သူမတူအကျဉ်းသား (အခန်း၁၃)

■ အခန်း(၁၃)
ဘီဘီစီ နံရံသတင်းဌာန
++++++++++++++++++

အင်းစိန်ထောင်မှာလိုပဲ နေပြည်တော်ထောင်မှာလည်း ‘သတင်း’တွေက ပျံ့နှံ့လွယ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဥ်းသားဝင်းထဲမှာတော့ ဒီသတင်းတွေကို “ဘီဘီစီ နံရံ သတင်းဌာန” (BBC Wall Service) က လာတယ်လို့ ဆိုလေ့ရှိတယ်။ သတင်းအပုဒ်တိုင်းကို ဖြစ်နိုင်၊ မဖြစ်နိုင် အမှတ်ပေးကြတယ်။ သတင်းရင်းမြစ်ကို အခြေခံပြီး ကောလာဟလလား၊ ဖြစ်နိုင်ခြေရှိတဲ့ သတင်းလား ဆိုတာ အမှတ်ပေးပြီး ခွဲကြတယ်။ ကောလာဟလကို ခွဲထုတ်ပစ်ဖို့က လိုအပ်ပါတယ်။ အများစုက ကောလာဟလတွေပါ။ ဒါပေမဲ့ ကျနော်တို့ဝင်းထဲမှာ လူတွေက အင်းစိန်ထောင်မှာလို မဟုတ်ဘဲ အသက်နဲ့ အတွေ့အကြုံ့ ပိုရင့်ကျက်ကြတယ်။ ဒါပေမဲ့လည်း ကျနော်အပါအဝင် အားလုံးမှာ ဖြစ်ချင်တာကို တွေးတတ်တဲ့ စိတ်တွေကတော့ ရှိနေတာပေါ့။
.
၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ဖြစ်တော့ အစပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ ကျနော်တို့က စိတ်ပူတယ်။ ရုရှားဟာ စစ်ကောင်စီနဲ့ အလွန်နီးစပ်သူတွေဆိုတော့ ကမ္ဘာများ ပျက်တော့မလားပေါ့။ မြန်မာပြည် ဘာဆက်ဖြစ်မလဲ။ ကမ္ဘာ့သတင်းတွေကြားမှာ မြန်မာ့သတင်း ပျောက်သွားတော့မလား… စသဖြင့် တွေးပူကြတယ်။
.
အဲဒီလို ရုရှားကျူးကျော်စစ်စပြီး တလလောက်မှာ စစ်ကောင်စီက တပ်မတော်နေ့ ဆိုပြီး လုပ်တယ်။ သူတို့ စစ်လေယာဥ်တွေ စစ်ရေးပြဖို့ ကျင့်ရင်း ထောင်ပေါ် ဖြတ်ပျံနေတာကို သည်းခံပြီး ကြည့်နေရတယ်။ ရုရှားလုပ် Mi-35 ရဟတ်ယာဥ်တွေက ကျနော်တို့ အပေါ်ကို အတော်နိမ့်နိမ့် ဖြတ်ပြီး ပျံပြတယ်။ နှစ်ကြိမ်လောက် ရှိမယ်။ “ငါတို့မှာ ဒါမျိုးတွေရှိတယ်၊ ငါတို့အုပ်ချုပ်နေတယ်” ဆိုပြီး လာကြွားတဲ့ သဘောပေါ့။ တခါမှာတော့ ကျနော်လည်း ဝင်းအလယ်မှာရပ်ပြီး ဒီရဟတ်ယာဥ်တွေကို လက်ခလယ် ထောင်ပြလိုက်တယ်။ ကျော်ဌေးဦးက “လုပ်ထားကွ ရှောင်၊ လုပ်ထား”လို့ အားပေးတယ်။
.
စီးပွားရေးကို စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ… ဘီဘီစီ နံရံသတင်းတွေကနေ တဆင့် မြန်မာပြည် စီးပွားရေး ချွတ်ခြုံကျနေတဲ့ သတင်းတွေကို ကျနော်တို့ အာရုံစိုက်ခဲ့ကြပါတယ်။ ဒီလူတွေ မလုပ်တတ်မကိုင်တတ်နဲ့ ပွဲပျက်နေပြီ ဆိုပြီး ပျော်ဖို့ကလည်း အခက်။ လူထုကတော့ အတော်ဒုက္ခရောက်ကြမှာလို့ပဲ တွေးမိတယ်။ အာဏာသိမ်းပြီး တနှစ်အကြာမှာ မြန်မာပြည်ရဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု(GDP)က ၁၈ ရာခိုင်နှုန်း နိမ့်ကျသွားတယ်လို့ သိလိုက်ရတယ်။ ဒီသတင်းကို အစောင့်တယောက်ဆီက သိရပြီး အိမ်သူ ‘ဟာ’ က အတည်ပြုပေးတယ်။ ကျနော့်မှာ ဒေါသတွေ ထွက်လိုက်ရတာ။ မှားယွင်းနေတဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်ကြောင့် မြန်မာ့ငွေကြေး တန်ဖိုးဟာ တဝက်လောက် ကျသွားတယ်။
.
ဒီလိုဖြစ်လာမှုအတွက် ကျနော် မင်းအောင်လှိုင်ကို အတော့်ကို မုန်းတယ်။ သူရဲ့ ရက်စက်မှု၊ နေရာလိုချင်မှု၊ ကမ္ဘာသိအောင် သိမ်ဖျင်းမှုတွေကိုလည်း မုန်းတယ်။ ကျနော့်အပေါ် အခုလို လုပ်နေတာတွေ၊ ကျနော့် မိသားစု စိတ်ဒုက္ခရောက်ရတာတွေအတွက်လည်း မုန်းတယ်။ သူနဲ့ စစ်တပ်ထဲမှာ အတူတူ လုပ်ခဲ့ဖူးပြီး အခု နိုင်ငံရေးအကျဥ်းသား ဖြစ်နေသူတွေ ပြန်ပြောပြတဲ့ သူ့ မကောင်းကြောင်းတွေကို ကျနော် မြိန်ရေရှက်ရေ နားထောင်တတ်တယ်။ သူ့ကို စစ်တပ်ထဲမှာ ‘ကြောင်ချီး’လို့ ခေါ်ကြတယ်တဲ့။ သူက အောက်ကို ဖိ၊ အထက်ကို ဖားတဲ့ နေရာမှာ နာမည်ကြီးတယ်။ သူ့ကိုယ်သူလည်း သိပ်အထင်ကြီးတတ်ပြီး မောက်လည်း မောက်မာတယ် တဲ့။
.
ထောင်အာဏာပိုင်တွေနဲ့ အစောင့်တွေ မပျော်ဘူးဆိုတာ သိသာပါတယ်။ တချိန်လုံး မူးနေကြတယ်။ စည်းကမ်းမဲ့တာတွေ၊ အကျင့်ပျက်တာတွေကလည်း ဒီအကြောင်းတွေကြောင့်ဆိုရင် မမှားဘူး။ ထွက်ပြေးကြတာတွေလည်း ရှိတယ်။ တခါမှာ အစောင့်တယောက် တပတ်လောက် အလုပ်မဆင်းဘူး။ နောက်မှ ပြန်သိရတာက အဲဒီအစောင့်က နယ်စပ်ကို ထွက်ပြေးသွားတယ်တဲ့။
.
အရင်တုန်းက မီးပျက်ခဲတဲ့ နေပြည်တော်က အခုဆို နေ့တိုင်း မီးပျက်ပါတယ်။ အဲဒီတော့ နေပြည်တော်ထောင်ထဲက ဘဝတွေဟာလည်း ပိုဆိုးလာပါတယ်။ အထူးသဖြင့် အခန်းထဲမှာ အပိတ်ခံထားရတဲ့ အချိန်တွေပေါ့။ မီးမလာတော့ စာလည်း ဖတ်လို့မရဘူး။ တိတ်တိတ်ဆိတ်ဆိတ် တယောက်တည်း နေချင်တယ်ဆိုတာ လူတွေမှာ တခါတလေဖြစ်တဲ့ စိတ်ကူးဆိုပေမဲ့ ထောင်ထဲမှာ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အဲဒီလို နေရတာကို အနှိပ်စက်ခံ နေရတယ်လို့ မြင်ကြတယ်။
.
တချို့ကာလတွေဆိုရင် ကျနော်တို့ အခန်းထဲမှာ အချိန်ပို နေရတတ်တယ်။ ဥပမာ သင်္ကြန်လို ကာလမျိုးပေါ့။ အင်းစိန်ထောင်မှာဆိုရင် သင်္ကြန်တွင်းမှာ တယောက်နဲ့ တယောက် ရေပက်ကြတယ်။ မြန်မာလူမျိုးတွေက သင်္ကြန်တွင်းမှာ အပြစ်တွေ၊ ကံဆိုးခြင်းတွေကို ရေနဲ့ ဆေးကြောတယ်ဆိုတဲ့ အယူရှိတယ်။ နေပြည်တော်ထောင်မှာတော့ အဲဒီလိုလုပ်လို့ မရပါဘူး။ ဆန့်ကျင်ဘက်တောင် ဖြစ်နေသေးတယ်။ အစောင့်အများစုက ခွင့်ရက်ရှည်ယူကြတော့ လူမလောက်လို့ ကျနော်တို့ကို အခန်းထဲမှာ ခါတိုင်းထက် တနာရီ၊ နှစ်နာရီလောက် ပိုပြီး ပိတ်ထားကြတယ်။
.
.
ကျနော်တို့ အားလုံးနီးနီး ချစ်ကြတဲ့ ကြောင်မလေး တကောင် ရှိတယ်။ ကြောင်ပေါက်စ သာသာလေးပါ။ ကျနော့်မိတ်ဆွေ အကျဥ်းသားတွေက သူ့ကို ‘သမီး’ လို့ ခေါ်ကြတယ်။ သူက ကျနော်တို့နဲ့ ပြေးလွှား ဆော့ကစားနေတတ်တယ်။ ဟိုခုန်လိုက်၊ ဒီခုန်လိုက်နဲ့ပေါ့။ လူတိုင်းဆီကလည်း တညောင်ညောင်နဲ့ အစာတောင်းတယ်။ တနေ့မှာတော့ သူပျောက်သွားပြီး ပြန်မလာတော့ဘူး။ သူမရှိတော့တဲ့နောက် ကျနော်တို့ ကမ္ဘာလေးဟာ ပိုပြီးမှောင်သွားတယ်။ နောက်တကောင်ကတော့ ကလေးမွေးရင်းနဲ့ သေသွားရှာတယ်။ သူ့ခမျာ နာလွန်းလို့ ကယ်ဖို့ အော်ရှာပါတယ်။ ကျနော်တို့က ညနေပိုင်း အကျဥ်းခန်းထဲမှာ အပိတ်ခံထားရတဲ့ အချိန်။ တညလုံး ကျနော်တို့ မအိပ်ရပါဘူး။
.
ထောင်ထဲက အချိန်အများစုကိုတော့ ကျနော်တို့က ကျန်းမာရေးအတွက် အသုံးပြုကြတယ်။ အခြေခံဆေးဝါး ရှားပါးမှုက မြန်မာပြည်ထောင်တိုင်းရဲ့ ပြဿနာပါ။ နေပြည်တော်ထောင်လည်း အပါအဝင်ပေါ့။ အဲဒီမှာ ဆရာဝန်တယောက် ရှိတယ်။ ‘သုံးပွင့်’ ရာထူးရှိတဲ့ လူငယ်အရာရှိတယောက်ပါ။ စစ်ဆရာဝန်ကနေ စလိုက်တာ ဒီကိုရောက်လာတယ်။ တခါတလေ သူ့အတွက် စဥ်းစားမိတယ်။ “ဒီလောက် ရွေးချယ်စရာများတဲ့ အထဲက ဘာလို့များ ဒီအလုပ်ကို ရွေးလုပ်ရတာလဲ”လို့။ စစ်ဆရာဝန် အများစုက ထောင်ဘက်ကို ပြောင်းအလုပ်လုပ်တာဟာ စစ်ထွက် မလိုက်ချင်လို့ ဆိုကြတယ်။ အဲဒီ ဒေါက်တာသုံးပွင့်ကလည်း စာနာတတ်တဲ့စိတ်တော့ တစက်မှ မရှိပါဘူး။ စာအုပ်တွေ ပြန်ရဖို့ ကျနော် သူ့ကို အကူအညီတောင်းကြည့်ဖူးတယ်။ “ခင်ဗျားအသက်ရှင်နေတာပဲ။ စားစရာလည်း ရှိတယ်။ စာအုပ်က ဘာလုပ်ဖို့လဲ”တဲ့။
.
.
တခါမှာတော့ ကျနော်တို့ထဲက တယောက် အကျဥ်းခန်း ဘေးပတ်လည်မှာ ဖောက်ထားတဲ့ မြောင်းထဲကို ခြေချော်ကျပြီး ခြေထောက်ကျိုးသွားတယ်။ သူကျိုးသွားတဲ့ ခြေကျင်းဝတ်နေရာက ရောင်လာတော့ ကျနော်တို့လည်း ဆရာဝန် အခေါ်ခိုင်းလိုက်တယ်။ သူက ရောက်လာပြီး လူနာကိုကြည့်တယ်။ ပြီးတော့ သူ့မှာ ဖြည့်ရမဲ့ စာရွက်စာတမ်းတွေ မရှိလို့ မကူညီနိုင်ဘူးတဲ့။ ဆေးကျောင်းတက်တုန်းက ‘ဆရာဝန်များ ခံယူအပ်သည့် အဓိဌာန်သစ္စာ’ (Hippocratic Oath) သင်တဲ့နေ့က ကျောင်းပြေးတယ် ထင်ပါတယ်။ ကျနော်တို့အထဲမှာလည်း ဆရာဝန်တယောက် ရှိတယ်။ သူက အာဏာမသိမ်းခင်တုန်းက ကျန်းမာရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့သူ၊ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ခဲ့သူပေါ့။ သူက အဲဒီ ဒေါက်တာသုံးပွင့်ကို ဆရာဝန်ချင်း ပြောဆို ဖျောင်းဖျတယ်။ ပြီးတော့ ဆရာဝန် ဖြစ်ရဲ့နဲ့ ဒီလိုလုပ်ရမလားလို့လည်း ဆူတယ်။ အဲဒီတော့မှ လုပ်ပေးတယ်။ နေပြည်တော်ထောင်မှာ လူနာတင်ထမ်းစင် မရှိဘူး။ ဒီတော့ ကျနော့်မိတ်ဆွေကို သစ်သားတံခါးတခုနဲ့ သယ်ပြီး ဆေးရုံကို ခေါ်သွားတယ်။ ကားနောက်ခန်းမှာ ကျနော့်မိတ်ဆွေက သစ်သားတံခါးပေါ် ပက်လက်လေးပါသွားတယ်။ ဒီ သစ်သားတံခါးတောင် ကျနော်တို့က ရှာပေးလိုက်ရတာ။
.
.
တခါတလေမှာ (တကြိမ်မက) ကျနော်ဟာ အကြီးအကျယ် ပေါက်ကွဲပါတယ်။ ကျနော့်ကို ဖမ်းထားသူတွေ၊ သူတို့မိဘတွေ၊ သူတို့ရဲ့ အကျင့်ဆိုးတွေကို ညစ်ပတ်စုတ်ပဲ့တာတွေနဲ့နှိုင်းပြီး အော်ဆဲတယ်။ တခါတလေ မနက်ပိုင်းမှာ၊ တခါတလေ ညဘက်မှာ အခန်းထဲ တယောက်တည်း အပိတ်ခံထားရတုန်း အဲဒီလို အော်ဆဲလေ့ ရှိတယ်။ ကျနော့်မိတ်ဆွေတချို့က ကျနော့်ကို စိတ်ပူကြတယ်။ “ရှောင်၊ အဆင်ပြေရဲ့လားဗျာ” လို့ လှမ်းမေးတတ်တယ်။ သူတို့ ကျနော် စိတ်ဖောက်သွားမှာကို စိုးရိမ်ကြတယ်။
.
“အဆင်ပြေပါတယ်။ ကျနော့် စိတ်ကို ရှင်းဖို့ အော်နေတာ။ သြဇီစတိုင်ပေါ့။ အဲလို အော်လိုက်ရမှ စိတ်က ရှင်းသွားတာ။ ဘယ်အရာမဆို အကန့်အသတ် ရှိတယ်ဗျာ။ အကန့်အသတ် လွန်လာရင် အခုလို လွှတ်ချလိုက်ရတာပဲ” လို့ ပြန်ရှင်းပြရတယ်။
.
.
ကျနော့်အိမ်သူ ’ဟာ’ က ကျနော့်ရဲ့ လမ်းပြကြယ်လည်း ဖြစ်၊ အတုယူဖွယ် စိတ်ဓာတ် ခွန်အားပေးသူလည်း ဖြစ်ပါတယ်။ ကျနော့်ရဲ့ ပေါက်ကွဲမှုတွေကို သူနဲ့ ဖုန်းပြောရင်း ပြောပြလိုက်တယ်။ သူက နားလည်ပေးပါတယ်။ သိပ်မကြာခင်မှာ သူ့ စာတစောင်ထဲမှာ ဒီအကြောင်းကို ထည့်ရေးပေးတယ်။
.
“ အကို ခံစားနေရတာတွေ ကျမ နားလည်ပါတယ်။ အကို့မှာ ဆဲခွင့်၊ အော်ခွင့် ရှိတယ်။ ညစ်ညစ်ပတ်ပတ်တွေတောင် ဆဲခွင့် ရှိတယ်။ အဲလိုလည်း တကယ် လုပ်သင့်တယ်။ ဒါမှ အကို့စိတ်ပေါ့သွားမှာ။ ကျမလည်း အိမ်မှာ တခါတလေ ပန်းကန်တွေ ပေါက်ခွဲပစ်တယ်။ ရေချိုးခန်းတံခါးကို ဆောင့်ပြီး ပိတ်တယ်။ ကျမကို လက်ဝှေ့ထိုးဖို့ မိတ်ဆွေတယောက်က အကြံပေးတယ်။ ကျမလည်း ‘အိမ်တွင်း လက်ဝှေ့ထိုးနည်း’ ဆိုပြီး အင်တာနက်မှာ ရှာကြည့်တယ်။ ပြီးတော့ လေထဲမှာ လက်သီးထိုးတယ်။ ဒါပေမဲ့ တခုခုကို တကယ် လက်သီးနဲ့ ထိုးရရင် ပိုကောင်းမယ် ထင်တယ်။ လေထဲထိုးတာလည်း စိတ်တော့ ပြေပါတယ်လေ။ အကိုလည်း လုပ်ကြည့်ပါလား။ ကျမ အကို့ကို လက်ဝှေ့အိတ်နဲ့ သဲအိတ် ပို့ပေးရမလား။
.
ကျမတို့ လျှောက်ရမဲ့ ခရီးက ကျမတို့ ဖြစ်စေချင်တာထက် ပိုကြာမယ် ထင်ပါတယ်။ ဒါပေမဲ့ ကျမတို့ တနေ့နေ့ ပြန်ဆုံရမယ် ဆိုတာကတော့ ယုံကြည်ပါတယ်။ လောလောဆယ်တော့ ကျမလည်း လက်ခံနိုင်အောင် ကြိုးစားနေတယ်။ အကိုလည်း အဲလို ကြိုးစားနေမယ်ဆိုတာ ကျမ သိပါတယ်။ အဲဒီလောက်ဆိုရင်ပဲ လုံလောက်ပါပြီ။ အကို ကျန်းမာအောင် နေပါ့မယ်လို့ ကတိပေးပါ။ အားရှိအောင်လည်း စားနိုင်သမျှ များများစားပါ။ စိတ်ပေါ့သွားအောင် အခွင့်ရတိုင်း အော်ထုတ်ပစ်ပါ။ ကျမတို့ရဲ့ ရှေ့ရေးကိုလည်း တွေးပါ။ ကျမလည်း အဲလိုပဲ ကြိုးစားနေပါ့မယ်လို့ ကတိပေးပါတယ်။ “
.
ကျနော်နဲ့ ‘ဟာ’ က အချိန်အတော်ကြာကြာခွဲပြီး နေခဲ့ရဖူးပါတယ်။ ဒါပေမဲ့ သူနဲ့သမီးကို အခုအချိန် ခွဲပြီးနေရတာ အတော်ကို ခံစားရတယ်။ အခံစားရဆုံး အချိန်ကတော့ သူနဲ့ ကျနော် မင်္ဂလာ နှစ်ပတ်လည် ကျရောက်မဲ့ နိုဝင်ဘာလမှာပါ။ အခုလို အဖမ်းမခံရခင်က ဒီလို နှစ်ပတ်လည်နေ့မျိုးဆိုရင် ဘယ်လောက်ပဲ အလုပ်များကြပါစေ၊ ကျနော်တို့ အတူတူ ရှိကြတယ်။ ထောင်ထဲကနေ ပန်းစည်းလည်း ပို့လို့မရ၊ တခြားလက်ဆောင်လည်း ပေးလို့ မရနိုင်တော့ ကျနော်သူ့အတွက် ကဗျာတပုဒ် ရေးလိုက်တယ်။ ကဗျာက ဆိုးဝါးပေမဲ့ ရင်ထဲက ရိုးသားတဲ့ ကဗျာပါ။ သူ့ကို ကျနော် ဖုန်းထဲကနေ ရွတ်ပြလိုက်တယ်။
.
မော်ကွန်းမတင်ခင် ခပ်ပြင်းပြင်း အတိုက်ခိုက်ခံရ
အမှောင်ထုက တို့နှစ်ဦးကို ဝိုင်းရံထားလည်း
ဆယ်စုနှစ်အကြာ ဒီနေ့မှာ တည်ထားခဲ့ သစ္စာ
ခိုင်မြဲပြီးရင်း ခိုင်မြဲလာ
မပျက်စီးဘူး၊ မပြိုလဲနိုင်ဘူး၊ အကန့်အသတ်မရှိဘူး၊
မင်္ဂလာအချိန်မှာ ပျော်ရွှင်ပါ ချစ်သူ’ဟာ’
မင်းသာ ငါ့အဖော်၊ ငါ့အချစ်၊ ငါ့ဘဝ ပါ။
.
.
.
နေပြည်တော်ထောင်မှာ နေ့၊ လ၊ ရက်တွေ တဖြည်းဖြည်းကုန်လာပါတယ်။ ကျနော်ဟာ တတ်နိုင်သလောက် အကောင်းမြင်နိုင်ဖို့ ကြိုးစားပေမဲ့ တချို့ရက်တွေမှာ ဘယ်လောက်ကြာကြာ ဆက်ပြီး ရှင်သန်နေနိုင်ဦးမလဲလို့ တွေးနေမိတယ်။ နေပြည်တော်ထောင်ဟာ အန္တရာယ်အပြည့်နဲ့ နေရာပါ။ ကျန်းမာရေးအတွက်လည်း မကောင်းဘူး။ မြန်မာပြည်ဟာလည်း စစ်ပွဲတွေဆီ ဦးတည်နေတယ်။ ကြုံတွေ့လာရမဲ့ အခြေအနေတွေ အတွက် ကျနော် ဘယ်လို ပြင်ဆင်ထားရမလဲ။ ဒီထက်ပိုပြီး ဓါးစားခံ မဖြစ်ရလေအောင် ဘယ်လိုလုပ်ရမလဲ။ အခုလည်း ဓါးစားခံပါပဲ။ ဒါပေမဲ့ စစ်ကောင်စီက ချောင်ပိတ်မိလို့ နောက်ဆုံး ထွက်ပေါက်အနေနဲ့ ကြံရာမရ လုပ်ရင် ဘယ်လိုလုပ်မလဲ။
.
.
.
ဒါတွေကြောင့်လည်း ကျနော်ဟာ သံရုံးနဲ့ ဖုန်းပြောဖြစ်တိုင်း “အဆင်ပြေမနေဘူး”ဆိုတာကို အမြဲတမ်း ပြောပြတယ်။ ပုံမှန် ကျနော် ဖုန်းပြောရင် ယဥ်ကျေးမှုအရ ပြောနေကြ “အခြေအနေ ကောင်းပါတယ်”ဆိုတဲ့ စကားကို သူတို့ကို မပြောဖြစ်အောင် အမြဲကြိုးစားနေရတယ်။
.
.
______________________________
ဘာသာပြန် – ​အောင်မိုး ( A K Moe )

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*