
“ဟေ့ယောင်ရေ”ဘဒ္ဒ
ဟေ့ယောင်ရေ
တကယ့်သိုင်းလောကအစစ်နဲ့ ငါတို့သိုင်းလောက အတော်ကွာခြားတာပဲကွာ။
ငါ့မှာ သူတို့ကို အားအကျဆုံးတချက်ရှိတာ သူတို့က ထမင်းဟင်းချက်စားတာ တခါမှမတွေ့ရဘူး။
ဘာအလုပ်အကိုင်မှလည်း မည်မည်ရရမရှိကြဘူး။
လိုတာရှိရင် သူတို့သိုင်းဝတ်စုံလက်ပွထဲက ထုတ်လိုက်တာပဲ။
ငွေတုံးလည်းရှိတယ်။ ရွှေတုံးလည်းရှိတယ်။
စကြ်ာပုံစံ ဆိပ်လူး လက်နက်ပုန်းလည်းထွက်လာတာပဲ။
အင်္ကျီလက်ပွက ကြည့်တော့သာ ဘာမှမဟုတ်တာ လိုတာအကုန်ထည့်ထားလို့ရတယ်။
သိပ်လည်းစားကြတာမမြင်မိဘူး။ အရက်တော့ အိုးလိုက်မော့တာပဲ။ စက္ကူဖတ်အနီကို လက်နဲ့ထိုးခွဲပြီးရင် အယိုယိုအဖိတ်ဖိတ် သောက်ကြတော့တာ။
တခါတလေ ထမင်းဆိုင်မှာစားနေရင်း ရန်သူကို တူနဲ့ပစ်လိုက်လို့ နဖူးမှာစိုက်သွားတာမျိုးဆို တယ်သဘောကျတာ။
ကိုရီးယားသိုင်းလောကနဲ့မတူဘူး။ ကိုရီးယားသိုင်းသမားတွေကျတော့ အစားအတော်စားကြတယ်။
သူတို့ ချက်စားဝယ်စား။ ဒီတချက်တော့ ငါတယ်မကြိုက်ဘူး။ဝယ်စားတာထားတော့ ချက်တာက အမယ်မယ် အမျိုးမျိုး။ ကြက်ဥတောင် ကိုယ့်လို ဒယ်အိုးထဲ ဂွတ်ဆို ထည့် ကြော်တာမဟုတ်ဘူး။
တူလေးနဲ့ လှတပတ အလိတ်လိုက်လေး ရေညှိလေးပတ် ငါ့မှာ စားချင်လို့လိုက်လုပ် အချိုးမကျ၊
စားတော့သာ တူလေးနဲ့ ဟင်းရည်သောက်မှ အမျိုးမျိုး၊ ပဲပိစပ်ဟင်းရည်၊ ဂျီဂဲဟင်းရည်၊ ငါးနီတူဟင်းရည်၊ ပဲပင်ပေါက်တောင် အကောင်းအကန်းလုပ်ပြီး ဟင်းရည်သောက် လုပ်စားပြနေတာ မြင်မဟုတ်လား။
ငါက အချက်အပြုတ်မှာ ဘိတ်ချီးဆုကို တံခွန်စိုက် ပိုင်ဆိုင်ထားရသူမို့ အတော်မျက်နှာငယ်တာ။
ဒါပေမယ့် ဟေ့ယောင်ရယ် ဂဏန်းငပိကောင်ဆိုတာတော့ ငါအတော်စိတ်ဝင်စားသကွ။
ကိုရီးယားသိုင်းလောကလည်း ရှုတ်ထွေးပေမယ့် တိုက်ကွက်တွေ အစွမ်းထက်တာတော့ တရသိုင်းသမားတွေလိုပါဘဲ။
မိုးပေါ်ကိုပျံပြီး မြေပြင်အကျဆိုရင် ကိုရီးယားက တရတွေကိုမမီဘူး။
တရက မြေပြင်ပေါ်ပျံဝဲ အကျမှာ ဝတ်ထားတဲ့သိုင်းဝတ်စုံ တလွင့်လွင့် လွင့်နေတာ၊ ခေါင်းမှာစည်းထားတဲ့ ပိုးကြိုးရဲ့အလွင့်ကိုက ကဗျာဆန်ဆန် လှပလွန်းတယ်။
ဘယ်လိုဖြစ်ဖြစ် သိုင်းလောကအစက တရကဘဲ။ ဘယ်တုန်းထဲက ဘာသိုင်းရှိရှိ၊ ငါကတော့ တရသိုင်းဘဲ။
ဂျပန်သိုင်းလည်း ရှိသေးတယ်ဟေ့ယောင်။ ငါတော့ တယ်စိတ်မရှည်ဘူး။
ကင်ဒိုကြီး မြေကြီးမှာထောက်ပြီး ပတ်နေတာ မပြီးဘူး။ လဲကျတော့မှ ဪ ထိသွားပါလား သိရ၊ ပညာမပါဘူး။
အိန္ဒိယသိုင်းတော့ စိတ်ကုန်တယ်၊ ဧရာမဗလကြီးတွေနဲ့ သိုင်းသမားတွေဟာ ဧရာမတူတွေ လှံတွေနဲ့ချတာ မြင်ရတာ အတော်ပင်ပန်းတယ်၊ ဖုတ်အလူးလူး သဲအလူးလူး။
တရသိုင်းသမားက လာထား။ တယောက်ထဲနဲ့ တသောင်းဗိုလ်ချေ ညက်ညက်ကြေ၊ ငါက ဒါမျိုးမှကြိုက်တာ၊ သိုင်းဝတ်စုံတွေများ ဖြူဖွေးနေတာပဲ၊ ဘာဆပ်ပြာမှုန့်သုံးလဲတောင် သိချင်မိတယ်။
နံချပ်ကူ စံချပ်ကူ ဘာမှတ်တုန်း၊ အဖေ့ ပက်လက်ကုလားထိုင်ဖျင်က ဒုတ်ကိုဖြုတ် ကြိုးနဲ့ပတ်ပြီးကျင့်ရတာ၊ ကိုယ့် ခေါင်းကိုယ်ပြန်ဆော်မိလို့ ဘုထွက်တာအပြင် ဖေဖေက ပက်လက်ကုလားထိုင်ဖျင်တပ်တဲ့ ဒုတ်ကိုဖြုတ်ပြီး အသာလေးထားတာမသိတော့ ထိုင်မိလို့ ပြုတ်ကျတာကရှိသေး
ကျိုက္ကခေါက်ဘုရားပွဲက ငွေမင်သုတ် သစ်သားဓါးတချောင်းနဲ့ ဗုဒ္ဓံသရဏံပင်တွေ ဖလံတောင်ဝှေးပင်တွေကို တဝှစ် ဝှစ်နဲ့ အစွမ်းပြရတာ အမော။
နောက်ပြီး တရသိုင်းသမားတွေမှာ ၄၀၁ ရှိတယ်။
အဲဒါကဘာလဲဆိုရင် အနက်ရောင်သိုင်းသမားနဲ့ချလို့ ရှုံးခါနီးမှာ ကယ်တဲ့သူက ရောက်လာတယ်။ သူက အလကားကယ်တာမဟုတ်ဘူး။
သူက ကယ်ပြီးရင် နောက်ဘယ်လောက်ကြာရင် ငါနဲ့တွေ့ပြီး မင်းနဲ့သိုင်းပညာ ရှင်ကြမယ်။ အခုမင်းအဆင့်နဲ့ မယှဥ်သေးဘူးဆိုပြီး ထားသွားတာ။
အဲဒါတခုတော့ ကိုယ်မကြိုက်ဘူး။ ဇာတ်လိုက်က သိုင်းကို အလူးအလဲကျင့်ရတာ။
ကံကောင်းထောက်မစွာ ဂျောက်ထဲကျပြီး နံရံမှာရေးဆွဲထားတဲ့ သိုင်းတွေ အတွင်းအားတွေ ကျင့်၊ အနှစ်တထောင် သူယောင်ဂမုန်း အားတိုးဆေးကို ကံအားလျော်စွာ သွားစားမိပြီး အကျော်အမော်ဖြစ်သွား၊ ချိန်းတဲ့နေ့မှာ ပြိုင်ပြီး အနိုင်ရသွားတာမျိုး။
အတော်တော့ လက်ပေါက်ကပ်တာပေါ့လေ၊
ဘာနေနေ အဖြူရောင်ဂိုဏ်းသား သိုင်းသမားတွေမှာ ရဲဘော်ရဲဘက်စိတ်၊ သိုင်းမောင်နှမတွေအပေါ်မှာ ထားတဲ့သစ္စာတရားတွေက သိုင်းလောကမှာသာရှိတာ။
နောက်ဆုံးမှာ အဖြူရောင်ဂိုဏ်းသားတွေဟာ အနက်ရောင်ဂိုဏ်းသားတွေကို အနိုင်ရသွားတာပါပဲ။
Be the first to comment