ကျနော့်ပုဂ္ဂိုလ်ရေး အမြင်ကို လူသိအောင် ထုတ်ပြောလေ့မရှိဘူး။ ဒါပေမဲ့ ဒီအချိန်မှာတော့ ကျနော်လည်း မနေနိုင်တော့ဘူး။ နှစ်ပေါင်းသုံးဆယ်လောက် စိတ်ဝင်စားပြီး ချစ်ခဲ့ရတဲ့ နိုင်ငံတနိုင်ငံ၊ အထူးသဖြင့် စီးပွားရေးအကြံပေးပုဂ္ဂိုလ် အနေနဲ့ ငါးနှစ်နီးပါး နေထိုင်ခဲ့တဲ့ နိုင်ငံ။ ဒီနိုင်ငံအခုလို ဖြစ်နေတဲ့ အချိန်မှာ ကျနော် ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး။
.
အာဏာအသိမ်းခံရတဲ့ နေ့မှာပဲ ရွှေတိဂုံဘုရားပုံတော်နဲ့ “မြန်မာပြည်ဟာ ပြန်လည် တောက်ပ လာဦးမှာပါ။ အခုတော့ ကျနော် ရင်ကွဲနေပြီ”ဆိုတာလေးကို ကျနော့် ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်လိုက်တယ်။ နောက်တနေ့မှာ ကျနော့်လုံခြုံရေးအတွက် စိတ်ပူနေကြတဲ့ ဖေ့စ်ဘုတ် မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ပြန်ရေးတယ်။ ပြီးတော့ “ကျနော်သိခဲ့ဖူးတဲ့ လူတွေထဲမှာ သတ္တိအရှိဆုံးနဲ့ အကြင်နာတတ်ဆုံး သူတွေကို မြန်မာပြည်မှာ တွေ့ခဲ့ရတယ်။ သူတို့ဟာ ဒီထက်ပိုကောင်းတဲ့အခြေအနေတွေနဲ့ ထိုက်တန်တယ်”လို့ နောက်ထပ် ပို့စ်တခု ထပ်တင်ခဲ့တယ်။
.
အဲဒီပို့စ်ကို ကျနော်နဲ့ ဒေါ်စုတို့ တွဲရိုက်ထားတဲ့ ပုံလေးတပုံနဲ့ တွဲပြီး တင်လိုက်တယ်။ အဲဒီပုံလေး ကိုတော့ ငြိမ်းချမ်းတဲ့ အတိတ်ကာလတခုက ဆစ်ဒနီမြို့ရဲ့ လိုရီအသင်း (Lowy Institute) မှာ ရိုက်ခဲ့ကြတာ။ အဲဒီပုံမှာ ကျနော်တို့ နှစ်ယောက်ရဲ့ ခပ်မာမာ ခပ်ထန်ထန် မျက်နှာ အနေအထားတွေဟာ အခုလို အခြေအနေနဲ့ ကိုက်နေတယ်လို့ ကျနော် ခံစားမိတယ်။ ဒီပို့စ်လေးက ပေါက်သွားတယ်။ ဒါကြောင့်လည်း ကျနော့်အတွက် ဒုက္ခကို လက်ယက်ခေါ်သလို ဖြစ်နေတာပေါ့။
.
.
.
.
လူဝင်မှု ကြီးကြပ်ရေးက လူတယောက် ရောက်လာပြီး ကျနော့်ကို နိုင်ငံကူးလက်မှတ် တောင်းတယ်။ ကျနော်ကလည်း သူ့ကို မြန်မာနိုင်ငံအစိုးရက ပေးထားတဲ့ တရားဝင် ပြည်ဝင်ခွင့်ဗီဇာကို အသေအချာကြည့်ဖို့ ပြောတယ်။ ကျနော့်ဗီဇာက မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ အတူ အလုပ်တွဲလုပ်ဖို့ တရားဝင်ခွင့်ပြုထားတာ။ အဲဒီ ဗီဇာကို ထုတ်ပေးခဲ့တဲ့ အစိုးရ တဖွဲ့လုံး အခုဆို အချုပ်ခန်းတွေထဲ ရောက်နေပြီဆိုတာကို ကျနော်လည်း သိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ခရီးသွားဖူးကြသူတိုင်း သိပါတယ်။ နိုင်ငံကူးလက်မှတ် ပတ်စပို့ ဆိုတာ ဘယ်တော့မှ ကိုယ်နဲ့ မကွာစကောင်းတဲ့ အရာမျိုး။ မကောင်းဆိုးဝါး နှင်ပေးနိုင်တဲ့ အဆောင်တခု။ နိုင်ငံတကာမှာ ကိုယ်ရဲ့ ဖြစ်တည်မှုကို အသိအမှတ် ပြုပေးထားတဲ့ အထောက်အထားတခုပါ။
.
.
.
.
အဲဒီအချိန်မှာ မြန်မာလူထုရဲ့ သတ္တိနဲ့ ကြင်နာမူရဲ့ ပြရုပ်တခုကို မြင်လိုက်ရတယ်။ ဟိုတယ်ကနေ ဝန်ထမ်းတချို့ထွက်လာပြီး ကျနော့်ကို လက်ပြနှုတ်ဆက်ကြတယ်။ အများစုက မျက်ရည်တွေဝဲလို့။ ကျနော်ကလည်း ပြန်ပြီး လက်ပြပြီး နှုတ်ဆက်လိုက်တယ်။ အဲဒီထဲက တချို့က ကျနော့်ကို လက်သုံးချောင်းထောင်ပြီး အလေးပြုကြတယ်။
.
ဒီအမှတ်အသားက Hunger Games ဆိုတဲ့ ရုပ်ရှင်တွေက ယူထားကြတာ။ အရှေ့တောင် အာရှ တခွင်မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ အမှတ်အသားအဖြစ် အသုံးပြုကြတယ်။ မြန်မာပြည်ရဲ့ တော်လှန်ရေး အမှတ်အသားတခု ပေါ့။
.
.
.
.
ကျနော် ပြောနိုင်တာကတော့ အဲဒီအချုပ်ခန်းထဲက လူငယ်တွေက အာဏာသိမ်းတာကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြလို့ ဖမ်းခံထားရတဲ့ သာမန်ပြည်သူပြည်သားတွေပါ။ ဒုစရိုက်သမားတွေ မဟုတ်ကြဘူး။ နုပျိုမှုကို လက်နက်အဖြစ် ဆွဲကိုင်ထားပြီး တက်ကြွနေကြတယ်။ လွတ်လပ်မှုနဲ့ အမှန်တရားဘက်က ရပ်တည်ဖို့အတွက် စိတ်အားတွေ ပြင်းထန်နေကြတယ်။ ကြောက်ရွံနေတာကို မတွေ့ရဘူး။
.
တာမွေရဲစခန်းရဲ့ အပြင်ဘက်မှာတော့ ဆန္ဒပြသံတွေနဲ့ ဆူညံနေတယ်။ အိုးခွက်တီးသံတွေ၊ ဆန္ဒပြသီချင်းသံတွေကို အထဲကနေ ကြားနေရတယ်။ ဒီသီချင်းတွေအားလုံးက ကျနော့် သြစတေးလျက မြန်မာမိတ်ဆွေတွေကြောင့် ရင်းနှီးပြီးသားပါ။ တချိန်က ကျနော်တို့အားလုံး မြန်မာပြည်အတွက် ဒီသီချင်းတွေဆိုခဲ့ကြတယ်၊ မျှော်လင့်ချက်ကြီးကြီး ထားခဲ့ကြတယ်၊ မျှော်လင့်သလို ဖြစ်လာခဲ့တယ်။ အခုတဖန် ပြန်ပျောက်ကွယ်ရပြန်တယ်။ အပြင်က ဆန္ဒပြသူတွေကလည်း ရဲစခန်းမှန်း သိတော့ ပိုပြီး ကျယ်ကျယ်လောင်လောင် သီဆို ကြွေးကြော်ကြတာပေါ့။
.
.
.
.
အချုပ်ခန်းထဲ မထည့်ခင် ကျနော့်ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းယူတယ်။ ဇနီးသည်နဲ့ သမီးငယ် ပေးထားတဲ့ ခရစ်စမက်လက်ဆောင် လက်ပတ်နာရီလေးကို ဖြုတ်ယူသွားတယ်။ ကျနော်ရဲ့ လက်ထပ်လက်စွပ်ကို ယူဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ကျနော် ဒီတခါ ပြတ်သားလိုက်တယ်။
.
“မပေးနိုင်ဘူး။ ငါဒီလက်စွပ်ကို ဘယ်တော့မှ မချွတ်ပါဘူးလို့ ငါ့အိမ်သူကို ငါကတိပေးထားတယ်။ မင်းတို့ ယူခွင့်မရှိဘူး”လို့ ခပ်မာမာ ပြောလိုက်တယ်။ အဲဒီတော့မှ သူတို့ အသံတိတ်ပြီး နောက်ဆုတ် သွားတယ်။ ပြီးတော့မှ ခုနက ဖောင်တွေဖြည့်ခိုင်းတဲ့ စခန်းမှူးက “အိုကေပါ။ ဒါပေမဲ့ သူတို့ကတော့ ယူကြမှာပဲ”လို့ ပုခုံးတွန့်ပြီး ပြောတယ်။ “သူတို့” ဆိုတာ ဘယ်သူတွေလဲ။
.
.
.
“ခင်ဗျား ပတ်စဝေါ့ ပေးကို ပေးရမယ်။ ဒါ ဥပေဒပဲ”လို့ ထပ်ပြောပြန်တယ်။
.
ကျနော်လည်း သူတို့ပုံစံတွေကြည့်ပြီး ဘာမှ မပြောသာတော့ဘူး။ ဒါနဲ့ ပတ်စဝေါ့ကို ရိုက်ထည့်ပြီး ခလုတ်ကို နှိပ်လိုက်တယ်။ ပတ်စဝေါ့ မှားနေကြာင်း စာသားပေါ်လာတယ်။ တခန်းလုံး ဆူညံသွားတယ်။ ကျနော်ကလည်း တမင် အမှား ရိုက်ထည့်လိုက်တာ။
.
အဲဒီမှာ စခန်းမှူးက ပေါက်ကွဲပြီး “မင်းတို့ နိုင်ငံခြားသားတွေက လုပ်ချင်ရာ လုပ်လို့ရတယ် ထင်နေသလား။ မင်းက ငါတို့လက်ထဲမှာ ရှိတယ်။ ဒီအချိန်မှာ မင်းကို ဘယ်သူမှ လာမကယ်ဘူးကွ”လို့ အော်တယ်။ ကျနော်လည်း ဘာမှ မပြောဘဲ တိတ်တိတ်နေလိုက်တယ်။ “မင်း ငါတို့ကို ပတ်စဝေါ့ မပေးရင် မင်းမိန်းမနဲ့ မိသားစုကို ဒီတသက် မတွေ့ရဘူး မှတ်”လို့ ထပ်ပြောတယ်။
.
.
.
ကားပေါ်ကနေ ကျနော့်ကို ဆွဲချပြီး ကျနော်ရဲ့ ပုခုံးနဲ့ လက်မောင်းတွေကို ကိုင်ချုပ်ထားကြတယ်။ နောက်တော့ တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ ဒါဟာ မြန်မာပြည်မှာ ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် ကြမ်းကြမ်းတမ်းတမ်း အဆက်ဆံ ခံဖူးတာပါ။ အမှန်တော့ ဘဝမှာ ပထမဆုံး အကြိမ် ဒီလို အလုပ်ခံရတာ။ တက္ကသိုလ် ပရော်ဖက်ဆာ ဘဝနဲ့ရော၊ လူထုအစိုးရရဲ့ ယုံကြည်ရတဲ့ အကြံပေးပုဂ္ဂိုလ် ဘဝနဲ့ရော အခုအချိန်က ဝေးကွာလွန်းလှပါတယ်။
ဘာသာပြန် – အောင်မိုး ( A K Moe )
Be the first to comment