
‘သူ့ ည တ တဲ့ လောက’

အလင်းထက် မြန် တဲ့
အမြစ်တွေနောက်
သစ်အိုပင်ဟာ မလိုက်နိုင်တော့ဘူး။
လက်ညှိုးကို အနောက်လှန်ပြီး
ချိုးချလိုက်ပြီး၊
ဓါးနဲ့ ခုတ်ဖြတ်လိုက်တော့၊
ရောင်စုံ ဓါတ်ငွေ့တိမ်တိုက်ထဲက
ဖန်ဆင်းရှင် ကို တွေ့လိုက်ရတယ်တဲ့။
ကွန်ပျူတာ ပရိုဆက်ဆာဟာ
ဘ၀အဓိပ္ပာယ် နောက် လိုက်ရင်း
ဥာဏ်မရှိတဲ့ ခပ်ထုံထုံ
သမင်ကြီး တစ်ကောင်ဖြစ်သွားတယ်။
ဒါပေမယ့် ပြတ်သွားတဲ့ လက်ညှိုးကိုတော့
ဘယ်သူမှ ပြန်မဖန်ဆင်း
ပေးကြတော့ဘူး။
ဟောဟိုမှာ . . .
ခင်ဗျားလိုချင်ရင် ရနိုင်မယ့်
ပျူခေတ်မတိုင်ခင်က
ဆပ်ပြာပူဖောင်းတွေ နဲ့
ဘာမှ မရေးထားတဲ့ စာအုပ်တွေ။
နို့မှုန့်ဘူး တွေရဲ့ အရောင်ပြင်းအားဟာ
သိပ္ပံပညာရဲ့ ဟာကွက်။
ငါ့ ရေဒါမှာ လင်းနို့တွေပဲ
အမြဲတွေ့နေရတယ်။
မီးတောက်ဟာ ဘာကို လောင်ကျွမ်းပြီး၊
ဘာကို မလောင်ကျွမ်းဘူးလို့
ဘယ်လို ဆုံးဖြတ်သလဲ။
သူပြုံး လိုက်တိုင်း မီးတောက်ဟာ
အရည်ပျော်ပြီး၊ လျှပ်စစ်ဓါတ်ဟာ
အမွှေးအမျှင်တွေဖြစ်သွားတယ် ဆို
သိပ်များ ပေါသွားမလား ။
ခွေးဟောင်တော့၊
‘တောင်’ တကယ်ရွေ့သွား တဲ့
ခေတ်တစ်ခေတ် ငါတို့ ကြုံခဲ့ဖူးတယ်လေဆို
သိပ်များပေါသွားမလား ။
တစ်နေရာက
အကောင်းပတိ
မြေကြီးကိုဖောက်ထွင်း၊ နှစ်တွေကြာတော့၊
မြေကြီးတွေ ပြန်ပြည့်၊
ငါဟာလည်း ရေတွင်းပျက်ထဲက
လူမသုံးတော့တဲ့ ရေ။
လူသားကြောင့် ဆေးဝါးဟာ အသက်ရှင်နေရတာမျိုး။
အဆုတ်ကြောင့် အောက်ဆီဂျင် ပေါ်ပေါက်လာတာမျိုး ။
မြေဆီလွှာဟာ သစ်ပင်ကြောင့် အသက်ရှိနေသလိုမျိုး။
. . .
သေခြင်းနဲ့ ရှင်ခြင်း အကြားမှာ
ခေါင်းစီးကြိုး ရောင်စုံလေးတွေ
ဖူးပွင့်နေကြပြန်တယ်။
ငါ ဟာ လည်း ရေတွင်းပျက်ထဲက
ရေငတ် နေ တဲ့ ရေ၊
ရေငတ် မပြေ တဲ့ ရေ၊
ရေငတ် စေ တဲ့ ရေ၊
ရေငတ် သေ တဲ့ ရေ၊
မနက်ပိုင်းဆိုတော့ ညနေရောက်ဖို့
တော်တော် လိုသေးတာလား ကိုကို ။
အမွှေးအမျှင်ဖြစ်သွားတဲ့
လျှပ်စစ်ဓါတ်တွေဆီကနေ အဆီထုတ်ယူရတာ
ပိုက်ဆံမရဘူး။
သောက်ရူး ရာဇ၀င် မှာတော့
ဆင်းရဲခြင်း ထွက်ပေါက်ဟာ
၀င်ပေါက် နဲ့ သိပ်မခြားခဲ့ဘူး။
ဘယ်မှာလဲ နို့ဆီခွက်၊
ဘယ်မှာလဲ လိုတရ နှုတ်ခမ်း၊
ဘယ်မှာလဲ စစ်မဖြစ်ဖူးတဲ့ အိမ်သာ၊
ဘယ်မှာလဲ မသေတတ်တဲ့ မြေဆီလွှာ၊
ဘယ်မှာလဲ ရေမငတ်ဖူးတဲ့ မိုးတိမ်၊
ပုဂံ မှာ နေ၀င်တာ တအားလှသလောက်
ပုဂံ ဟာ နေ၀င်တာ တအားမလှခဲ့ဘူး။
ဆိုပါစို့၊
နေကြာစေ့ တွေထဲမှာ
ဘာမှ ပါမလာတော့တဲ့ တစ်နေ့
ရှိတယ်ပဲ
ဆို
ကြ
ပါစို့။
ထို
ငါ အား
တရုတ်ပြေးမင်း ဟူ၍
ဘ၀စဉ်ဆက်တိုင်း ခေါ်တွင်စေ
လို့ ကျိန်စာ သင့်ခဲ့တယ်ပဲ ဆိုကြ
ပါစို့။
ဟားထားဟားထားဟားထားဟားထားဟားထား
သူ့ ရယ်သံရဲ့
ပဲ့တင်သံဟာ သူ့ရယ်သံ မဟုတ်လို့တဲ့
ဆေးရုံ အတင်းခေါ်သွားကြတယ်။
ဟားထား ဦးပေါ့ ။
လူတိုင်းမွေးကတည်းက
ခေါင်းထဲမှာ
ကျည်တစ်တောင့်ဆီနဲ့
ငရဲပြည်တစ်ခုဆီပါတယ်။
နတ်ပြည်က ကိုယ့်ဟာကိုယ် တည်ဆောက်ရမှာ၊
ကျည်မထွက်သေးသ၍
ဘ၀ရဲ့ အဓိပ္ပာယ်ဟာ ဦးနှောက်ထဲမှာ . . .
ပေါချာချာရှိနေဦးမှာပေါ့။
ဘာမရှိတဲ့ အတွေးနဲ့ သေခြင်းဟာ
ငါ့ ဖုန်း ထဲမှာ အမြဲရှိနေတယ်။
ငါ့ ဖုန်း ပျောက်သွားတုန်းက
ပျူခေတ်က ဆပ်ပြာပူဖောင်းတွေအကြောင်း
ခင်ဗျားတို့လိုပဲ တပ်မက်ကြည့်ခဲ့ဖူးတယ်။
လမ်းမတော်က
ခိုတွေဟာ ဓါတ်ကြိုးတွေပေါ်မှာ
သေနေကြတယ် ။
ဟုတ်တယ် ။
လမ်းမတော်က
တိုက်အဝါရောင်ဟောင်းဟောင်းကြားထဲမှာ
နတ်ကျား တစ်ကောင် ပုန်းနေတယ်။
ဘီလူး သတ္တဝါရဲ့ ဖြစ်တည်မှု ထဲက
ပျဉ်ပြားချပ်တွေ ။
တရာဖျားမင်း ရူးသွားတဲ့
အကြောင်း ကို
ငါ အသည်းမခိုက်တော့ဘူး။
ရောင်စုံ ဓါတ်ငွေ့တိမ်တိုက်ကြီးထဲက
ဖန်ဆင်းရှင် ရေ၊
နတ်သမီး နဲ့ အာဏာရှင် မရှိတဲ့ ကမ္ဘာ
ကို ပုံပြင်ထဲက ဆွဲထုတ်လိုက်ပါ။
ဟိုး ဟိုး . . တောင်တန်းတွေဆီမှာ
သဘာ၀ သယံဇာတ အမြတ်ထုတ်မှု ၊
အစိမ်းသေ သရဲတွေနဲ့
နတ်ဘုံ နတ်နန်းတွေ ရှိတယ်။
ငါ့ ဘ၀ကို ဘယ်သူ တီထွင်ထားတာလဲ ။
လမ်းမတော် က ခိုတွေရဲ့
အလောင်းတွေကို
ခိုစက်ရုပ်တွေဟာ အလုအယက်
စားသောက်နေကြတဲ့ ဖြစ်စဉ်ကို
ဘယ်သူတီထွင်သွားတာလဲ
မိုးခေါင်ရေရှားရပ်ဝန်း ကနေ
ရေကြီးတဲ့ သတင်းတွေ နားဆင်ရရင်း
ရေဆာလာရင်း
ခွေးလေခွေးလွင့်မှန်သမျှ
အကိုက်ခံရရင်း
ဆောက်တည်ထားရသမျှ
ပြိုကွဲခံရရင်း
ဘဝကို
လှမ်းလှမ်း ဟားထား
ရတယ် ။
စက္ကူပေါ်က သွားပွတ်တံ နဲ့ ရေးထားတဲ့စာတွေ၊
ခေတ်ကြီးတစ်ခေတ် . . . လုံးရဲ့ အနာဂတ်
ဘက်ထရီ ကုန်သွားလို့ ဘယ်သူမှ
မသိတော့ဘူး။
ချစ်ခြင်းမေတ္တာကြောင့်
မတ်လာတဲ့ မွှေးညှင်းတွေ
ထလာတဲ့ ကြက်သီးတွေ
နောက်ပြီး ….
မမြဲတဲ့ အရာ လည်း
ခိုးကူးစာမိပြီး အလှူခံမဏ္ဍပ်တွေမှာ
နယ်လှည့်ဖျော်ဖြေနေရတော့
ငါ စလိုးမိုးရှင်းနဲ့ ထိုင်ကန်တော့တယ်
အဲဒါ သံမဏိတီကောင်နဲ့
ငါထိုင်မျှားနေတဲ့
ရေတွင်းပျက်ထဲက စက်ရုပ်ငါးတွေ ။ ။
ငါ့တခြားတစ်ခြမ်းကို
ထောပတ်သုတ်ပြီး
လူရိုင်းတွေ ကို ကပ်တယ်
အန်ကြ
ငါ့ကျန်နေတဲ့ တစ်ခြမ်းကို
ငါ့ ဟာ ငါ စားပစ်တယ်
အန်ကြလေ
အန်ကြ
ဟောပြောပွဲမှာ
အန်ထွက်ကြတယ်
ညစ်ညမ်းတဲ့ စာသားတွေဟာ
နံရံတွေ ကွဲအက်ပြီး ယိုစိမ့်ထွက်လာတယ် ။
လူတွေ အလုအယာက် နံရံတွေကို ပြေးယက်ကြ။
ပြီးတော့ အန်ကြ
စီဒီ တစ်ခုက ငါနဲ့ အတူလိုက်မကရင်
အကုန်သောက်ပေါ ဆိုတဲ့ သဘောပြော
စီဒီတစ်ခုက မေတ္တာတရားဖြင့်သာ
အောင်နိုင်ရာ လို့ ပြော
နောက်စီဒီက စီဒီ ခေတ်ကုန်ပြီလို့ပြော
အားလုံးလူကလုပ်တာ
လူတွေမလုပ်တဲ့ ကိစ္စတောင်
လူတွေက လုပ်တာ
အန်ပစ်ကြ ။။
ဒါပေမယ့် ထုံးစံတွေအတိုင်း
ပါးစပ်ရာဇဝင်တွေထဲမှာတော့
ရေမရှိတဲ့ချောင်းထဲမှာ
ငါရော ငါ့ခန္ဓာကိုယ်ပါ မပါပဲ ငါဟာတဲ့
နစ်သေသွားတယ် တဲ့
ကြာပါတယ်
ကြာတော့ ပါးစပ်ရာဇဝင်တွေဟာ
ကောလဟာလ ထပ်ဖြစ်
ငါသေတုန်းက ငါ့အလောင်းကို
တစ်ဝက်တောင်ပြန်မရလိုက်ကြပါဘူး
ကြောက်လန့်တကြား ထပြေးကြတဲ့
လူအုပ်ကြီးထဲက လူတိုင်းရဲ့ဖိနပ်တွေမှာ
ငါ့အလောင်းတစ်ဝက်ကျော်ဟာ
နည်းနည်းစီ ကပ်ပါသွားတာ
ငါ အကုန်မျိုချလိုက်ရတာပါပဲ ။
မတော်တဆ တူးဖော်မိတဲ့
ရှေးဟောင်းဘာသာရေး တစ်ခုကို
တမင်ကြီး မှီးတယ်
ဆီလျော်အောင်လုပ်တယ်
Upgrade မြှင့်ပစ်တယ်
ကမန်းကတန်းပစ်ချလိုက်တယ်
ထင်ရတဲ့ မိုးကြိုးဟာ
ငါ့မျက်ရည်တွေကို လာမှန်တယ်
မိုးရေတွေထဲမှာ
အကြာကြီးတွေနေမှ
ထ လက် တဲ့ လျှပ်စီးရောင်ကို
စောင့်ပြီး
ငါ ဆယ်ဖီ ရိုက်တယ်
ငါ့မျက်လုံးထဲက
ဝါဒဖြန့်ခံထိထားတဲ့
ဝမ်းနည်းစဖွယ် မိုးကြိုးတွေ ။
နဲ့
ရှင် တထိုင်ထဲ ထိုင်ပြောသွားတဲ့
ကျမ တို့နဲ့
ဘဝပေါင်း ကုဋေအကွာက
အနယ်နယ်အရပ်ရပ်ရဲ့
ငြိမ်းချမ်းရေးတွေ
ရေတွင်းပျက်ထဲက ရေ ဟာ
အပြင်မှ တကယ်မရှိဘူး ၊
ဒါပေမယ့် ငြိမ်သက်နေတယ်။
အပြင်မှာ တကယ်မရှိတဲ့ အရာဟာ
ငြိမ်သက်လို့ ရသလားဆိုတဲ့
အမေးဟာ ရပ်တန့်သွားပြီး၊
အဓိပ္ပါယ်
မသွပ်သွင်းရသေးတဲ့
ဆပ်ပြာပူပေါင်းတွေထဲမှာ
စဖြစ်တည်လာတဲ့
ပါဝါ ။
Be the first to comment