
‘သံပုံးတလုံး၏ အတ္ထုပ္ပတ္တိ’

ကျုပ်သား ဘယ်ငရဲလမ်းမှာ ရှိနေလဲ၊ ဘယ်လမ်းသရဲ၊ စုန်း၊ ကဝေတွေက ကျုပ်သားကို မြှူဆွယ်ပြုစားပြီး ဘယ်တောတောင်ကို မျက်လှည့်ပြသလို ဝှက်ခေါ်သွားကြသလဲ။ ဘယ်သူမှမရှိတဲ့ အဲဒီအမှောင်ထဲမှာ ကျုပ် နေမပျော်ပါဘူး၊ ကျုပ်ငြိမ်းချမ်းချင်တယ် ။
*****
ဒီသားတယောက်နဲ့ ပူရတဲ့အပူ ကျုပ်မှာ သူ သန္ဓေတည်ကတည်းက အပူအစပ်ဖန်ခါးကို ရှောင်ရတိမ်းရနဲ့ လမ်းလျှောက်ရင်တောင် ခလုတ်တိုက် လဲကျမှာ ကြောက်နေရတယ်။ ဟော အခု အရွယ်ရောက်လို့ အသက်ပဲ ၂၅ နှစ် ကျော်လာပြီ၊ မအေအတွက် အားကိုးရမယ်မှတ်တယ်။ ကိုဗစ်ကိုအကြောင်းပြပြီး အခုချိန်ထိ သောက်သောက်စားစား လူမင်းသား လုပ်နေတယ်လေ။
ဖြစ်လာသမျှ ပြဿနာ ဒုက္ခအားလုံး ဒီက ကြောင်မ, ဆိုးကြီးက နေရာတကာလိုက်ပြီး ဗျာများနေရတာပဲ။
အခုခေတ်ကလည်း ထိလွယ်ရှလွယ် နှုတ်က ယောင်ယောင်မှားမှားစကားများ မကျွံမိစေနဲ့၊ ဒုက္ခကို အိမ်ပေါ် ဖိတ်ခေါ်သလို ဖြစ်နေတာ။
အခုလည်းကြည့်၊ ညဥ့်ကြီးအချိန်မတော် ဟိုဟိုဒီဒီ မသွားပါနဲ့ဆိုတာ ကျုပ်စကားကို နားမထောင်ဘူး၊ အမေကို ဘာဘာညာညာ အော်ငေါက် ထွက်သွားလေရဲ့။ ဒီမအေမှာတော့ဖြင့် ဘယ်က လမ်းသရဲမှန်းမသိ မြှူဆွယ်ဖြားယောင်းပြီး နတ်ဆိုးလှည့်သွားရင် ကျုပ်က ရင်ကျိုးရဦးမယ်။
အဲလေ … ကျုပ်ကသာ မအေလို့ တဖွဖွပြောနေတာ၊ ဒင်းက မအေမှန်းသိရဲ့လား မသိပါဘူး။ မသိလို့လည်း အခုလိုမအေစကား နားမထောင်ဘဲ လေလွင့်ချင်သလို လွင့်နေတာ နေမှာပေါ့။ ကျုပ်အဖြစ်ကိုက ဆိုးပါရဲ့။
“ကိုတောက်ခဲရေ … ရှင်ကတော့ ကိုယ် ချစ်ခင်စုံမင်တဲ့ မိန်းမလည်း ယူပြီးပြီ၊ သားသမီးအစုံနဲ့ မိသားစုဆိုတဲ့ အသိုက်အမြုံထဲမှာလည်း စိတ်ချမ်းသာသလိုနေပြီး ငြိမ်းချမ်းတဲ့ဘဝတခုကို ကောင်းကောင်းမွန်မွန် ကူးသွားပြီ။ ကျုပ်ဘဝကတော့ ရှင့်သားသမီးတွေရဲ့ ဝဋ်ဆင်းရဲမှာ ဘယ်အသက်အရွယ်ထိ သံသရာလည်ရမလဲ မသိပါဘူး”
********
ဟိုတပတ်က သားကြောင့်ပူနေရတဲ့ အပူက မအေးသေးဘူး၊ အငယ်မက ပညာရေးတန်းလန်းနဲ့ လင်နောက်လိုက် ပြေးလို့ ကျုပ် ခေါင်းမီးတောက်ရပြန်တယ်။ ဘယ်လိုဟာတွေလဲ။ ခေတ်ကာလ ယိုယွင်းပျက်စီးနေလို့ ကိုယ့်ကိုယ် ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေရမယ်ဆိုတာ အတန်တန် ဆုံးမနေတဲ့အထဲ ဒင်းတို့က ကျုပ်ကို မလိမ့်တပတ်လုပ်ပြီး လင်နောက်လိုက်ပြေးသတဲ့လား။ အသက်ကဖြင့် ၁၆ မပြည့်သေးဘဲနဲ့ ငရဲအိုးထဲ ခုန်ဆင်းသတဲ့လား။
ကျုပ်လည်း ဒင်းတို့နစ်နာစရာ ဘာစကားမှ မပြောမိပါဘူး။
တနေ့ကမှ နင် ကျောင်းတက်ချင်စိတ်မရှိရင် မကွေးသားနဲ့ အိမ်ထောင်ကျနေတဲ့ ထိုင်းက နင့်အမကြီးဆီ လိုက်မယ်ဆို လိုက်သွား၊ နင့်တို့ဘဝအတွက် လုပ်စားပြီး စုဆောင်းပြောတော့ –
” ထိုင်းမှာလည်း အဖမ်းအဆီးတွေကပေါ။ တက်သွားတဲ့လူတွေတောင် အလုပ်မလုပ်ရလို့ ဒုက္ခတွေရောက်နေကြတာအမေရဲ့။ သမီး ပညာပဲ ဆုံးအောင်တက်မယ်တဲ့”
ကျုပ်ကလည်း သူပြောတာ ဟုတ်တာပဲပေါ့။ ဒီလိုကာလတွေကလည်း လူကုန်ကူးမှုတွေက ဖောဖောသီသီ အလွယ်တကူရှိနေတော့ ပညာပဲ အဆုံးထိတက်မယ်ဆိုတဲ့ ဒင်းစကားကို ယုံစားမိလိုက်တာ၊ အခုတော့ ငါ့သမီး တော်လှတော်လှနဲ့ ယောင်းမ မြင်းစီးထွက်ပြ ဖြစ်သွားတာပဲ အဖတ်တင်တယ်။ ဘယ်ကလမ်းသရဲများက ဒင်းကို ပြုစားပြီး မြှူဆွယ်လေသလဲ။ ဒင်းကပဲ ငရဲအိုးကို ကြိုက်လို့လား၊ ကျုပ်မပြောတတ်ဘူး။
အင်း … ဒင်းတို့လုပ်စာကို မျှော်ကိုးနေရင်တော့ဖြင့် ကျုပ် လမ်းဘေးရောက်မှာပဲ။ တော်ပါသေးရဲ့ ထိုင်းက အကြီးမက မကြာမကြာ ငွေကလေး လွှဲပေးနေလို့။ မဟုတ်ရင် ကျုပ်ဘဝက အိမ်လခ၊ ရေခ၊ မီးခနဲ့ ဘယ်လမ်းဘေး သောင်တင်နေမလဲဆိုတာ မတွေးဝံ့ပါဘူး။ ကုန်ဈေးနှုန်းဆိုတာကလည်း ဒီရေတက်တာမှ နှေးပါဦးတော်။
******
အားကိုးအားထားစရာဆိုလို့ အခု ကျုပ်နားမှာ ဘယ်သူမှ မရှိပါဘူး။ အကြီးမကလည်း ထိုင်းမှာ သူ့အိမ်ထောင်နဲ့သူ၊ အငယ်မလည်း ဘယ်က လမ်းသရဲမှန်းမသိတဲ့ဟာနဲ့ ပါသွားတာ၊ အခု ရန်ကုန်မှာရှိတယ်လို့တော့ သတင်းအစအနရပါရဲ့။ အလတ်ကောင် သားတယောက်တော့ အနားမှာ ပေပေတေတေ ရှိနေသေးတယ်။
အဲ … တခါခါကျတော့လည်း အလတ်ကောင်လေး မလေလွင့်ဘဲ သူများသားသမီးလို အိမ်ခေါင်လုံလုံနေရင် ကျုပ် ဘဝလေး လုံခြုံမှီခို အားထားရပါသေးရဲ့။
ဟူး … မတတ်နိုင်ပါဘူးလေ။ သားနဲ့ပတ်သက်ရင် အသက်ပြင်းက ကျုပ်ဘဝအဖော် ဖြစ်နေတော့တယ်။
အေးပေါ့လေ … သားသမီးဆိုတာကလည်း ခက်သားကလား။ ကိုယ့်ကို အကြွေးဆပ်ဖို့ ရောက်လာမှန်းမသိ၊ ကိုယ့် ဆီကပဲ အကြွေးတောင်းဖို့ ရောက်လာမှန်းမသိနဲ့။ သားသမီးရတနာကောင်းဆိုတာ ထိုက်တန်မှ ရကြတာပဲလေ၊ ကျုပ်နဲ့ထိုက်တန်တာက ဒင်းလို ငရဲလမ်းပျော်တဲ့ကောင် ဆိုတော့လည် ဘယ်တတ်နိုင်ပါ့မလဲ။ ဝဋ်ကြွေးပေါ့။
အခုလည်း ဒင်း အိမ်ပေါ်က ဆောင့်ကြီးငင်ကြီး ဆင်းသွားတာ ၃၊ ၄ ရက်ရှိပါပြီ၊ ပြန်မလာသေးပါဘူး။ ကျုပ်မှာဖြင့် အပူတပိုက်နဲ့ မျှော်နေရတာ၊ ဒင်း လာနိုးနိုး လာနိုးနိုးနဲ့၊ ထမင်းဝိုင်းပြင် စောင့်နေမိတာပဲ။ နေ့လယ်ကတော့ မိဝိုင်းစိန် ကုန်စုံဆိုင်ဘက်ရောက်လို့ ဒင်းအကြောင်း လှမ်းမေးမိပါသေးတယ်။ မိဝိုင်းစိန်က ဟို့ဘက်ရပ်ကွက်က လမ်းဆုံမှာ ကင်းစောင့်ဖို့ အဖွဲ့ဝင်လိုက်ပြီတဲ့။ အခုဆို သူ ဟိုမှာပဲ ရှိမှာပေါ့တဲ့။
အို … ဘုရားလား မိုးကြိုး … ဒင်းက လူရာသူရာ ဝင်ချင်နေပြီထင်တယ်။ ထားပါတော့ လူဆိုတာ လူမှုရေးတော့ရှိရမယ်လေ။ ဟိုဘက်ရပ်ကွက် လမ်းဆုံဆိုတာလည်း ကျုပ်အိမ်နဲ့က အရမ်းဝေးတာမှ မဟုတ်ဘဲ။ မျက်စေ့တဆုံး လှမ်းကြည့်ရင် မြင်နေရတာ။ ဒင်း အဝတ်အစားလဲဖို့တော့ ပြန်လာဦးမှာပါ။
အင်း … ဒင်း သူများလို လူလူသူသူနေပြန်တော့ တမလွန်ရောက်သွားတဲ့ လင်တော်မောင်ကို တိုင်တည်ပြီး ပီတိဖြစ် မိပါရဲ့။
“ကိုတောက်ခဲရေ … ရှင့်သားတော့ ဘုရားဖြစ်မယ့် အုတ်နီခဲလက္ခဏာ ပြနေပြီထင်တယ်”
**********
ကျုပ်မှာ ရှားရှားပါးပါး သားလေးတယောက်ပဲ ရှိတာမို့ မိဘအိမ်မှန်း ယာမှန်းမသိလည်း ပေပေတေတေ သားလေးကို ချစ်နေရတာပါပဲ။
ချစ်ဆို ကျုပ်က မအေကိုး။ မအေဆိုတော့လည်း ကိုယ့်အသွေးအသားအရတော့ ရတာပဲနာနာ၊ နာပြီးမှပဲရရ သားဆိုးမိ တဖားဖား အချစ်က ပိုနက်တယ်လို့ ကျုပ်ထင်တာပဲလေ။ မိဘအချစ်က သားသမီးအပေါ်မှာ ဘယ်ကုန်ခမ်းတယ်လို့ ရှိပါ့မလဲ။ အခုကြည့်စမ်း၊ သောက်သောက်စားစား ကင်းသမားကြီး၊ သူက အကြီးအကဲတယောက်လို ကင်းမှာ ကွပ်ကဲနေရသတဲ့။ အိမ်ကိုလည်း နှစ်ရက်သုံးရက်လောက်ကြာတခါ ပေါက်ချလာပြီး အဝတ်အစားလဲ ကင်းတဲပြန်ထွက်တာမျိုးတွေနဲ့၊ နိုင်ငံအကျိုး ရပ်အကျိုး သယ်ပိုးနေပြီ။ ဒါပေမယ့်လည်း စိတ်ပူရတယ်။ ကင်းဆိုတာ လမ်းသရဲ၊ လမ်းတစ္ဆေတွေ ကျင်လည်ကျက်စားတဲ့ရန်ကို ကာကွယ်တာလေ။
ဘယ်လမ်းသရဲမှာ ဓား လှံပါမယ် မပါဘူးဆိုတာ ဘယ်သူကသိမလဲ။ အန္တရာယ်ဆိုတာက မျက်လှည့်လိုပဲ ခနအတွင်း တဘဝကူးပြောင်းတာမျိုး။ ဘာပြောပြော ဒီလိုကာလမှာ ကိုယ့်ရပ်ကိုယ့်ဇာတ်ကလေးကို ရန်အသွယ်သွယ်က ကာကွယ်ပေးနေတဲ့ ကျုပ်သားအတွက် ကျုပ် ဂုဏ်ယူမိတာ အမှန်ပဲ။
အသောက်အစားရှိရင်လည်း လူမှုရေးအရ သောက်စားနေတယ်လို့ ကျုပ်က နားလည်ပေးနေရတာပေါ့။ အလွန်အကျွံမဖြစ်ဖို့တော့ ကျုပ်က တွေ့ရင်တွေ့သလို ခပ်ဆတ်ဆတ် ကဘောက်တိကဘောက်ချာ ပြောခဲ့တာမျိုးတော့ရှိပါ့။ အမေကို တော့်။
********
တလကျော်လောက်တော့ ကင်းမှာ လူစိမ်းတွေ ဝင်ထိုင်စောင့်နေတယ်။ ရပ်ကွက်ထဲက ကျုပ်မြင်နေကျ လူငယ် လေးတွေ မဟုတ်ဘူး။ အခုတလော လူငယ်လူကြီးတချို့ ဟို့ဘက်ရပ်ကွက်မှာရော ကျုပ်တို့ရပ်ကွက်မှာပါ ပျောက် ချင်းမလှပျောက်နေကြတာ သတိထားမိပေမယ့် တခါမှ တယောက်ကိုမှ မမေးဖြစ်။
ကျုပ်သားကလည်း ဒီတလောအတွင်း အိမ်ကိုလာတာ အဝတ်လာလဲတာ မရှိဘူး။ ရပ်ကွက်ထဲမှာလည်း ဟိုသတင်း ဒီသတင်းကြောင့် လူတွေကလည်း တထိတ်တလန့်နဲ့ အရင်လို တက်ကြွမှုတွေ ဆိပ်သုဥ်းနေသလို ထင်ရတယ်။ လူတယောက်နဲ့ တယောက်ကလည်း သံသယမျက်ဝန်းတွေနဲ့ နင့်အိမ် သူလည်တာ သူ့အိမ် နင်လည်တာမျိုးလည်း မရှိကြတော့ဘူး။
တီဗွီသတင်းတွေထဲမှာတော့ လမ်းသရဲတွေကို ငရဲလမ်းမှာ မီးတုတ်နဲ့လိုက်တဲ့သတင်း၊ ဟိုအိမ်ကို သူခိုးတက် ဒီအိမ် ကို ဓားပြဝင်တဲ့သတင်းတွေက ကျယ်ကျယ်လောင်လောင် ကြားရမြင်ရတော့ ကျုပ်နှလုံးတွေ မငြိမ်ပါဘူး။ ဒါဆို ကျုပ်သားက ဘယ် သဝေထိုးနေပြန်မလဲ။ ခေတ်ပျက်ထဲမှာ ကျုပ်ကို တယောက်တည်း အားလုံးပစ်သွားကြပြီလား။
ကျုပ်သား ဘယ်နားမှာရှိတယ် ဆိုတဲ့သတင်း အစအနမသိရတဲ့နေ့ကစ ကျုပ် အားငယ်စိတ်တွေ ဝင်လာတယ်။ သားသမီးဇောနဲ့ စားမဝင် အိပ်မပျော်တော့ ကျန်းမာရေးလည်း ခြူခြာလာတယ်။ ညတွေဟာ ကျီးဆိုးရဲ့ကျိန်စာတိုက်သံ ပဲ့တင်ထပ်နေသလိုပါပဲ။
အိပ်ပျော်သွားတဲ့ ညတွေဆို ရတဲ့အိပ်မက်တွေကလည်း ထိတ်လန့်စရာ။ သားပျောက်လို့ရှာရင်း ညောင်ပင်ကြီးအောက် ရောက်လာတယ်။ အဲဒီ ညောင်ပင်ကြီးပေါ်မှာ ကျီးမည်းတကောင်က ဆိုးဆိုးရွားရွား ထိုးအော်လို့။ ကျုပ် ကို ယောက်ျားတယောက်ယောက်က လက်ပြခေါ်နေသလို ထင်ရတယ်။ ပြီးတော့ အုတ်ဂူတွေရှိတဲ့ ဇရပ်ဘက်ကို ဝင်သွားတယ်။ ဘယ်သူဘယ်ဝါဆိုတာ ကျုပ်မသိပါဘူး။ ကျုပ်လည်း ကြောက်ကြောက်နဲ့ လှည့်ပြန်ပြေးတော့မှ အိပ်ယာကနိုးလာပြီး အသက်ကိုဝဝရှူရင်း ဘုရားစင်ပေါ်ကရေကို အငမ်းမရသောက်ခဲ့ပြီး အဲဒီအိပ်မက်အကြောင်းတွေးမိတော့ ကျုပ်ပါးပြင်ထက်မှာ မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်။
ကျုပ်သားက ဘယ်ငရဲလမ်းမှာရှိနေလဲ။ ဘယ်လမ်းသရဲ၊ စုန်း၊ ကဝေတွေက မြှူဆွယ်ပြုစားပြီး ဘယ်တောတောင် ကို မျက်လှည့်ပြသလို ဝှက်ခေါ်သွားကြသလဲ။ ဘယ်သူမှမရှိတဲ့ အဲဒီအမှောင်ထဲမှာ ကျုပ် နေမပျော်ပါဘူး၊ ကျုပ် ငြိမ်းချမ်းချင်တယ်။
Jan. 1. 2025
Be the first to comment