
“စာအုပ်တန်းမှာလမ်းလျှောက်ခြင်း”
စာအုပ်အမည်။ သေနင်္ဂဗျူဟာစစ်သမိုင်းနှင့် ဗျူဟစက္ကိပျို့
ရေးသူ။ လက်ဝဲသုန္ဒရ
တည်းဖြတ်သူ။ ဦးဘသောင်း
ထုတ်ဝေ။ ရန်ကုန်နေပြည်တော်၊ ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်၊ ၁၃၀၅-ခု
ဖြန့်ချိ။ အလင်းရောင်ဖြန့်ချိရေး
■ နောက်ဖုံး
သေနင်္ဂဗျူဟာ စစ်သမိုင်းစာအုပ်များ ရောင်းချ၍ရသော အမြတ်ငွေများကို ပုံနှိပ်ထုတ်ဝေသူ စေတနာ့ဝန်ထမ်း ဦးဘခင်နှင့် ဇနီးဒေါ်သက်မေတို့က ဗမာ့ကာကွယ်ရေးတပ်မတော်ရံပုံငွေသို့ လှူဒါန်းပါကြောင်း။ ။
■ အဖွင့်
“…. သစ်ငုတ်ကျားဆီး။ မှုကြီးရေးခွင်။ ရှေ့ဖျားတင်၍။ ဆင်လျှင်ဆင်ချင်း။ မြင်းလျှင်မြင်းလိုက်။ တိုက်တိုက်သရွေ့။ တွေ့တွေ့သမျှ။ ကာလမရွေး။ တို့တဝေးကား။ အရေးမရှု။ ဗိုလ်ထုပျက်ချည်း။ ချဉ်သီးမြင်သော်။ ပါးပြင်စက်စို။ လျှာရည်ယိုသို့။ တကိုယ်ရည်ဘက်။ ရှင်မှုထွက်က။ သက်မမှတ်ချင်။ ဝင်၍ဖြုတ်ဖြုတ်။ အူသည်းနှုတ်အံ့။ သုတ်သုတ်မြန်သက်။ စိတ်ထက်ထက်နှင့်။ ရှင့်လက်ရွေးဆန်။ တို့တသွန်ကား။ တံခွန်စိုက်ချည်း။ အသည့်ထပ်မျှ။ တူတည်ကြသည်။ ။ သူရရဲဘော်ရန်ခွင်တည်း”။ ။
(မဟာဇနကပျို့)
■ စာမြည်း
“သခင်ကိုယ်တော်မှိုင်း၏ တိုက်တွန်းချက်သဝဏ်လွှာ”
‘မဟာဦယျောဇနကထာ’
“မင်္ဂလာဦး။ လွန်ကျုးကောင်းမြတ်။ စုတ်လပ်လာဘ။ အမြိတ္တနှင့်။ တရသိဒ္ဓိ။ လောကိရန်နှိမ်။ ပြက္ခဒိန်မှာ။ အောင်ချိန်စဉ်းလက်။ အောင်မည့်ရက်ကို။ အောက်ခက်သည့်ရန်။ တွေ့ကြိမ်သည်မှန်သော်လည်း။ စက်သံကွန့်မှုန်း။ ထောင်လက်ရုံးဖြင့်။ မိုးလုံးဖြန့်ရစ်။ မာရ်မင့်းစစ်ကို။ ဥပေက္ခာ၊ သစ္စာ။ မေတ္တာ၊ ခန္တီ။ ပါရမီဆယ်ပါး။ ပုညအားဖြင့်။ ဘုရားလူ့ဘ။ အောင်ဆုရသည့်နှယ်။ မာနပြိုင်တု။ သူရန်ပြု။ ဖမ္ဗူ့ကြေးမြှင်။ အိမ်ရှေ့ရှင်နှင့်။ ထိပ်ခေါင်တင်နတ်။ နေ၊ လ၊ မှတ်ရသည်။ မြတ်နှစ်ပါးဘုန်း။ ရွှေလက်ရုံးတွင်။ ရန်ထုံးကဲ့သို့ ကြေရာသည်” ဟူ၍၊ ရာမရကန်အစ၊ ပဌမကဏ္ဍတွင်၊ ရွှေတိုက်စိုး ဦးတိုး ကြုံးဝါးသကဲ့သို့၊ အင်္ဂလိပ် အမေရိကန်၊ မိစ္ဆာရန်ကို၊ တွန်းလှန်ဖြိုဖျက်မည်ဟု၊ မာန်တက်အားကြိုး၊ တမျိုးလုံး လုံ့လပြုနေကြသော ယခုအခါ၌….။
….. အဆိုပါသေနင်္ဂဗျူဟာပျို့နှင့် ဗျူဟစက္ကိပျို့နှစ်စောင်ကို ပြုစုရေးသားသူကား၊ အခြားမဟုတ်။ ဗမာစာပေ ကဗျာ လင်္ကာ အနှုန်းအဘွဲ့၌ အထူးထင်ရှားသော မင်းလက်ဝဲသုန္ဒရဘွဲ့ခံ ပညာရှိအမတ်ကြီးဖြစ်၏။ ထိုအမတ်ကြီးကား ဟံသာဝတီပါ မင်းတရားလက်ထက်မှစ၍ အမရပူရ ပဌမမြို့တည် နည်းတည် ဘိုးတော်ဘုရား လက်ထက်တော်တိုင်၊ ကြီးမြင့်သော ရာထူးဌာနန္တရများ၌ ထမ်းရွက်ခဲ့၍၊ အာဒါသမုခပျို့သစ်၊ သောဏပျို့၊ သာမိနပျို့၊ စကြာမင်းပျို့၊ နန္ဒီသေနပျို့၊ ကုန်းဘောင်မော်ကွန်းလင်္ကာ၊ ဆင်တော်မော်ကွန်း၊ ‘မဲဇာတောင်ခြေ’ အစချီ၍ အထူးထင်ရှားသော ရတုနှင့်တကွ၊ အခြားရတုလင်္ကာများအပြင်၊ တရားသူကြီးတို့ လက်သုံးဖြစ်သော “ဝိနိစ္ဆရပကာသနီဓမ္မသတ်လင်္ကာကျမ်း”၊ သူရဲကောင်းတို့၏လက်သုံးဖြစ်သော”သေနင်္ဂဗျူဟာပျို့”နှင့် “ဗျူဟစက္ကိပျို့” တို့ကို ပြုစုခဲ့ပေ၏။ ……
……. အဆိုပါ သေနင်္ဂဗျူဟာပျို့နှင့် ဗျူဟစက္ကိပျို့ နှစ်စောင်ကား၊ ထိုသို့ ဗမာလူမျိုးများ စစ်တိုက်စိတ်ဓာတ်များ ထကြွလျက်၊ သူရသတ္တိပြနေကြသောအချိန်တွင်၊ မင်းအဆက်ဆက် ထမ်းရွက်ခဲ့သော ပညာရှိအမတ်ကြီး စီကုံးရေးသားခဲ့သော ကျမ်းများဖြစ်ရကား၊ အထူးပင် လေးစားအပ်လေသည်။ ထိုကျမ်းများသည် ထိုခေတ်က သူရဲကောင်းများ၏ လက်စွဲမှီငြမ်းဖြစ်ခဲ့၏။ ထိုကျမ်းများကိုမှီလျက်၊ ဗမာလူမျိုးတို့သည် မိမိတို့လွတ်လပ်ရေးကို ကာကွယ်၍၊ လာလာသမျှသော ရန်အပေါင်းတို့ကို ဖြိုခွင်းလျက်၊ အရှေ့တလွှားတွင် ဗမာ့သတ္တိပြခဲ့ကြ၏။
….. စစ်တိုက်နေကြသော ခေတ်အခါ၌၊ လူတိုင်းလူတိုင်း စစ်စိတ်စစ်ဓာတ်၊ ဖျပ်ဖျပ်လတ်လတ် တင်းမာခိုင်ခံ့စွာ ပေါ်ထွက်နေကြရန် လိုအပ်သည့်အခိုက်တွင်၊ အောင်ပန်းဆွတ်ခူးခဲ့ဘူးသော ကျမ်းထူးနှစ်စောင်သည်၊ တန်ဆောင်မီးရှုးကြီးသဖွယ်၊ ဗမာတို့အလယ်တွင် ပေါ်ပေါက်လာသည်မှာ၊ သူရဲကောင်းဗမာမျိုးတို့သည်၊ ယခုတဖန် အောင်ပွဲယူကြစိမ့်သောငှာ၊ နတ်သိကြားများပင် ဆောင်ယူ ပို့သလေဘိသကဲ့သို့ ဖြစ်ရကား၊ နေ့ညမဆိုင်း၊ စွဲမြဲဖတ်ရှုလျက်၊ သူရဲကောင်းတို့၏ လက်ရုံး နှလုံး၊ လုပ်ရည်ကြံရည်များကို၊ ကြံဆမွေးမြူ၊ အောင်တမ်းခွန်ထူကြစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပေသတည်း။ ။
(သခင်ကိုယ်တော်မှိုင်း၊ ၁၃၀၅-ခု၊ ဝါခေါင်လဆုတ် ၁၃ ရက်။)
“ဗမာ့ကာကွယ်ရေးတပ်မတော်၊ သေနာပတိဗိုလ်ချုပ်အောင်ဆန်း (ယခုစစ်ဝန်ကြီး)”၏
‘ဥယျောဇဉ်’ မှ
ထုတ်နှုတ်ချက် –
စစ်ဆိုသည်မှာ အနုနည်းဖြင့် ဆောင်ရွက်မရ၍၊ အခြားနည်းကိုသုံးရသော နိုင်ငံရေးတမျိုးပင်ဖြစ်သည်ဟု ကလော့ဇဝိတ် ဆိုဘူးလေသည်။ စစ်ရေးစစ်ရာမှာ၊စစ်ဗျူဟာမျှသာမဟုတ်၊ အလွန်ကျယ်ဝန်းပေသည်။ ယခုခေတ်တွင် သာ၍ပင် ကျယ်ဝန်းပေသည်။ စစ်သူကြီးလုပ်သူသည် နိုင်ငံရေး-စစ်မက်ရေး-စီးပွားရေး-ကမ္ဘာ့အရေး အရပ်ရပ်ကို နှံစပ်သိမြင်ရပေသည်။…….
ထို့ကြောင့် စစ်ရေးစစ်ရာမည်သည် များပြားလှသည်။ ဥပမာ စစ်တိုက်ရာမသတ်ရသောသူလေးပါး (ရန်သူစစ်ပြေး၊ လက်နက်ချသောရန်သူ၊ မိန်းမ၊ ရဟန်း) တို့ကို သုဓနုဇာတ်တွင် ပိုင်းခြား၍ပြထားရာ အထူးမှတ်ဖွယ်ကောင်းသည်။ ယခုခေတ်တွင် International Law နိုင်ငံတကာလိုက်နာရသည့် စည်းကမ်းဥပဒေများကို စစ်တိုက်ရာတွင် လိုက်နာရပေသည်။ ….
ဦးဘသောင်းတည်းဖြတ်သောပျို့များကို ဖတ်ကြည့်ရာ၊ ဒုတိယပျို့တွင် Military History စစ်ရာဇဝင်သဘော အချက်အလက်များ ပါပေသည်။ ထို့ကြောင့် ဤထက်စုံလင်သော စစ်ကျမ်းများကို ဗမာ့စာပေမှ နောက်ထပ်ထုတ်နိုင်လိမ့်ဦးမည်ဟု မြော်လင့်ပါသည်။ …..
စစ်သူကြီးသည် နယ်မြေတခုကို သိမ်းပိုက်နိုင်လင့်ကစား၊ ထိုနယ်မြေရှိလူများကို အုပ်ထိန်းစိုးပိုင်နိုင်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် တို့ဗမာတိုင်း-တို့ဗမာတိုင်းသည် အရေးကြုံက သက်လုံကောင်းအပ်သည့်အလျောက် စစ်ရေးစစ်ရာများကို လေ့လာနိုင်သမျှ လေ့လာကြစေလို။ ။
(အောင်ဆန်း၊ ၁၃၀၅ – ခု၊ ဝါဆိုလဆန်း ၆ – ရက်)
Be the first to comment