– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
‘တာထွက်မကောင်းတဲ့ဆင်ဖြူရှင်’
သြဂုတ်လကုန်ပိုင်း (၂၉ ရက်နေ့) က TNLA ကို တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ် (ရွှေလီ) ဘက်က ခြိမ်းခြောက်စာပို့တဲ့ စာအတုသတင်းဟာ တော်လှန်ရေးအင်အားစုတွေအတွင်း တရုတ်ဆန့်ကျင်ရေးကို မီးထပ်ထိုးပေးခဲ့ပြီး ခုတော့ ငြိမ်သက်သွားတာ တွေ့ရတယ်။
စက်တင်ဘာလဆန်း (၃ ရက်နေ့) မှာ လူကြိုက်များတဲ့ သတင်းတခုက ဒုချုပ်စိုးဝင်း ဆင်ဖြူရှင် စစ်ဆင်ရေးအတွက် မန္တလေးကိုရောက်လာချိန်မှာ တော်လှန်ရေးတပ်တွေက နန်းတွင်းကို ရှေ့ာတိုက်ဒုံးတွေနဲ့ ပစ်ခတ်ကြိုဆိုခဲ့ကြတယ်ဆိုတဲ့သတင်းပါ။ ခုရက်ပိုင်းအတွင်း (စက်တင်ဘာ ၄ ရက်နေ့) မှာ စကစဘက်က မြောက်ပိုင်း ၃ ဖော်ကို အကြမ်းဖက် အဖွဲ့တွေအဖြစ် ကြေညာခဲ့တာဟာ တရားဝင်မှုမရှိသလို တရုတ် ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေတဲ့ အပစ်ရပ်ရေးကို စကစဘက်က လက်မခံတဲ့သဘောလို့ အေအေဘက်က သုံးသပ်လာတာလည်း တွေ့ရတယ်။
သိပ် လူပြောမများပေမယ့် သတင်းဌာနတချို့မှာ ဖော်ပြလာတဲ့သတင်းတခုက ဝ တောင်ပိုင်းတပ်က ပြည်ပရောက်နေတဲ့ (လာအိုဘက်မှာ အလုပ်သွားလုပ်နေတဲ့) ဝတွေကို ပြန်လာဖို့ ဆင့်ခေါ်တဲ့စာဖြစ်တယ်။ တပ်သားသစ် ၄,၀၀၀ လောက် ခေါ်ယူစုဆောင်းဖို့လို့ ဖော်ပြထားတာတွေ့ရတယ်။
‘TNLA သို့ စာအတု’
စာတွေထုတ်တယ်၊ တိုက်ပွဲတွေရပ်ဖို့ စေ့စပ်ဆွေးနွေးဖို့ ကြိုးစားတယ်ဆိုတာက တော်လှန်ရေးဘက်က စစ်ရေးအရ ကောင်းကောင်း အသာစီးရလာတဲ့နောက်ပိုင်း ကြားရတတ်တဲ့သတင်းဖြစ်လို့ မထူးဆန်းပေမယ့် ဘယ်သူက စာအတုထုတ်ပြီး TNLA ဆီ ပို့တယ်ဆိုတာက စဥ်းစားစရာဖြစ်တယ်။
မြောက်ပိုင်း ၃ ဖော်မှာ TNLA ကိုမှ ရွေးပို့ရတဲ့ အကြောင်းရင်းတခုက ၁၀၂၇ ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ မန်းကိုဆက်လိုက်မယ့် အင်အားစုဟာ TNLA ပဲရှိတာလို့ သုံးသပ်မိလို့ ဖြစ်နိုင်တယ်။ တပြိုင်နက်တည်းမှာ ဒီလိုခြိမ်းခြောက်တဲ့အရေးအသားဟာ အနှေးနဲ့အမြန် ပေါ်မှာပဲဆိုတာသိလျက်နဲ့ တမင်လှုံ့ဆော်ရေးသားတာဟာ ဝမ်ယီခရီးစဥ်နဲ့ အစည်းအဝေးတွေနောက်ပိုင်း ပေါ်ထွက်လာတဲ့ တရုတ်ဆန့်ကျင်ရေးမီးကို တော်လှန်ရေးအင်အားစုတွေအတွင်း ဆက်လက် တောက်လောင်စေလိုတယ်ဆိုတဲ့ သဘောလည်း ဖြစ်နိုင်တာကို တွေ့ရတယ်။ TNLA ဘက်က ဒီစာကိုဘယ်ကနေဘယ်လို ရရှိတယ်ဆိုတာမျိုး သတင်းဌာနတွေက မေးမြန်းနိုင်ခဲ့မယ်ဆိုရင်တော့ ဘယ်သူကပေးတာလည်းဆိုတာနဲ့ ရည်ရွယ်လိုရင်းကို ပိုပြီးတိကျအောင် ခန့်မှန်းနိုင်မယ်လို့ ယူဆရတယ်။
‘အကြမ်းဘက်အဖွဲ့ကြေညာချက်’
အေအေပြောခွင့်ရပုဂ္ဂိုလ်က စကစရဲ့ အကြမ်းဖက်အဖွဲ့ ထုတ်ပြန်ချက်စာကို ထင်မြင်ချက်နှစ်မျိုး ပေးခဲ့တယ်။ ပထမအချက်က သူတို့ကိုယ်သူတို့ အစိုးရလို့ ဆက်လက် သတ်မှတ် ဖော်ဆောင်လိုတဲ့သဘောနဲ့ ဒုတိယအချက်က တရုတ် ကြားဝင်မယ့် အပစ်ရပ်စေ့စပ်ရေးတွေကို လက်မခံလိုတဲ့သဘော ဆိုပြီးဖြစ်တယ်။ ပထမထင်မြင်ချက်ဟာ ဂရုပြုစရာမလိုတော့တာတွေ့ရပြီး ဒုတိယထင်မြင်ချက်က TNLA ကိုပို့တဲ့စာအတုဟာ စကစနဲ့ ဆက်စပ်မှုမရှိဘူးလို့ ကာထားချင်တဲ့သဘောလား စဥ်းစားစရာဖြစ်စေတာ တွေ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စကစဟာ လက်လွှတ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်တိုက်ဖို့ ကြိုးစားနေမှာပဲဆိုတာ အရင်က မြဝတီ၊ လားရှိုးတို့မှာ တွေ့ခဲ့ရသလို လက်တလော လွိုင်ကော်နဲ့ ကချင်ဘက်ကို ထိုးစစ်ဆင်တဲ့ မိုးမောက်စစ်ပွဲမှာ တွေ့ကြရမှာဖြစ်တယ်။ နောက်ဆုံး ဖိတ်ခေါ်ပြီး စကစမတက်လို့ ပျက်သွားတဲ့ ဟိုင်ဂင်ဆွေးနွေးပွဲနဲ့ ရုရှားကို ဝင်တိုက် ပေးဖို့ ဖိတ်ခေါ်တဲ့အချက်တွေက သက်သေဖြစ်တယ်။ ဒါကြောင့် တရုတ် (ဝမ်ယီ) တားဖို့ ကြိုးစားတဲ့ စည်း ၃ စည်း (နိုင်ငံရပ်ခြားတပ်တွေ မြန်မာပြည်တွင်းဝင်ပြီး မစွက်ဖက်ရေး) ဟာ တော်လှန်ရေးအင်အားစုတွေ အပေါ်မှာသာမဟုတ် စကစကိုလည်း သွယ်ဝိုက်ထိန်းချုပ်လိုတဲ့သဘော သက်ရောက်တယ်လို့ ယူဆရမှာဖြစ်တယ်။
တရုတ်ဟာ ရေရှည်မှာ စကစ စစ်ရှုံးမှာကို သဘောပေါက်သလို ပြန့်ကားကွဲထွက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို မစုစည်းနိုင်တဲ့ NUG ကိုလည်း တရားဝင်ထောက်ခံခဲ့ရင် စကစကို အိန္ဒိယနဲ့ ရုရှားရင်ခွင်ထဲ ထည့်ပေးတာကလွဲလို့ သိပ်အကျိုးမရှိလှဘူးလို့ ယူဆထားပုံပေါ်တယ်။ ဒီတော့ အားလုံးအတိုက်ရပ်နဲ့ (စေ့စပ်ညှိနှိုင်းခိုင်းလို့ မရမယ့်အတူတူ) ရွေးကောက်ပွဲဆိုတာကို ဇွတ်အတင်းလော်နေတဲ့ သဘောဖြစ်တယ်။
‘ဝ တောင်ပိုင်း’
ခု စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ ဝတောင်ပိုင်းက မြောက်ပိုင်းမှာရှိတဲ့ ဝတပ်တွေကို အင်အားဖြည့်ပေးရလို့ (မြောက်ပိုင်းတပ်တွေ တန့်ယန်းနဲ့ လားရှိုးဘက်တွေမှာ သွားပြီး နေရာယူပေးရတာကို ဆိုလိုတယ်) လျော့နည်းသွားတဲ့ အင်အားအတွက်လို့ အကြောင်းပြတယ်။ ရှမ်းတောင်ပိုင်းကို ဝတပ်တွေ ရောက်လာတာဟာ ၁၉၉၀ နောက်ပိုင်းဖြစ်ပြီး အဲအချိန် က နဝတဘက်ကလည်း ခွန်ဆာကို တိုက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သဘောတူခဲ့တာဖြစ်တယ်။
ခွန်ဆာလက်နက်ချအပြီး ကျန်ခဲ့တဲ့ RCSS ရဲ့ဌာနချုပ် (လွယ်တိုင်းလျှံ) နဲ့ ဝတောင်ပိုင်းဌာနချုပ် ပုံပါကျင် (မိုင်းကျွတ်) ဟာ ကပ်လျက်ပဲဖြစ်တယ်။ ဗကပလက်အောက်မှာ အနေကြာခဲ့ဖူးတဲ့ ဝတွေက တောင်ပိုင်းကို အမှတ် ၁၇၁ စစ်ဒေသလို့ သတ်မှတ်ခေါ်ဝေါ်တယ်။ ဝမြောက်ကော ဝတောင်ပိုင်းဟာ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာရှိပြီး စစ်တပ် တခါအာဏာသိမ်းတိုင်း အင်အား တခါတိုးချဲ့နိုင်တာကို တွေ့ရတယ်။ ၈၈ အာဏာသိမ်းအပြီး ဝတပ်တွေဟာ မြောက်ကနေတောင်ကို ဆင်းလာနိုင်သလို ၂၀၂၁ အာဏာသိမ်းအပြီး သံလွင်အရှေ့ကနေ အနောက်ကို ရှမ်းမြောက်မှာ ကူးလာနိုင်ခဲ့ပြီဖြစ်တယ်။
ရှေ့လတွေမှာ ရှမ်းမြောက်နဲ့ ရှမ်းတောင်ဟာ တော်လှန်ရေးအရ တဆက်တည်း ဖြစ်လာနိုင်ခြေတွေရှိတယ်။ ရှမ်းတောင်မှာကော ဝတပ်တွေဟာ သံလွင်အနောက်ကို ဝင်ထိန်းဖို့ အခြေအနေတွေ ပေးလာဦးမလား။
Be the first to comment