
‘သေသွားတဲ့ အနာဂတ်တွေ’

” ဒေါင် ဒေါင် ဒေါင်” အသံတခု ကျနော့်နားထဲ စူးစူးရှရှဝင်လာတယ်။
ဒီအသံကို ကျနော် ရင်းရင်နှီးနှီးရှိနေပါတယ်လို့ စဉ်းစားနေတုန်း အဖြူအစိမ်းနဲ့ ကလေးတယောက် ကျနော့်နောက်ကျောကိုတိုက်ပြီး အတင်းပြေးသွားတယ်။
အော် ဒါ ကျောင်းတက်ခေါင်းလောင်းသံပဲ မကြားရတာ ဘယ်နှနှစ်တောင်ရှိပြီလဲ။
ကျနော့်ဘေးပတ်ချာလည်ကို ငဲ့စောင်းကြည့်မိတော့ ကျနော့်ဘော်ဒါတွေနဲ့အတူတူ ကျောင်းရှေ့မှာရပ်နေမိတာ။ ကျနော် သူတို့ကို ကြောင်ကြည့်မိတယ်။ သူတို့က ကျနော့်ပုခုံးကို ဖက်ပြီး ကျောင်းထဲကို အတင်းဆွဲခေါ်သွားတယ်။ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်မိတော့လည်း အဖြူအစိမ်းဝတ်မထားပါဘူး။ ကျနော်တို့ ကျောင်းလာတက်ကြတာမဟုတ်မှန်းသေချာသွားတယ်။ ကျောင်းကို ဝေ့ဝိုက်ကြည့်မိတော့လည်း အရင်တိုင်းပဲ ဘာမှမပြောင်းလဲပါဘူး။ စာအံသံတွေရယ်၊ ကန္တာရတောကြီးရယ်၊ ဦးလေးနိုင်ဆောင်၊ ဂျပန်ဆောင်ရယ်၊ စာကြည့်တိုက်ရယ်… နောက်ပြီး ကျောင်းမြောက်ဘက်က ကျွန်းပင်တန်းတွေ ခရေပင်တန်းတွေကရော အားလုံးဟာ အရင်လိုမပြောင်းလဲ လှတုန်းပဲ။
ကျောင်း ကျောင်း ကျနော် သိပ်ချစ်ရတဲ့ ကျောင်းလေ။ ကျနော် သူငယ်တန်းကနေ ရှစ်တန်းထိ ဒီကျောင်းမှာပဲတက်ခဲ့တာ။ ကျနော်တို့အုပ်စု ကျောင်း assembly ကွင်းရဲ့ နဘေးနား ကုက္ကိုပင်ကြီးအောက်က ဒုံးတုပ်ပေါ်မှာ တန်းစီထိုင်မိကြတယ်။ ဒီကွင်းကြီးက assembly ကွင်းလည်းဟုတ်သလို ကျနော်တို့အတွက် ဘောလုံးကန်နေကြ နေရာလေးလည်းဖြစ်ခဲ့တာ။ ကျနော့်ဘေးနားမှာ သူငယ်ချင်းတွေထိုင်နေကြတယ်။
ကျနော်က ဘေးနားက သူငယ်ချင်း ပအို့ဝ်မလေးကို ဘာတွေလုပ်နေလဲလို့ စမေးလိုက်မိတယ်။ သူတို့က ဟိုးအဝေးကြီးကနေ ကျနော်တို့ဆီကျောင်းလာတက်ကြတာလေ။ သူက ငါတို့ရွာမှာ ကျောင်းဆရာမ ပြန်လုပ်နေတာလေလို့ ဖြေတယ်။ ကျနော် မှတ်မိတာအဲ့လိုမဟုတ်ပါဘူး။ ကျနော်မှတ်မိတာက အာဏာသိမ်းပြီးနောက် သူထိုင်းကို အောက်လမ်းကရောက်ပြီး အိမ်အကူလုပ်နေတယ်လို့သိထားတာ။
ကျနော် သူ့ကိုမေးလိုက်မိတယ်။ နင်ထိုင်းမှာ အိမ်အကူလုပ်နေတာမဟုတ်ဘူးလားဆိုတော့ သူက နင်ဘာတွေပြောနေတာလဲဆိုပြီး ရယ်ကျဲကျဲနဲ့ ကျနော့်ကိုကြည့်တယ်။
သူ့ဘေးနားမှာ ကောင်လေးတယောက်ထိုင်နေတယ်။ သူလည်းပအို့ဝ်ပဲလေ ကိုရင်ဝတ်နဲ့ကျောင်းတက်တာ။ ရှစ်တန်းတုန်းက စာသင်ရင်း တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေခိုးခိုးဖတ်လို့ ခဏခဏသိမ်းခံရတာ။ သူ့ကိုရော ဘာတွေလုပ်ဖြစ်လဲလို့ ကျနော် မေးမိတယ်။ သူက စာတွေရေးဖြစ်ကြောင်းပြောရင်း သူ့နာမည်လေးပါတဲ့ အဖုံးနဲ့ စာအုပ်တအုပ် ကျနော့်ကိုထုတ်ပြတယ်။ ဒါဆို သူစာရေးဆရာပေါ့။ ကျနော်သိတာ သူမလေးရှားကို အောက်လမ်းနဲ့ရောက်သွားတယ်လို့သိထားတာ။ အားလုံးအလွဲကြီးလွဲနေပါလား။ သူ့ကိုတော့ ကျနော်ထုတ်မပြောဖြစ်ခဲ့ပါဘူး။
ဘေးနားက သူငယ်ချင်းတွေကို လှည့်မေးကြည့်တော့ လက်နက်ကိုင်တော်လှန်ရေးထဲဝင်သွားတယ်လို့ ကျနော် သိထားတဲ့ကောင်က ဘောလုံးသမားတဲ့၊ အရောင်းသမလုပ်နေတယ်လို့သိထားတဲ့လူက dancer တဲ့။ သူတို့အားလုံး သူတို့အိပ်မက်တွေအတိုင်းဖြစ်နေကြတာ။ ကျနော်တို့ဆီကို ကောင်လေးတယောက်ပြေးလာတယ်။ သူ့ကိုတွေ့တော့ ကျွန်တော်ပြေးဖက်မိတယ်။ မင်း စကစ စခန်းသိမ်းတခုမှာ တိုက်ပွဲကျသွားတယ်ကြားလို့ ငါစိတ်မကောင်းတွေဖြစ်ခဲ့ရတာလို့ပြောတော့ သူက ဘာတွေပြောနေတာလဲဆိုပြီး ကျနော့်နာမည်ကိုခေါ်တယ်။ အဲ့ဒီနေ့ ကျနော်တို့သူငယ်ချင်းတွေဆုံပြီး ကျနော့်စိတ်တွေ ဝါဂွမ်းဆိုင်လေးလိုပေါ့ပါးနေတယ်။ သူငယ်ချင်းတွေကလည်း ကျနော့်ကိုဘာလုပ်ဖြစ်လဲလို့ ပြန်မေးကြပါတယ်။ကျနော့် မှတ်ဉာဏ်တွေ ဗလာကျင်းဖြစ်သွားတာလား။ ကျနော်ဘာလုပ်ဖြစ်နေလဲ။
ပြောစရာမရှိတာလား မဟုတ်ဘူး။ ကျနော်ဘာတခုမှကို မမှတ်မိနေတာ။ ကျနော်တို့ အုပ်စု ကျောင်းရုံးခန်းထဲက ဆရာမကြီးကို သွားကန်တော့ကြတယ်။ ဆရာမကြီးကလည်းပြုံးလို့ ရွှင်လို့ပေါ့။ တပည့်တွေကို အလွမ်းသယ်စကားတွေပြောနေတယ်။ ပြီးတော့ ကျနော်တို့ လျှောက်သွားနေကျ မြို့ထောင့်စေတီဘက် စက်ဘီးကိုယ်စီနဲ့ထွက်လာကြတယ်။ ရယ်ကြမောကြ ဟာသတွေပြောကြပေါ့။ ကျနော့်စိတ်တွေ လွတ်လပ်ပေါ့ပါးနေလိုက်တာ ကျနော်ဒီလို မခံစားရတာ ဘယ်လောင်တောင်ကြာနေပြီလဲ။
အဲ့ဒီအချိန် ကျနော့်နားထဲ “ဒိုင်း” ဆိုတဲ့အသံ ဝင်လာတယ်။ဟင် ဒီအသံက ကျောင်းခေါင်းလောင်းသံလည်း မဟုတ်ပါဘူး။ ဘီးပေါက်သလား။ နောက်ပြီး ကျနော့် နှာခေါင်းထဲကို စူးစူးရှရှ မီးခိုးနံ့တခု တရစပ်ဝင်လာတယ်။ ကျနော် လှည့်ကြည့်မိလိုက်တယ်။ တဆက်တည်းမှာ အိပ်နေတယ်လို့ထင်ရတဲ့ ကျနော့်မျက်လုံးတွေ ပွင့်လာတယ်။ ကျနော်ကြားနေတာ သေနတ်သံ၊လက်နက်ကြီးသံ ၊ လေယာဉ်သံတွေပဲ။
ကျောင်းခေါင်းလောင်းထိုးသံတွေမဟုတ်ဘူး။ ကျနော့် တဲရှေ့မှာ မီးလောင်နေတဲ့ စာသင်ကျောင်းကိုမြင်ရတယ်။ ဒါကမှ တကယ့်လက်တွေ့ပဲလေ။ ကျနော် ရောက်နေတာ စာအံသံတွေကြားမဟုတ်ဘဲ စစ်တလင်းကြားဖြစ်နေတာ။ ဒါဆို ကျနော် ခုနကတွေ့ခဲ့တာ အိပ်မက်လား ။ မဟုတ်ဘူး။ ကျနော်တွေ့ခဲ့တာ ကျနော်တို့ အနာဂတ်တွေ ။ ကျောင်းခန်းထဲမှာ ကျနော်တို့ ကိုယ်စီရင်ဖွင့်ခဲ့ဖူးတဲ့ အနာဂတ်တွေ။ သေသွားတဲ့ အိပ်မက် သေသွားတဲ့ အနာဂတ်တွေလေ။ ကျနော် ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တယ်။
Be the first to comment