ညီလင်းအိမ်
ကျူးဘားတော်လှန်ရေးပဲ့ကိုင် ချေရဲ့အကြောင်းတွေကို ရုပ်ရှင်အနုပညာများအဖြစ် ပြန်ပြောင်းတင်ဆက်ရာမှာ စတီဗင် ဆိုဒါဘတ်ခ်ျ လက်ရာ Che ထက် ဒီရုပ်ရှင်ကို ပိုကြိုက်တယ်။ ဘယ်လိုပြောရမလဲ။ Che နေရာသရုပ်ဆောင်တဲ့ Benicio del Toro ကလည်း အော်စကာဆုရ ထိပ်တန်းသရုပ်ဆောင် ဆိုပေမဲ့လည်း ဒီ မော်တော်ဆိုင်ကယ် ဒိုင်ယာရီက ဇာတ်ရုပ်မှာ သရုပ်ဆောင်တဲ့ Gael García တင်ဆက်မှုမှာ ချေကို ပိုမြင်ရတယ်လို့ မှတ်ထင်မိပါတယ်။ ဒီမင်းသားကလည်း ကျနော်တို့ရဲ့အသည်းကျော် ဖြစ်တာကြောင့်မို့လည်း ပါမယ်ထင်ပါရဲ့။ သို့ပေတဲ့လည်း မော်တော်ဆိုင်ကယ် ဒိုင်ယာရီက ပိုပြီး ရင်ဘတ်ထဲမှာ နေရာယူသွားစေတာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ချေကို တော်လှန်ရေးသမားကြီးထက် လူငယ်လေးအဖြစ် လွပ်လပ်ကြည်နူးစွာ မြင်ရတာကို။
ကျနော့် မိတ်ဆွေရင်းချာတယောက်ကတော့ ဒီရုပ်ရှင်လည်း ကြည့်ပြီးရော မြန်မာပြည်တနံတလျားကို ခရီးထွက်ချင်စိတ် တန်းပေါ်သွားတာပဲလို့ မှတ်ချက်ပေးပါတယ်။ တကယ်တော့လည်း လူ့ဘဝ ဘုံကြီးအတွင်းက ဘဝသရုပ်စစ်စစ်တွေကို မြင်သိ နားလည်ဖို့ရာက စာဖတ်တာ၊ ရုပ်ရှင်တွေကတွေထက် လက်တွေ့ကျကျ ဝင်ရောက်သွားလာခြင်းကသာ ပိုလို့ နားလည် သိရှိသွားစေနိုင်တာပါ။ မိမိအိမ်ကလေးထဲပဲ ကုပ်နေရင်တော့ မှန်ပြတင်းက ကန့်လန်ကာစကလေးရဲ့ ထောင့်နေရာကလေးမှာ နေရောင်ခြည်ကလေး ဖြတ်လာတတ်တာ၊ တချို့သောနေ့တွေမှာ နှင်းပွင့်ကလေးတွေ၊ မိုးစက်မွှားကလေးတွေသာ ပက်ဖျန်း နမ်းရှိုက်သွားတာကို မြင်မိရုံကလွဲလို့ တခြားသော မျိုးနွယ်တူ လူနေမှုများရဲ့ ဘဝပကတိတွေကို မြင်သိဖို့ အလှမ်းဝေးကွာနေဦးမှာ အမှန်ပါပဲ။
ဒါတွေကိုသိတဲ့ ချေတို့အဖို့ ကဗ္ဗလာကော်ဇောအခင်းပေါ်ကနေ ကျောက်စရစ်တွေ၊ ရွှံ့နွံတွေပြည့်နေတဲ့ လမ်းမပေါ်ကို ခုန်ချပစ်လိုက်တာဟာ ကမ္ဘာကြီးအတွက်တော့ တန်ဖိုးဖြတ်လို့ မရစတန်ကောင်းတဲ့ လူသားတယောက်ကို ဖြစ်ပေါ်ပြောင်းလဲစေခဲ့တာပါပဲ။ ဆရာဝန်ပေါက်စ ချေ (အာနက်စတို) နဲ့ ဂရာနာဒို တို့က အိမ်နီးချင်းနိုင်ငံတွေဘက်ကို လေးလတာကာလအတွင်း ခရီးအရောက်နှင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗျူနိုအေးရိစ်၊ ပတာဂိုနီယာ၊ မာချူး၊ ပီရူး၊ ဗင်နီဇွဲလားအထိ ခရီးဇယားဆွဲပြီး သူ့ဘော်ဒါဘော်ကျွတ် ဂရာနာဒို ဆိုင်ကယ်ကြီးနဲ့ ခရီးထွက်ခဲ့ကြတယ်။ သူတို့ရည်မှန်းချက်ကတော့ မရောက်ဖူးတဲ့ ဒေသတွေကနေ ဒေသန္တရ ဗသုသုတတွေ မှတ်သားလေ့လာဖို့၊ အတွေ့အကြုံသစ်တွေ ရယူဖို့ စတဲ့ စိတ်ကူးလောက်ပဲ ရှိခဲ့ကြတာပါ။
ဒါတွေကို ကနဦးအစမှာ မြင်ရနိုင်တယ်။ သူရို့သူငယ်ချင်းနှစ်ယောက်က လူငယ်တွေပီပီ ရောက်တဲ့နေရာ ဖွန်ကြောင်မယ်၊ ဆဲလိုက်ဆိုလိုက် ပျော်လိုက်ပါးလိုက်နဲ့ပဲ ခရီးကို ရှေ့ဆက်ကြမယ်ပေါ့လေ။ ဒီလိုနဲ့ ချေက စံအိမ်ကြီးထဲက ကြွေရုပ်မယ်ကလေးနဲ့ ငြိသွားတယ်။ ဒီအထိ သူ့စိတ်ထဲမှာ ချစ်မှုရေးရာကို စိတ်နှလုံး ကွန့်မြူးရုံမှတပါး သူ့ဒိုင်ယာရီထဲက စာမျက်နှာတွေမှာ အလွမ်းရိပ်တွေ သီဝေ့နေတာလောက်ကိုပဲ တွေ့နိုင်မယ်။ မေမေရေလို့ အစချီထားတဲ့ စကားလုံးတွေက ခရီးတလျှောက်ရဲ့ မတူညီတဲ့ ကြမ်းတမ်းအဆင်မပြေမှုတွေနဲ့အတူ တက်လိုက်ကျလိုက် ဖြစ်နေတယ်။ လေးနက်တဲ့ စကားလုံးတွေကို မမြင်ရနိုင်သေး။
ချေကို ကျနော်တို့မှာ ဘဝထဲက ပေးစွမ်းတဲ့ သုခ၊ ဒုက္ခတွေကို လူငယ်ဆန်စွာ ဟန်မဆောင်ဘဲ တန်ပြန်ဖော်ပြတဲ့ လူငယ်ကလေးအဖြစ်ပဲ မြင်နေရတယ်။ သူငယ်ချင်း ဆိုင်ကယ်အစုတ်ကြီးက လမ်းခရီးမှာ တဘုန်းဘုန်းလဲလိုက်၊ မိုးတွေမိလို့ ကောက်ရိုးပုံကြား အိပ်ရပြီး အပြင်းတွေဖျားလိုက်နဲ့ သူတို့အစား ဒုက္ခမရှိ ဒုက္ခရှာတဲ့ကောင်တွေပဲလို့တောင် မြင်မိသွားပါရဲ့။
သို့ပေတဲ့လည်း ချီလီဘက်ကို ရောက်လာတဲ့အခါမှာ ချေရဲ့ လူငယ်ဆန်ပြီး ကြည်လင်ဝင်းလဲ့နေတဲ့ မျက်လုံးအစုံဟာ မှုန်ရီဝေလာတာကို မြင်ရတယ်။ သူမြင်လိုက်ရတဲ့ တောင်အမေရိက ပြည်သူများရဲ့ ဘဝတွေဟာ ထင်ထားတာထက် ပိုမိုဆိုးဝါးနေတာကို သိလာတယ်။ ကျေးလက်နေပြည်သူတွေမှာ ဆင်းရဲမှုအားကြီးစွာ လုပ်ကိုင်စားသောက်နေရတယ်။ ဒီတိုင်းပြည်တွေဟာ ရှေ့ကိုတက်ရမယ့်အစား နောက်ကိုပဲ အရာရာ ပြန်ဆုတ်နေတာကို မြင်လိုက်ရတယ်။ ခရီးကနဦးမှာတော့ ဘော်ဒါကောင်နဲ့ ရောက်တဲ့နေရာ ဖွန်ကြောင်ဖို့လောက် အားသန်သယောင်ရှိတဲ့ သူ့မှာ အဲဒီအရာတွေ ပျောက်ဆုံးသွားပြီ။ သူဟာ နိမ့်ကျနေသော ပုခုံးသားတွေအတွက် အားရှိသလောက် ဝင်ထမ်းပေးဖို့ ဖြစ်ထွန်းလာတဲ့ လူသားတယောက် ဖြစ်တယ်ဆိုတာကို တွေ့လာရပါပြီ။ ချီလီမှာ အလုပ်သမားခေါင်းဆိုသူက အလုပ်သမားတွေကို ရေတစက်ကလေးတောင် မတိုက်ဘဲ ကားပေါ်ကို တိရစ္တာန်များသဖွယ် အတင်း အော်ဟစ်တက်ခိုင်းနေတယ်။ ကွန်မြူနစ်ဝါဒကို လက်ခံကြသူ လူငယ်တွေမှာ ရာဇဝတ်သားများသဖွယ် ပြေးလွှားရှောင်တိမ်းနေကြရတယ်။
ချေမှာ အဲဒီမြင်ကွင်းတွေကို မြင်ရတော့ ဘယ်လိုမှ လက်သင့် မခံနိုင်တော့။ အလုပ်သမားခေါင်းကို ခဲနဲ့တောင် လှမ်းထုပစ်သတဲ့။ ပီရူးမှာရှိတဲ့ ပကတိအလှတရားတွေ၊ တောတောင်ရေမြေတွေဟာ ဖိနှိပ်သူများရဲ့ ယုတ်မာမှုတွေ၊ ကစဉ့်ကလျားဖြစ်ထွန်းလာတဲ့ မြို့ပြယဉ်ကျေးမှုများကြောင့် ပျက်သုဉ်းစပြုနေပါပြီ။ သို့တစေ ပြည်သူများရဲ့ လူနေမှုဘဝတွေကတော့ ကျောက်ခေတ်ဦးကိုပဲ ပြန်သွားနေရှာတယ်။ ဘဝခရီးတလျှောက် ပေါ့ပေါ့ပါးပါးနဲ့ပဲ အတိပြီးလာပုံရတဲ့ ဂရာနာဒိုကတော့ ဒါတွေကို ပြောင်းလဲချင်ရင် ငြိမ်းချမ်းစွာ ကူးပြောင်းမှရမယ်လို့ဆိုတော့ ချေက ပြတ်သားစွာ ခေါင်းခါပြပါတယ်။ လက်နက်မပါဘဲနဲ့ အဲဒီ အာဏာရှင်တွေ ဖောက်ပြန်တဲ့ လူတန်းစားကောင်တွေကို ဘယ်တော့မှ ကန်ချလို့မရဘူးလို့ ပြောတယ်။
ဒီခရီးစဉ်က ချေ့ကို ရင့်ကျက်တဲ့ လူတယောက်အဖြစ် ရုတ်ချည်း ပြောင်းလဲသွားစေခဲ့တယ်။ တာဝန်ရှိသူတွေဟာ နင်းပြားလူတန်းစားလုပ်အားကို မှက်ခြင်ယင်များသဖွယ် စုပ်ယူစားသုံးဖို့ သက်သက်သာ အသုံးပြုပြီး ကျန်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အစရှိတာတွေကို တာဝန်ယူပေးဖို့ လျစ်လျူရှုထားကြတယ်။ ချီလီဘက်က ကျေးလက်တောတန်းတွေမှာ အနာကြီးရောဂါသည်တွေ ပြည့်နေကြတယ်။ သူတို့တွေမှာ အကျဉ်းသားများသဖွယ် လူ့အဖွဲ့အစည်းနဲ့ ဝေးရာ တောတောင်ထဲမှာ နေထိုင်နေကြရရှာတယ်။ မပြည့်စုံလှတဲ့ ကုသမှုတွေ၊ ချို့ငဲ့လှတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအောက်မှာ ဒီလူတွေမှာ ဘယ်လောက်များ ပိပြား ကျေညက်ခဲ့ရပြီလဲ။ ချေတို့က လက်အိတ်စွပ်တာမျိုးတောင် မလုပ်ဘဲ အနာကြီးရောဂါသည်တွေကို နွေးထွေးစွာ ဆုပ်ယူကိုင်တွယ်ပြီးတော့ စကားပြော နှစ်သိမ့်ကြပါသတဲ့။
အဲဒီအပိုင်းတွေမှာ ချေက ကြည့်ရှုသူ ကျနော်တို့ နှလုံးသားတွေအပေါ်ကို အနီးကပ်ဆုံး ဖြတ်သန်းသွားခဲ့တာလို့ပဲ ဆိုရမှာပေါ့။ ချေရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာသွင်ပြင်၊ သူငယ်ချင်းကိုတောင် စကားတွေ သိပ်မဆိုတော့ဘဲ အချိန်တိုင်းလိုလို လေးနက်စွာ တွေးတောနေတဲ့ သဏ္ဌာန်တွေ၊ ပြီးတော့ သက်ဆိုင်ရာ စာအုပ်တွေကို သည်းကြီးမည်းကြီး ဖတ်နေပုံတွေ။
အနာကြီးရောဂါ စွဲကပ်စပြုနေတဲ့ နှမငယ်ကလေးကို အကိုရင်းတယောက်သဖွယ် ငေးကြည့်ရင်း ဂရုဏာသက်နေတဲ့ သူ့ရဲ့ စကားသံ၊ ပြုမူပုံတွေမှာ ကျနော်တို့တွေ ငေးမောရင်း နက်ရှိုင်းစွာ လေးစားလာခဲ့ရတယ်။ ရွှေဇွန်းကိုက် ကြီးလာတဲ့ ဒီလိုလူငယ်ကလေးမှာ ဘာလို့များ ဒီလောက် လှပထည်ဝါလွန်းလှတဲ့ နှလုံးသားတစုံ ရှိနေရသလဲပေါ့ ။ အများအားဖြင့်က လူကုံတန်များရဲ့ လေ့လာရေးခရီးဆိုတာ ခရီးသွားကျေးလက်နယ်ပယ်က ခုလို သူဆင်းရဲတွေတွေ့ရင် အို သနားပါတယ်လို့ စုတ်သပ်ရင်း မုန့်ကလေးပစ်ကျွေးရုံမှတပါး၊ သူတို့ကယ်တင်ဖေးမမှ ပြောင်းလဲကြရမယ့် ဦးသျှောင်ကြီးများသဖွယ် မျက်နှာထားကြီးများနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ပြန်ကြရုံမှ တပါး၊ ငါတို့တွေ သူတို့လိုဘဝ မရောက်တာ ကံကောင်းလိုက်တာလို့ တွေးရုံမှတပါး အဲဒီလို လူတန်းစားတွေက များတဲ့အချိန်မှာ ချေက လုံးဝဥဿုံ ခြားနားလျက် ရှိနေတော့ အံ့အားသင့်စရာပဲပေါ့။
ပြန်ရတော့မယ့် နေ့လည်းရောက်တော့ အဲဒီလူနာတွေကို နှုတ်မဆက်ရမှာ စိုးလို့ပါတဲ့။ ရင်ကျပ် ပန်းနာသည် သူက သူငယ်ချင်းနဲ့ ဆရာဝန်မိတ်ဆွေတွေ အတင်းတားနေတဲ့ ကြားကပဲ ညနက်ကြီးထဲ မြစ်ထဲခုန်ချ ရေကူးပြီးတော့ သွားတွေ့ပါသတဲ့။
ညအမှောင်ကြီးထဲမှာ သေမှာ မကြောက်၊ ကြွက်တက်မှာ မကြောက်ဘဲ လူနာတွေကို တွေ့ချင်ဇော တခုတည်းနဲ့ပဲ ရေစီးသန်တဲ့ မြစ်ထဲမှာ အတင်းလက်ပစ် ကူးသွားတဲ့ လူငယ်လေး ချေ။
ပရိသတ် ကျနော်တို့မှာလည်း သူ့ကို ငေးကြည့်နေရင်းပဲ အရောက်ကူးလာဖို့ အားပေးအော်ဟစ်နေကြတဲ့ ဟိုမှာဘက်ကမ်းက လူနာတွေနဲ့အတူ ထပ်တူ အော်ဟစ်လို့။ ရေအရွှဲသားနဲ့ ကမ်းပေါ်ကိုတက်လာတာ မြင်ရတဲ့အခါ ဝမ်းသာလုံး ဆို့သွားကြတဲ့ လူနာတွေရဲ့ အပြုံးတွေကဲ့သို့ ငေးကြည့်သူ ကျနော့်အဖို့လည်း သူ့ကိုငေးရင်း ထပ်တူပြုံးရင်း စခရင်ရှေ့မှာ မျက်ရည်ဝဲ ကြည်နူးခဲ့ရပုံတွေ။
Be the first to comment