
■ အခန်း(၄)
အင်းစိန်ထောင်သားဘဝ အစ
+++++++++++
အင်းစိန်ထောင်က သူ့အသံထွက်အတိုင်း ရူးလည်းရူး၊ ဆိုးလည်းဆိုးပါတယ်။
(ဘာသာပြန်သူ မှတ်ချက်။ ။ အင်္ဂလိပ်စကားပြောသူ အများစုသည် ‘အင်းစိန်’ကို ‘insane’ ဟု အသံထွက်တတ်ကြပါသည်။ ‘insane’ ဆိုသည်မှာ ‘ရူးသွပ်သော’၊ ‘အလွန်မိုက်မဲသော’၊ ‘ဆိုးသွမ်းသော’ ဟု အနက်အဓိပ္ပာယ်များ ရပါသည်။)
.
.
.
ကျနော်လည်း နောက်ဆုံးတော့ ဒီနေရာဆိုးကို ရောက်လာခဲ့ပါပြီ။ ကျနော်က အသက် ၅၇ နှစ်အရွယ် သြစတေးလျက ဘောဂဗေဒ ပါမောက္ခ တယောက်။ ဘဝမှာ ယာဥ်ထိန်းရဲက ပေးတဲ့ ဒဏ်ကြေးလက်မှတ်တောင် တစောင်တလေမှ မရခဲ့ဖူးသူ။ ဘဝ တလျှောက်လုံး တက္ကသိုလ်ဝန်းနဲ့ စာသင်ခန်းတွေမှာ ရှင်သန် ကြီးပြင်းလာခဲ့သူ။ အတိုက်အခံ ပြောဖို့ဆိုရင် ကိုယ့် ကျောင်းသားတွေကို သူတို့ အက်ဆေးတွေ “အဲဒီလောက် မကောင်းပါဘူး” လို့ ပြောဖို့တောင် ဝန်လေးတတ်သူ။ အဲလိုလူတယောက်အတွက် အင်းစိန်ထောင်ဟာ စိတ်ကူးထဲမှာတောင် ထည့်မတွေးမိအောင် ဝေးကွာလွန်းလှတဲ့ နေရာတခုပါ။
.
.
.
ကျနော့်ကို ဒီကြောက်စရာကောင်းတဲ့ နေရာထဲကို ဆွဲသွင်းတော့မယ် ဆိုတာ သိပါတယ်။ ဘဝမှာ ဘယ်လိုမှ ပြန်ဖျက်လို့ မရတဲ့ အခိုက်အတန့်လေးတွေထဲက တခုပေါ့။ ကျနော့် ကိုယ်ပေါ်ကနေ ချွေးတွေ တောက်တောက် ကျနေတယ်။ ပူတယ်။ အတော့်ကို ပူတာ။ စေးထန်းပြီးကို အိုက်စပ်နေတယ်။ စိတ်နဲ့ ကိုယ်နဲ့လည်း မကပ်ဘူး။ ကျနော့် ဦးနှောက်တခြမ်းက ပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲလို့ လေ့လာနေသလို နောက်တခြမ်းက ကိုယ့်ဘာသာ ဘယ်လို ဟန်ပြင်ထားရမလဲ ဆိုတာကို စဥ်းစားနေတယ်။ ကျနော့်ရဲ့ ဒီနေ့ အပြုအမူတွေကို သူတို့က တသက်လုံး မှတ်သား သွားကြမှာလေ။ သူတို့ဆိုတာ ကျနော့် ကို ဖမ်းထားသူတွေ၊ တခြားက ရောက်လာတဲ့ အကျဥ်းသားတွေ၊ ကျနော့်ကို တအံတသြနဲ့ “ဒေါ်စုရဲ့ စီးပွားရေး အကြံပေးပေါ့” လို့ ကြည့်နေ ကြသူတွေ ပါ။ နောက်ပြီး ကျနော့် ကိုယ်တွင်းလိပ်ပြာလည်း ပါတယ်။
.
.
.
ခဏလေးနေတော့ ကာကီရောင် ယူနီဖောင်းဝတ်ထားတဲ့ ထောင်အရာရှိတယောက် ရောက်လာတယ်။ သူ့ယူနီဖောင်းမှာလည်း ကြိုးတွေ၊ တံဆိပ်တွေ အပြည့်နဲ့။ “ပရော်ဖက်ဆာ တာနယ်၊ ကျနော့် နာမည်က ကျော်ထွန်းဦး (အမည်ရင်း မဟုတ်) ပါ။ အင်းစိန်ထောင်ရဲ့ ထောင်မှူးပေါ့။ အခု ခင်ဗျားကို ကျနော့် လူတွေက တိုက်တွဲ ၄ ကို ခေါ်သွားကြလိမ့်မယ်။ ခင်ဗျား ဒီမှာနေတဲ့ ကာလအတွင်း ကျနော်တို့က ကောင်းကောင်းမွန်မွန် ထားမှာပါ။ ဒီမှာလည်း သိပ်ကြာမယ်တော့ မထင်ပါဘူး။ စာရွက်စာတမ်းတွေ ပြီးစီးတဲ့အထိတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ပေါ့ဗျာ” လို့ ပြောတယ်။
.
.
.
ထောင်ဝန်ထမ်း လေးငါးယောက်က ကျနော့်အိတ်တွေကို မွေနှောက် ရှာဖွေပါတော့တယ်။ ကျနော့်ကို ဖမ်းထားသူတွေ ရဲ့ “စောင့်ရှောက်မှု” အောက်မှာ နှစ်လ နီးပါးနေခဲ့ရတော့ သူတို့ ထပ်ရှာလည်း ဘာမှ တွေ့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ တွေ့တယ်ဗျာ။ ကျနော့် ရဲ့ ခါးပတ်။ ထောင်မှူးက ကျနော့် ခါးပတ်ကို လှမ်းယူလိုက်ပြီး ရယ်သလိုမောသလိုနဲ့ “ ခင်ဗျား ကိုယ့်ဘာသာ ကြိုးဆွဲ မချနိုင်တော့ဘူးပေါ့” လို့ ပြောတယ်။ သူ့ဟာသကို ကျနော်ကတော့ မရယ်ခဲ့ပါဘူး။
.
.
.
သံတိုင်တွေနောက်က ဒီအကျဥ်းခန်းတွေက အရာပေါင်းများစွာကို ကြိုဆိုနေတယ်။ ဘယ်လိုအရာတွေလဲ ဆိုတာကို ကျနော်က စိတ်ထဲကနေ စာရင်းလုပ်နေမိတယ်။ ပူပြင်းလှတဲ့ ရန်ကုန် နွေရာသီ၊ ပြီးရင် စိုစွတ်ပြီး အေးနေမဲ့ မိုးရာသီ။ ရန်ကုန်မြို့ခံ ကြွက်၊ ခြင်၊ ယင်နဲ့ တခြား အကောင်ပလောင် အင်းဆက်တွေ ကရော ပါဦးမှာလား။ အဲဒီစာရင်းကို ကိုယ့်ဘာသာ ပြန်တွေးကြည့်ရင်း “ငါ ဘယ်လို ရင်ဆိုင်ရမလဲ” လို့ တွေးကြောက်မိတယ်။ အပျော်ခရီးထွက်လာတာ မဟုတ်ပေမဲ့ ဒီလို အခြေအနေ မျိုးက ကျနော့် အတွက်တော့ ခက်လှပါတယ်။
.
.
________________________________
ဘာသာပြန် – အောင်မိုး ( A K Moe )
Be the first to comment