
■ အခန်း (၇)
စာအုပ်၊ ဂီတ နှင့် ပါဆယ်ထုပ်များ
+++++++++
စစ်ကောင်စီ အနေနဲ့ ကျနော့်ကို ပြင်ပလောကနဲ့ အဆက်အသွယ် ဖွင့်ပေးရမှာကို အတော့်ကို စိုးရိမ်ပုံ ရပါတယ်။ ကျနော်နဲ့ ‘ဟာ’ ပုံမှန် ဖုန်းပြောခွင့် ရဖို့ အတွက် အချိန်အတော်ကြာအောင် တောင်းဆိုခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အဲဒီအခွင့်အရေး ရရှိခဲ့တယ်။
.
.
ပါဆယ်ထုပ်တွေထဲမှာ ရန်ကုန်မှာ ဝယ်လို့ ရတဲ့ အစားအစာတွေအပြင် သူ ကိုယ်တိုင်ချက်ထားတဲ့ အိမ်ချက်တွေလည်း ပါတယ်။ ‘ဟာ’ က ဟင်းချက်ကောင်းတဲ့ အိမ်ရှင်မ ဖြစ်သလို မုန့်ဖုတ် အလွန်တော်သူလည်း ဖြစ်တယ်။ သူက ကျနော့်အတွက် ကိတ်ခြောက်တွေ၊ ကွတ်ကီးမုန့်တွေကို ဖုတ်ပေးတယ်။ ပြီးရင် အအေးခံတယ်။ အေးပြီဆိုတာနဲ့ လေလုံအိတ်တွေထဲမှာ ပိတ်ပြီး တာရှည်ခံအောင် စီမံပေးလိုက်တယ်။
.
.
စာမဖတ်ရရင် မနေနိုင်တဲ့ ကျနော့် အကြောင်းကို သိတဲ့ ‘ဟာ’ က ကားတစ် နဲ့ ပူးပေါင်းပြီး ပထမဆုံး အသုတ် စာအုပ်တွေကို အစားအစာတွေနဲ့အတူ ပို့လိုက်တယ်။ အင်းစိန်ထောင်မှာ အကျဥ်းသားတွေ အတွက် အခြေခံလိုအပ်တဲ့ပစ္စည်းတွေ အပြင်ကနေ ပို့ပေးရတာ မဆန်းလှပါဘူး။ ကျနော့်အတွက်တော့ အစပိုင်းမှာ အတော့်ကို ပြောရဆိုရတယ်။ အထူးသဖြင့် စာအုပ်တွေကိုပါ။ ‘ဟာ’ နဲ့ သူ့အဖွဲ့က စာအုပ်တွေဟာ ကျနော့်အတွက် မရှိမဖြစ် ဆိုတာ ထောင်အာဏာပိုင်တွေ လက်ခံလာအောင် ပြောကြတယ်။
.
.
.
အချိန်တွေကြာလာတော့ ကားတစ်နဲ့ သူ့ရဲ့ စာအုပ်ဂိုဏ်းက စာအုပ်ပေါင်းများစွာကို ထောင်ထဲကို သွင်းပေးနိုင်ခဲ့တယ်။ အကြောင်းအရာမျိုးစုံပါတယ်။ သူတို့ရဲ့ စွမ်းရည်ကို ချီးကျူးတဲ့အနေနဲ့ ကျနော်ရခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်တအုပ်ကို ရွေးပြချင်ပါတယ်။ အဲဒီစာအုပ်က ဂျော့်ဂျ်အိုဝယ်လ်(George Orwell) ရဲ့ “၁၉၈၄” ပါ။ ပြောရရင် အဲဒီအချိန်မှာ အဲဒီစာအုပ်က ခါးသီးတဲ့ ပြက်လုံး တခု လိုပါပဲ။
.
.
ကျနော့်အတွက်တော့ စာအုပ်တွေက နေ့စဥ် ဖြတ်သန်းနိုင်ဖို့ အားဆေးတွေပါ။ စာအုပ်တွေက ကျနော့်ဘဝရဲ့ အဓိကနေရာမှာ အမြဲရှိနေခဲ့တယ်။ ပြောရရင် ဒီစာအုပ်တွေက ကျနော့်အသက်ကို ကယ်ခဲ့ပါတယ်။ ကျနော် ရခဲ့တဲ့ စာအုပ်တွေ အားလုံး အကြောင်းကို အသေးစိတ် ပြောပြချင်ပါတယ်။ ဒါပေမဲ့ သိပ်များသွားလိမ့်မယ်။ ဒီစာအုပ်တွေ အကြောင်းကို စာအုပ်တအုပ် သီးသန့်ရေးပြမှ လုံလောက်လိမ့်မယ်။ ဂန္တဝင်စာပေတွေ ပါသလို အပျော်ဖတ် စွန့်စားခန်း ဝတ္ထုတွေလည်း ပါပါတယ်။ သူလျှိုစပိုင်ဝတ္ထုတွေဖတ်ပြီး ကျနော့်ဘာသာလည်း ရယ်ချင်မိတယ်။ ကျနော့်ကို စွပ်စွဲပြီး ထောင်ထဲထည့်ထားတာကလည်း ဒီလို အကြောင်းတွေကြောင့်ပဲကိုး။
.
.
.
ကျနော်က ထွက်ပြေးလွတ်မြောက်တဲ့ ဇာတ်လမ်းတွေကို ပိုပြီး သဘောကျမိတယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သုံ့ပန်းတွေ ထောင်ဖောက်ပြေးတဲ့ ဇာတ်လမ်းမျိုးပေါ့။ “ခမ်းနားသော လွတ်မြောက်ခြင်း” (The Great Escape) လို ဇာတ်လမ်းပါ။ “ကွေးမြစ်ပေါ်က တံတား” (The Bridge on the River Kwai) လို ဇာတ်လမ်းလည်း ပါတယ်။ ဒီဇာတ်လမ်းတွေက ကျနော့်ကို ခွန်အားဖြစ်စေတယ်။ အားတင်းထားဖို့၊ အထူးသဖြင့် အရှုံးမပေးဖို့ ဆန္ဒတွေ ပေါ်ပေါက်စေပါတယ်။
.
.
စအဖမ်းခံရတဲ့နေ့ကစပြီး ရက်ပေါင်း ၆၅၀ အထိ ကျနော် ပြင်းပြင်းထန်ထန် တောင့်တခဲ့တာ ‘ဂီတ’ ပါ။ ကျနော်ဟာ ဂီတ နဲ့ အလွန်ဝေးကွာသူပါ။ ဘာတူရိယာမှလည်း မတီးတတ်ပါဘူး။ ဘယ်တုန်းကမှ လည်း မတီးခဲ့သလို နောင်လည်း တီးတတ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂီတ ဟာ ကျနော့်အတွက် အရေးကြီးတယ်။ သီချင်းသံကြားရင် ကျနော် ပျော်တယ်၊ စိတ်သက်သာရာ ရတယ်။ စဥ်းစားဖို့ အထောက်အကူဖြစ်တယ်။ လူကိုလည်း သက်တောင့်သက်သာ ဖြစ်စေတယ်။ အခုတော့ ကျနော် ဒီဂီတသံတွေ မကြားရတော့ဘူး။ အရမ်းကို တောင့်တခဲ့မိတယ်။
.
ဒီလို အနေအထားမှာ ကျနော်လုပ်နိုင်တာက လေချွန်တာနဲ့ ကိုယ်ကြိုက်တဲ့သီချင်းတွေ ဆိုတာပါ။ လုပ်လည်း လုပ်ခဲ့ပါတယ်။ အသံဆိုးကြီးနဲ့ပေါ့။ အင်းစိန်ထောင်ထဲမှာ ကျနော်က အသံကျယ်ကျယ် နဲ့ လေချွန်လေ့ရှိတယ်။ ကျနော်က သီချင်းအများကြီး သိတဲ့သူတော့ မဟုတ်ဘူး။ ကျနော့်သိတဲ့ သီချင်းတွေက ၁၉၈၀ ဝန်းကျင် ဒစ္စကိုခေတ် ကို မကျော်ပါဘူး။ အဲဘာ (ABBA) သီချင်းတွေ ရတယ်။ ဘော်နီအမ် (Boney M) သီချင်းတွေ ရတယ်။ ဒီလောက်ပဲ။
.
တခါတလေလည်း တော်လှန်ရေးဆန်တဲ့ သီချင်းတွေ လေချွန်မိတယ်။ “Ride Like the Wind”, “Tie a Yellow Ribbon Round the Old Oak Tree”, “I’ll Stand by You” စတဲ့ သီချင်းတွေပေါ့။ ဒီသီချင်းတွေ လေချွန်ရင်းနဲ့ မျက်ရည်ဝဲမိတာလည်း အခါခါပါပဲ။ ကျနော့်ဘဝရဲ့ အမှောင်ဆုံးကာလတွေမှာ ငြီးတွားလေ့ရှိတဲ့ တေးသွားလေး တခုလည်း ရှိသေးတယ်။ အင်းစိန်ထောင်ထဲကို စရောက်တဲ့အချိန်၊ ကျနော့်ကို ထောင်ဒဏ်ပေးလိုက်တဲ့ အချိန်မျိုးတွေမှာပေါ့။ ၁၉၆၉ က ရိုက်ခဲ့တဲ့ “ဗြိတိန်တိုက်ပွဲ” (Battle of Britain) ဆိုတဲ့ ကားရဲ့ ဇာတ်ဝင်တေးသွားလေးကိုပါ။ ဒီတေးသွားကို ဗြိတိန် တော်ဝင်လေတပ်ရဲ့ ဂီတအဖွဲ့က တီးမှုတ်ထားတယ်။ ရှေးဆန်တယ်လို့ ဆိုချင်ဆိုပါ။ ဒီတေးသွားလေးက ကျနော့်အတွက် လိုအပ်နေတဲ့ အရှုံးမပေးချင်တဲ့စိတ်၊ ရဲရင့်စိတ်ကို ပေါ်ပေါက်လာစေတယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ထိုရုပ်ရှင်ဇာတ်ကားသည် ဗြိတိသျှ တော်ဝင်လေတပ်က နာဇီ လေကြောင်းရန်ကို ကာကွယ်တွန်းလှန်ခဲ့သည့် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားသော နာမည်ကျော် အင်္ဂလိပ်ရုပ်ရှင် တကား ဖြစ်သည်။)
.
အခြားအကျဥ်းသားတွေအတွက်တော့ ဘာသာရေးမှာ နှစ်မြုပ်ထားတာဟာလည်း ထောင်တွင်း ရှင်သန်ရေးနည်းလမ်းကောင်း တခုပါ။ မြန်မာပြည်က လူအများစုက ဘာသာတရား ကိုင်းရှိုင်းကြတယ်။ တတိယတန်း အကျဥ်းသားတွေကို အတင်းအကြပ် ဘုရားရှိခိုးခိုင်းတာကလွဲရင် အများစုက သူတို့ဘာသာ ဘုရားဝတ်ပြုတတ်ကြတယ်။ ထောင်တွင်းမှာ ဒီလိုလုပ်ဖို့လည်း နေရာတွေ ဖန်တီးပေးထား သလို အားလည်းပေးတယ်။ ဒါပေမဲ့ အကောင်းချည်းပဲတော့လည်း မဟုတ်ပါဘူး။ ဥပမာ ဘာသာရေးစာအုပ်တွေကိုသာ အကျဥ်းသားတွေကြားမှာ မျှဝေ လက်ဆင့်ကမ်းခွင့် ပေးတာမျိုးပေါ့။ တနင်္ဂနွေနေ့တွေမှာ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုခွင့်ပေးတယ်။ ဝတ်ပြုသံ၊ ဓမ္မသီချင်းသံတွေ ကျနော် ကြားရလေ့ရှိတယ်။ ဒါပေမဲ့ ကျနော့်ကိုတော့ ပေးမသွားဘူး။ ကျနော် နှစ်ကြိမ်လောက် ခွင့်တောင်းကြည့်ဖူးတယ်။ ငယ်ငယ်က ဘုရားကျောင်းတက်ခဲ့ရတဲ့ အလေ့အထ ရှိတော့ ဘုရားကျောင်းတက်ရင်၊ ဓမ္မသီချင်းဆိုရင် ကျနော့်အတွက် တစုံတရာ စိတ်သက်သာရာ ရနိုင်မယ်လို့ ထင်လို့ပါ။ ဒါပေမဲ့ ကျနော်ရဲ့ အခြေအနေကို အပြင်ပေါက်ကြားသွားမှာစိုးလို့ ထင်ပါတယ်။ ကျနော့်ကို သူတို့က အခြား ထောင်သား အများစု မှတ်မိသွားမှာ မလိုလားကြဘူး။
.
.
.
ထောင်တွင်းမှာ ကောလာဟလ ပြန့်တာ သိပ်မြန်တယ်။ ကျနော်တို့ အကျဥ်းသားတွေရဲ့ ဖြစ်ချင်ရာ တွေးတဲ့အတွေးနဲ့ ပေါင်းစပ်လိုက်ရင် တကယ်ကို ဇာတ်လမ်းခပ်ဆန်းဆန်း ပေါ်လာတတ်တယ်။ ဥပမာ အမေရိကန် လေယာဥ်တင်သင်္ဘောကြီးတွေ ရန်ကုန်မြို့တဝိုက်မှာ တွေ့နေရပြီ ဆိုတဲ့ သတင်းမျိုးပေါ့။ ပြောတဲ့သူကလည်း သတင်းအတိအကျရတယ် လို့ ဆိုတယ်။ အတွေအကြုံများပြီး စဥ်းစားတတ်တဲ့ အကျဥ်းသားကြီးတွေကတောင် ယုံလိုက်ကြသေးတယ်။ “အမေရိကန်တွေ လာနေပြီ၊ ဒီကောင်တွေ ပြုတ်ကျပြီး အဆုံးသတ်တော့မှာ” ဆိုတာမျိုးပေါ့။ ကျနော်ကတော့ သူတို့ရဲ့ သတင်းကောင်းကို ဖျက်သူ လုပ်ရတော့တယ်။ ကျနော်လည်း ဒီလို မလုပ်ချင်ပါဘူး။ ဒါပေမဲ့ “ဘယ် အနောက်နိုင်ငံကမှ လာကယ်မှာ မဟုတ်ဘူး”ဆိုတဲ့ ဆေးခါးကြီးကို တိုက်ရတော့တယ်။ ကျနော်လည်း သူတို့ သတင်းတွေထဲကလို ဖြစ်စမ်းစေချင်ပါဘိ။
.
.
နောက်ထပ် အမြဲတမ်း ထွက်လေ့ ရှိတဲ့ ကောလာဟလ တခုကတော့ “တော်လှန်ရေးတပ်တွေ အင်းစိန်ကို ဝိုင်းလာတော့မယ်” ဆိုတဲ့ သတင်းပါ။ ဒီသတင်းကိုတော့ ကျနော်အနေနဲ့ ဆုံးဖြတ်ပေးဖို့ ဉာဏ်မမီပါဘူး။ အာဏာသိမ်းစစ်တပ်အတွက် တကယ့်ကို ခြောက်ခြားစေသူတွေ ဖြစ်နေတော့ ဒီသတင်းပေါ်လာတိုင်း လူတွေက စိတ်လှုပ်ရှားကြတယ်။ ကိုယ်ဖြစ်ချင်တာတွေကို ယုံကြည်တာကို တားဖို့ဆီးဖို့ ခက်ပါတယ်။
.
.
.
.
အင်းစိန်ထောင်ထဲမှာ ကျနော်ဟာ အိမ်မက်တခုကို အကြိမ်ကြိမ် ပြန်မက်လေ့ရှိတယ်။ အိမ်မက်ထဲမှာ ကျနော်က ထောင်ကလွတ်ပြီး သြစတေးလျကို ပြန်ရတယ်။ မိသားစုနဲ့ မိတ်ဆွေတွေကို ပြန်ဆုံရတယ်၊ ဒါပေမဲ့ အိမ်မက်ဆုံးခါနီးမှာ ကျနော့်ဟာ အင်းစိန်ထောင်ကို ပြန်လာရပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်ရတယ်။ နေရာတွေ၊ လူတွေ ကွာပေမဲ့ အိမ်မက်ကတော့ တပုံစံထဲပဲ။ တခါတလေ သိပ်ထင်ရှားလွန်းတော့ အိမ်မက်ထဲမှာပဲ “ငါအိမ်မက် မက်နေသလား” လို့ ပြန်တွေးမိသေးတယ်။ အိမ်မက်က နိုးလာရင်တော့ ကျနော်ဟာ ကျနော့် အကျဥ်းခန်းလေး ထဲမှာ ကြေကွဲနေရတတ်တယ်။
.
.
______________________________
ဘာသာပြန် – အောင်မိုး ( A K Moe )
Be the first to comment