အကယ်ဒမီ (သို့) မြန်မာ့ရုပ်ရှင် သင်္ဂြိုလ်ပွဲ

“အကယ်ဒမီ (သို့) မြန်မာ့ရုပ်ရှင် သင်္ဂြိုလ်ပွဲ”
◼️ထောင်စန်း
အကယ်ဒမီပေးပွဲက မခမ်းနားပါ။
မခမ်းနားဘူးဆိုတာ အထက်တန်းမကျတာ။ ဂုဏ်ကျက်သရေ မရှိတာကို ဆိုလိုတယ်။ အကြောင်းရင်းက ပေးတဲ့အဖွဲ့ရဲ့ အသိပညာ အရည်အချင်း၊ ရုပ်ရှင် ပညာကို နားလည်ခံစားနိုင်မှု အရည်အသွေး။ ဘာမှမရှိ။ ဇကာတင်ရုပ်ရှင်များရဲ့ ရုပ်ရှင်ပညာ အရည်အသွေး၊ ရုပ်ရှင် အတတ်ပညာ၊ ရုပ်ရှင် အသိပညာ။
ကြည့်နေရင်း ဝမ်းပမ်းတနည်း လက်ခံလိုက်ရတာက ငါတို့နိုင်ငံရဲ့ ရုပ်ရှင်ဟာ ဆင်ခြေဖုံး ပြန်ဖြစ်ပြီ။ အခြား အာဆီယံကားတွေရဲ့ ခြေဖျားတောင် မမီ။ အာရှအဆင့်၊ မစဥ်းစားနဲ့၊ ကမ္ဘာအဆင့် ဝေလာဝေး။ နောက် တက်လာတဲ့ အနုပညာရှင်ဆိုသူတွေရဲ့ စကစကို ဖားနေမှု၊ စကစ အကြိုက်တွေ့အောင် လုပ်ပြနေမှုက အကယ်ဒမီပေးပွဲကို စင်တင်ဖျော်ဖြေပွဲ ဖြစ်စေတယ်။ အကယ်ဒမီအဆင့်အတန်း ကင်းမဲ့စေတယ်။ အကယ်ဒမီပေးပွဲဟာ ရုပ်ရှင်ပညာသည် တွေ စုဝေးနေတဲ့ လေးနက်တဲ့ပွဲမဟုတ်ဘဲ တိုင်းမှူးတယောက်လာကြည့်လို့ ကပေးရတဲ့ အပေါစား ပြဇာတ်ဆန်နေတယ်။ အဲဒီပွဲမှာ ကျနော်လေးစားရတဲ့ ဂန္ထဝင်ပညာရှင်ကြီးတွေ အများကြီးပါနေတာ ပိုဝမ်းနည်းစရာ။
သူငယ်ချင်းရဲ့စကား ပိုဆိုးတယ်။
“အကယ်ဒမီပွဲကြီးက ကျောင်းမှာ ဆုပေးတဲ့ အတိုင်းကြီးပါလားဟ” တဲ့။ အပြောင်မြောက်ဆုံး စကား။ ကျောင်းရဲ့ ဆုပေးပွဲဆိုတာ အားလုံးဖြတ်သန်းဖူးကြတဲ့အတိုင်း လူကြီးတွေက ကလေးတွေကို ဆုပေးတဲ့ အစဥ်အလာ။ သူတို့သဘောတွေ့တဲ့သူ၊ ကြိုက်တဲ့သူ၊ အခြေအနေအရ ဖြစ်သင့်တဲ့သူ စတဲ့သူတွေကို ပေးတဲ့ ပုံစံ။
ကျနော်တို့ဆီက ပြိုင်ပွဲအားလုံးနီးပါးဟာ အဲ့ဒီအတွေးအခေါ်နဲ့ သွားခဲ့ကြတယ်။ ငယ်စဥ်ကျောင်းသားဘဝကနေ တချို့တွေဆို သေတဲ့အထိ ပါသွားတဲ့ အတွေးအခေါ်။ တယောက်ယောက်၊ တဖွဲ့ဖွဲ့ ကြိုက်အောင် အမြဲတမ်း လုပ်ပြနေရတဲ့ အခြေအနေ။ ဘယ်သူက ပါဝါရှိလဲ၊ ဘယ်သူက အဓိကဆုံးဖြတ်ပေးတဲ့သူလဲ၊ အဲဒီလူကြိုက်အောင် လုပ်နိုင်ရင် ဆုရပြီဆိုတဲ့ အခြေခံအတွေးအခေါ်။
အဲဒီကနေ လာဘ်ထိုးခြင်း၊ ကပ်ဖားခြင်း၊ အချင်းချင်း ခြေထိုးပြီး နင်းတက်ခြင်း စတဲ့ အောက်တန်းစား အတွေးအခေါ် အမူအကျင့်တွေ ရလာတယ်။ အဲဒါ အတတ်ပညာ၊ အသိပညာ တိုးတက်စေတဲ့ လုပ်ရပ်မျိုးမဟုတ်။ ဆုပေးတဲ့သူ (သို့) ဆုပေးတဲ့အဖွဲ့ရဲ့ အသိဉာဏ်အပေါ် မူတည်ပြီး ဆုံးဖြတ်တဲ့ အနေအထား။
ဒါမျိုးကို ပညာရပ်ဆိုင်ရာ နယ်ပယ်တွေမှာ ယူသုံးလို့မရ။ ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေကို ပညာရှင်တွေပဲ ဆုံးဖြတ်ရတယ်။ မကျွမ်းကျင်သူ။ နားမလည်သူ ဝင်စွက်လို့မရ။ Master Chef ပြိုင်ပွဲကို Chef အတတ်ပညာ နကန်းတလုံး နားမလည်သူက ဘယ်သူ အနိုင်ရသင့်တယ်၊ အနိုင်မရသင့်ဘူး ဝင်ဆုံးဖြတ်ပေးလို့ မရ။
မြင်းထိန်း ငတာ ဇာတ်လမ်းကို သတိရပါတယ်။ ယောအတွင်းဝန် ဦးဘိုးလှိုင်ဆိုတာ ကျမ်းတွေပြုစုနေတဲ့ ပညာရှင်။ တနေ့မှာ လက်ဝဲရေကြောင်းဗိုလ်မင်းအိမ်က မြင်းထိန်းသော ငတာဆိုတဲ့ ငတိက ဦးဘိုးလှိုင်ရေးသားတဲ့ ဝိမုတ္တိရသကျမ်း၊ ကာယာနုပဿနာကျမ်း၊ ဥတုဘောဇနကျမ်းတွေကို အလှူ၊ မသာရှိရာတို့မှာ ချီးမွမ်းခန်း ဖွင့်နေကြောင်း ဦးဘိုးလှိုင်၏ အိမ်ဦးစာရေးက ပြန်လျှောက်တယ်။ ဦးဘိုးလှိုင်ကြားတော့ ငတာ့ကို ခေါ်ခိုင်းပြီး ဒေါင်းဒင်္ဂါး ၁၆ ပြား ထုတ်ပေးပြီး –
“ဟဲ့ ငတာ … ရော့ … ဒီငွေနဲ့ မောင်မင်း ပုဆိုးဝယ်ဝတ် … နောက်ကို ငါရေးတဲ့ကျမ်းတွေကို မချီးမွမ်းနဲ့ လူတိုင်းကိုလည်း ဖတ်ဖို့ မတိုက်တွန်းလေနဲ့” လို့မှာတယ်။
မြင်းထိန်းငတာက “အဘယ်ကြောင့်နည်းဘုရား” ဟု ပြန်လျှောက်တော့ –
“နင်မှ စာမတတ်တာ … နင့်လိုကောင်က ချီးမွမ်းလျှင် ငါပါ ပစ်ရတော့မည်။ မတတ်တဲ့ကောင်က ချီးမွမ်း ပြောဆိုခြင်းမှာ ငါ့ကို သတ်သည်နှင့်တူသည်။ နောက်နောင် ဘယ်တော့မှ မပြောနဲ့။ ခွေးမသား မှတ်သွား” ဟု ဆုံးမလိုက်ရတဲ့အဖြစ်။ ရုပ်ရှင်ကို နကန်းတလုံး နားမလည်တဲ့သူ၊ ရုပ်ရှင်ကို ဘာကြောင့် ကောင်းရတာလဲ၊ ဘာကြောင့် မကောင်းရတာလဲဆိုတဲ့ ရုပ်ရှင်အရသာကို မသိတဲ့သူ၊ ထို မြင်းထိန်း ငတာများက ပေးတဲ့ဆုကလည်း အနုပညာရှင်များကို သတ်တာနဲ့ ဘာမှမခြား။
ဒါဆို ထင်ရှားတဲ့ နိုင်ငံတကာဆုပေးပွဲတွေက ဘယ်လို အတွေးအခေါ်အခြေခံနဲ့ ပေးလဲ။ အသိအမှတ်ပြုခြင်း၊ လေးစားဂုဏ်ပြုခြင်းနဲ့သွားတယ်။ ဒီလူဟာ ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတာ အတော့်ကို ပြောင်မြောင်တယ်၊ ပညာရှင်ပီသတယ်၊ ဒီဇာတ်ကားမှာ ဒီလူရဲ့ပညာကို အသိအမှတ်ပြုသင့်တယ်၊ ဂုဏ်ပြုသင့်တယ်။ ဒီတော့ ရုပ်ရှင်ပညာသည်ကြီးတွေက စုပြီး တိုင်ပင်တယ်။ တခြား ဒီလူလိုပဲ တော်တဲ့လူတွေကလည်း အမြောက်အမြား။ အဲဒီ အထဲက ရွေးချယ်ပေးတယ်။
“Winner” အနိုင်ရရှိသူ ဖြစ်တယ်။ လိမ္မာလို့၊ သူတို့အကြိုက် ဝတ်စားလို့၊ သူတို့အကြိုက် ဒိုင်ယာလောဂ့်တွေ ပြောလို့၊ သူတို့နဲ့ရင်းနှီးလို့၊ ဘယ်သူ့အမျိုးမို့၊ ဘယ်သူနဲ့သိလို့၊ ဘယ်လောက်ရထားလို့ မဟုတ်။ အရပ်ရှည်လို့၊ အရပ်ပုလို့၊ အသားဖြူလို့၊ အသားမည်းလို့ မဟုတ်။ ထိုသူရဲ့ အတတ်ပညာကို၊ အတတ်ပညာစံနူန်းနဲ့သာ တိုင်းတာကြည့်တယ်။ ထိုအတတ်ပညာကိုသာ ပေးတယ်။
ကမ္ဘာက ထင်ရှားတဲ့ပွဲတွေမှာ ပေးတဲ့စံနူန်းသာ မတူတာရှိမယ်။ ရွေးချယ်တဲ့ အခြေခံအတွေးအခေါ်က ဒီလိုပဲ သွားတယ်။ ဒိုင်တွေက ဘယ်လိုရွေးလဲ။ ဒိုင် တွေဆိုတာက ရုပ်ရှင်ကျောင်းက ပါမောက္ခတွေ၊ ဝါရင့် ရုပ်ရှင်ဆရာကြီးတွေ၊ ဝေဖန်ရေး ပညာရှင်တွေ၊ သရုပ်ဆောင်ပညာ၊ ဒါရိုက်တာပညာ၊ ဇာတ်ညွှန်း၊ အသံဖမ်း၊ အရုပ်တည်းဖြတ် စတာတွေကို အထူးပြု လေ့လာနေတဲ့သူတွေ ဖြစ်တယ်။ ဆိုတော့ သူတို့ရဲ့ ရုပ်ရှင်ကို သိမြင်နိုင်မှု၊ ခံစားနိုင်မှု၊ ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ ဝေဖန်နိုင်မှု၊ ရုပ်ရှင်ပညာကို ကျွမ်းကျင်မှုက အများကြီး အဆင့်မြင့်တယ်။ သူတို့က ဒီပညာရပ်တွေကို နှစ်ရှည်လများ လေ့လာခဲ့တဲ့သူတွေ။ အဲဒီလို လူတွေကိုတောင် ခံစားရအောင်၊ အသိအမှတ်ပြုရလောက်အောင် ကျွမ်းကျင်တဲ့ အနုပညာရှင်မို့ မဖြစ်မနေ အသိအမှတ်ပြုပေးရတာ ဖြစ်တယ်။
နောက်တခုက ဒီလူတွေက ဘာလို့ ဒီလောက် ရုပ်ရှင်ပညာကို ကျွမ်းကျင်သွားရတာလဲ။ ဘယ်နည်းစနစ်တွေကို သုံးလိုက်တာလဲ။ ပုံမှန် ဝမ်းနည်းတာကို သူက ဘယ်လိုသရုပ်ဆောင်သွားလဲ။
ဥပမာတခုပြောရရင် ကျော်ဟိန်းရဲ့ အတွေးအခေါ်။ ဒါရိုက်တာက ပြတင်းပေါက်ပေါ် လက်ထောက်ပြီး မိန်းမကို လွမ်းခိုင်းတာကို ငြင်းတယ်။ ငရုတ်သီးထောင်းပြီး လွမ်းပြရင်ရော မရဘူးလားဆိုတဲ့ အသိပညာ။ ငရုတ်သီးထောင်းရင်း ပရိသတ်ထိအောင် လွမ်းပြတဲ့ အတတ်ပညာ။ ဒါတွေကို အသိအမှတ်ပြုခြင်း ဖြစ်တယ်။ ဒါတွေကို နှောင်းလူတွေက လက်ဆင့်ကမ်းပြီး ဆင့်ပွားတွေးခေါ်ယူ၊ အသစ် ထပ်မံဖန်တီးနဲ့ ဘယ်လောကမဆို တဆင့်ပြီးတဆင့် တိုးတက် မြင့်မားသွားတာဖြစ်တယ်။
ဆုဆိုတာ တိုးတက်မှုရှိဖို့အတွက် ပေးခြင်းသာဖြစ်တယ်။ ဒါ့ကြောင့် တိုးတက်စေမယ့် စံနှုန်းတွေ ချကြတယ်။ စည်းကမ်းတွေ သတ်မှတ်တယ်။ အသိအမှတ်ပြုပေးတယ်။ ပညာရှင်ကို ဝင်မစွက်ဖက်ဘူး။
မြန်မာ့ရုပ်ရှင်က သည်လိုမဟုတ်ခဲ့။ ၁၉၆၂ ကတည်းက သတ်ခဲ့တဲ့ မြန်မာ့အနုပညာလောကဟာ အနုပညာအော်တစ်ဇင်တွေပဲ မွေးထုတ်နိုင်ခဲ့တယ်။ လူကောင်းသူကောင်းတွေ မမွေးနိုင်ခဲ့၊ မွေးခဲ့သည်ရှိသော် သေစေ။
စစ်တပ်က အားလုံး ချုပ်ကိုင်တယ်။ ဝင်စွက်တယ်။ သူတို့ နားမလည်တဲ့ ကိစ္စတွေကို အတင်း ဝင်ပတ်သက်တယ်။ စနစ်ကို ကပြောင်းကပြန်လုပ်တယ်။ နောက် တိုင်းပြည်တခုလုံး သူတို့အကြိုက်ပဲ နေရမယ်ဆိုတဲ့ ရှေးရိုးစွဲ မိဘနဲ့သားသမီး အတွေးအခေါ်မျိုးကို ရိုက်ထည့်တယ်။ ကျနော်တို့ သံမှိုစွဲခဲ့တယ်။ တချို့က သေရာပါခဲ့တယ်။ စစ်တပ်ကကြိုက်တဲ့ ရုပ်ရှင်ပဲ ရိုက်ရမယ်။ စစ်တပ်ကကြိုက်တဲ့ အဝတ်အစား၊ ဇာတ်လမ်း၊ ဟန်ပန်အမူအရာပဲ သရုပ်ဆောင်ရမယ် စတဲ့ ပညာသည်မျိုးတုံးစေတဲ့ လူပြိန်းအတွေးအခေါ်။
ထိုအတွေးအခေါ်ဟာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အခုနောက်ဆုံး တော်လှန်ရေးအထိပါ နက်နက်ရှိုင်းရှိုင်းပါလာတယ်။ အထက်ဖား၊ အောက်ဖိ သံသရာ။ ထိုသံသရာဟာ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံအတွေးအခေါ် ဖြစ်လာတယ်။ စစ်တပ်က မြင်းထိန်းငတာဖြစ်တာမို့ သူတို့အကြိုက်နေရတဲ့အခါ ကျနော်တို့အားလုံး မြင်းထိန်းငတာ ဖြစ်လာတယ်။
ဒီအတွေးအခေါ်ကို ကျနော်တို့ လက်မခံဖို့ လိုတယ်။ ငြင်းပယ်ဖို့ လိုတယ်။ မတတ်သာလို့ လက်ခံလိုက်ရတာမျိုးပဲ ဖြစ်ဖို့လိုတယ်။ ဒါက အမှန်လို့ လက်ခံလိုက်တာနဲ့ ကျနော်တို့ ဘယ်နိုင်ငံမှာနေနေ စကစရဲ့လူ ဖြစ်သွားပြီ၊ စကစကို ထောက်ခံလိုက်မိပြီလို့ မှတ်ရမယ်။
၂၀၂၅ အကယ်ဒမီပေးပွဲဟာ မြန်မာ့ရုပ်ရှင်ကို သင်္ဂြိုလ်ပြတဲ့ အသုဘအခမ်းအနားကြီးတခုမို့ ကြည့်ရှုသူတိုင်း ဝမ်းမသာနိုင်ခဲ့တာ သိကြစေဖို့ပါ။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*