ငွေကြယ်စင်
ချစ်ရွှင် သနား တည်ကြား ကြမ်းကြုတ် စက်ဆုပ် ကြောက်ရွံ့ ရဲဝံ့ အံ့ဩ နောအရသာ ဆိုပြီး ရသကိုးပါးကို မှတ်သားခဲ့ရဖူးတယ်။လူတွေရဲ့ စိတ်ခံစားမှုရသဟာ ကိုးမျိုးရှိသတဲ့။ အဲဒီထဲကမှ ကြောက်ရွံခြင်းအကြောင်းကို တွေးကြည့်မိတယ်။
လူတိုင်းလူတိုင်းမှာ ကြောက်ခဲ့ဖူးတဲ့အရာတွေ ရှိတတ်ကြတယ်။ တချို့က ဖားကလေးတွေကို ကြောက်တယ်၊ တချို့က မြွေကြောက်တယ်၊ တချို့က ခွေးကြောက်တယ်။ ဒါက အကောင်ဗလောင်လေးတွေကို ကြောက်တဲ့ ခံစားချက်။ ကိုယ့်ကို ဘာမှလာမလုပ်ဘဒနဲ့ကို မြင်တာနဲ့ကြောက်တာမျိုး။
နောက်တခုက လျှပ်စီးလက်ပြီး မိုးခြိမ်းသံကြားရင် ကြောက်တယ်၊ အမြင့်ကြီးကနေ အောက်ကို ငုံ့ကြည့်တဲ့အခါ ကြောက်တယ်၊ အမှောင်ထဲမှာ နေရရင် ကြောက်တယ်၊ သရဲဝထ္ထုတွေဖတ်ပြီးရင် ကြောက်တယ်၊ ရေထဲဆင်းရမှာ ကြောက်တယ်။ ဒါကတော့ ကိုယ့်ဖာသာ စိတ်ကူးပြီး ကြောက်တာမျိုး။
ကလေးတွေဆို ကျောင်းမှာ ဆရာရိုက်မှာ ကြောက်တယ်၊ နှိပ်စက်ခံရမှာ ကြောက်တယ်၊ ထောင်ကျမှာ ကြောက်တယ်။
တချို့ကျ ဆင်းရဲမှာ ကြောက်တယ်၊ ကိုယ့်ကိုမချစ်ဘဲ ထားခဲ့မှာ ကြောက်တယ်၊ အထင်လွဲမှာ ကြောက်တယ်၊ လူရှေ့ထွက် စကားပြောရမှာ ကြောက်တယ်။
အကြောက်တရားအားလုံးကို အမျိုးအစားခွဲရင် နှစ်မျိုးပဲရှိတယ်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု၊ အဲဒီနှစ်ခု နာကျင်ရမှာကို ကြောက် ကြတာပါ။ တဦးနဲ့တဦး ကြီးပြင်းရာဒေသတွေ၊ လူမျိုးတွေ၊ ယုံကြည်ရာ ဘာသာတရားတွေ၊ ပတ်ဝန်းကျင်တွေ မတူကြတဲ့အတွက် ကြောက်တဲ့အရာတွေသာ ကွဲပြားသွားကြတာပါ။
အကြောက်တရားဆိုတာ ရှိသင့်ပါသလား။ ငြိမ်းချမ်းတဲ့၊ သာယာတဲ့၊ လူ့အဖွဲ့အစည်းတခုမှာတော့ အကြောက်တရားဟာ ရှိကို မရှိသင့်ပါဘူး။ စိတ်ပိုင်းဆိုင် ရာပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် တစုံတရာရဲ့ ပယောဂကြောင့် မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ သဘာဝဘေးက လွဲလို့ပေါ့။
ကြောက်ရွံ့ခြင်းရဲ့ ဆန့်ကျင်ဘက်က ဘာများလဲ။ ရဲရင့်ခြင်းပဲပေါ့။ တခါတလေမှာ အဲဒီနှစ်ခုဟာ နေရာမှားနေတာမျိုးလည်း ရှိပါတယ်။ မကြောက်သင့်တဲ့နေရာမှာ ကြောက်ပြီး မရဲသင့်တဲ့နေရာမှာ ရဲနေတတ်တာမျိုး။
ကာတွန်းလေးတကွက် ဖတ်ဖူးတယ်။ လူတယောက် ဆိုင်ကယ်မောင်းလာတယ်။ ရှေ့မှာ မော်တော်ပီကယ်ဖမ်းနေတာ တွေ့တယ်။ သူကလည်း လည်တယ်၊ ဖြတ်ကနဲဆို ပြန်လှည့်မောင်းပြေးတာပဲ။ မော်တော်ပီကယ်ကလည်း ခေသူမဟုတ်လေ ဆိုင်ကယ်နဲ့ ချက်ချင်းလိုက်တာပေါ့။ ရှေ့ကမောင်းပြေး နောက်ကလိုက်နဲ့ တော်တော်ဝေးဝေးရောက်တော့ မိသွားတယ်။ ဦးထုပ်က ဆောင်းထားတယ်၊ လိုင်စင်စစ်တယ် ပါတယ်၊ ဝှီးတက်တောင်းတယ် ပါတယ်။မော်တော်ပီကယ်က မောတဲ့အသံနဲ့ မေးတယ်။ မင်းကွာ အစုံပါရဲ့သားနဲ့ မောင်းပြေးရလားတဲ့။ ဟိုကပြန်ဖြေတယ်၊ အကျင့်ပါနေလို့ပါဆရာ တဲ့။
ဖတ်ပြီးပြီးချင်း ပြုံးမိတယ်။ ဒါပေမဲ့ ဒါဟာ ရယ်စရာထက် ပိုပါတယ်။ ကျမတို့တိုင်းပြည်ရဲ့ ပကတိအခြေအနေကို ပြသလိုက်တာပါပဲ။ ကြောက်ကျင့်ပါသတဲ့လား။ ဘယ်လောက်များ ဝမ်းနည်းစရာ ကောင်းလိုက်ပါသလဲ။ ကြောက်တဲ့အကျင့်ကျမှပဲ ပါနေရပါသတဲ့လေ။
အကျင့်ပါတယ်ဆိုတာ ဖြစ်ရပ်တခုကို ထပ်ခါထပ်ခါ လုပ်ဆောင်တဲ့အခါ ရတဲ့ အလေ့အထတခုပါ။ ကျမတို့တွေဟာ ကြောက်ရွံ့ခြင်းကို ထပ်ခါထပ်ခါ ကြုံတွေ့နေရတဲ့ ဘဝမျိုးပဲပေါ့။ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုနဲ့ နေနေရင်းကို ဘယ်အချိန်မှာ ဘာအမိန့်တွေ ကြားရမလဲ ဘာတွေအရေးယူခံရမလဲဆိုတဲ့ ကာလတွေကို အချိန်အကြာကြီး ဖြတ်သန်းခဲ့ရတာလေ။
ပြောကြစတမ်းဆို ယူနီဖောင်းမြင်ရင်ကို အလိုလို ကြောက်နေကြရတဲ့ အဖြစ်မျိုးပါ။ ကျမတို့တွေဟာ လူတွေမပြောနဲ့ တိရိစ္ဆာန်တွေတောင် ကြောက်ရတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ ကျမတို့ဆီက ရွာတွေမှာ ဟင်းစားအတွက် ဈေးရယ်လို့ သတ်သတ်မှတ်မှတ် ရှိကြတာမဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်စားချင်ရင် ကိုယ့်ခြံစည်းရိုး သူ့ခြံစည်းရိုး ဘယ်လိုခူးခူး တနပ်တအိုးရတာပါပဲ။ အသားဟင်းလေးဘာလေး စားချင်ရင် ကိုယ်မွေးထားတဲ့ကြက် ရိုက်သတ်စားကြတာပဲ။ အများအားဖြင့်တော့ ကိုယ့်လယ်ကထွက်တဲ့ ပဲလေး နှမ်းလေး ဟင်းရွက်ကလေးနဲ့ပဲ စားကြသောက်ကြတာပါပဲ။ ကြက်ဆိုတာ မြို့ကဧည့်သည်လာမှ ချက်ကျွေးတာမျိုး။
အဲဒီခေတ်က မြို့ကဧည့်သည်ဆိုတာ ပါတီတို့ ကောင်စီတို့က လူကြီးတွေပဲ လာတတ်တာမျိုး။ လူကြီးတွေလာပြီဆို အတက်ချီကေ့စ်နဲ့ လာတာ။ အဲဒီအိတ် ကိုမြင်ရင် ကြက်တွေက သူတို့အသတ်ခံရတော့မှာ သိကြတယ်။ အဲဒီအိတ်တွေကို ကြက်ကြောက်အိတ်လို့ ရွာသားတွေကခေါ်တယ်။ အကြောက်တရားနဲ့ ပတ်သက်ရင် အဲဒီလို အသားကျနေကြတာပါ။
နောက်ထပ် ဘာကို ကြောက်ရသေးလဲဆိုရင် တရားဥပဒေပါ။ ဥပဒေလို့ ပြောလိုက်တာနဲ့ ကျမတို့တွေဟာ ဘာကိုပြေးမြင်သလဲဆိုရင် လက်ထိပ်တွေ၊ အချုပ်ကားတွေ၊ ထောင်တွေကိုပဲ တန်းမြင်လေ့ သတိရလေ့ရှိပါတယ်။ ကိုယ့်ကို ဒုက္ခပေးမယ့်အရာလို့ပဲ စွဲနေတော့တာပါပဲ။ ကျမတို့တိုင်းပြည့်ရဲ့ ဆိုးရွားလွန်းတဲ့ တရားစီရင်ရေးတွေဟာ ပြည်သူကို အကြောက်တရားဆီပဲ တွန်းပို့နေတာပါ။ တကယ်တော့ ဥပဒေဆိုတာ ကျမတို့ကို ကာကွယ်ပေးတဲ့အရာသာ ဖြစ်နေရမှာပါ။
တိုင်းပြည်ရဲ့အခြေအနေကို မူတည်ပြီး ကွာခြားချက်ကလေးတခု ဥပမာပေးချင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တခုမှာ လမ်းစည်းကမ်း မလိုက်နာတာတခုခု ဖြစ်တယ်ဆိုပါစို့။ ရဲရှေ့တောင် ဖြတ်သွားစရာမလိုပါဘူး၊ တမီတာလောက်သွားရုံနဲ့ အဖမ်းခံရမှာပါ။ တွေ့လိုက်တဲ့ ပြည်သူတယောက်က ချက်ခြင်း သတင်းပို့ပါတယ်။ ကျမတို့ဆီမှာတော့ ကိုယ့်အိမ်ဘေး ဖဲဝိုင်းတွေ့လည်း မပြောရဲပါဘူး။ ကိုယ့်လမ်းထဲ နားမခံသာအောင် ဆောင်းဘောက်တွေ ဆူညံအောင်ဖွင့်လည်း မပြောရဲပါဘူး။ ကိုယ့်ရှေ့မှာ သေလောက်အောင် ရိုက်နေတာတောင် ဝင်မတားရဲကြပါဘူး။ ကိုယ့်ကိုအမြင်ကပ်မှာ သိပ်ကို စိုးရိမ်တတ်တဲ့သူတွေပါ။ဒီအကြောက်တရားကတော့ လူမျိုးရဲ့စရိုက်နဲ့ ချီပြီးကိုဖြစ်နေတဲ့ အသားကျမှုပဲ ဖြစ်မယ်ထင်ပါရဲ့။
တိုင်းရင်းသားတွေဟာ ပိုကြောက်တတ်ပါသလား။ အဲဒါလည်း တွေးစရာတခုပါပဲ။ ကျမက ကရင်တိုင်းရင်းသူစစ်စစ်ပါ။ ကျမတို့လူမျိုးတွေရဲ့ စရိုက်လက္ခဏာဟာ ရိုးသားခြင်းပါပဲ။ ကရင်လို့ ပြောလိုက်တာနဲ့ ရိုးသားတယ်လို့ တံဆိပ်ကပ်ခံရတာပါပဲ။ ကျမကတော့ အဲဒါကို ဂုဏ်ယူပါတယ်။ လူမျိုးနဲ့ချီပြီး အသိအမှတ်ပြုခံရတာဟာ ကရင်တယောက်ထဲ ရိုးသားရုံနဲ့မရသလို တရက်ထဲ ရိုးသားရုံနဲ့လည်း မရပါဘူး။ ဟိုးရှေးကာလ ကျမတို့ ဘိုးဘွား ဘီဘင်တွေ လက်ထက်ကတည်းက ရိုးသားခဲ့ကြ၊ ပြီးတော့ သမိုင်းစဉ်တလျှောက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြလို့ပါပဲ။
ရိုးသားခြင်းကို တချို့က ရိုးလွန်းလို့ နုံတယ်လို့ လွဲမှား အဓိပ္ပါယ်ဖွင့်ချင်ကြပါတယ်။ ကျမကတော့ ကန့်ကွက်ပါတယ်။ ရိုးလို့ နုံတာမဟုတ်ပါဘူး၊ မသိလို့ နုံတာပါ။ နုံတော့ ကြောက်ပါတယ်။ ကရင်တွေ ပိုကြောက်တတ်သလားဆိုတာ နည်းနည်းတော့ မှန်မယ်ထင်ပါတယ်။
အကြောက်တရားကို ဘယ်လို တွန်းလှန်ကြမလဲ။ သိခြင်းနဲ့ မှန်ကန်ခြင်းကသာ အကြောက်တရားကို တွန်းလှန်နိုင်ပါလိမ့်မယ်။ တကယ်တော့ ကျမတို့တွေဟာ ကြောက်တယ်ဆိုတာ မသိလို့ဖြစ်တာပါ။ ဥပမာပြောရရင် ကျမတို့တွေဟာ ရုံးပြင်ကန္နားသွားရမှာ သိပ်ကြောက်ပါတယ်၊ ဆေးရုံသွားရမှာ ကြောက်ပါတယ်၊ ရဲစခန်းသွားရမှာ ကြောက်ပါတယ်၊ ကုန်ကုန်ပြောရရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သွားရမှာတောင် ကြောက်ကြတာပါ။
ကိုယ်သွားမဲ့နေရာအကြောင်း သေချာသိနေမယ်ဆိုရင် ကြောက်စရာ ဘာမှမရှိပါဘူး။ အဲဒီရုံးက ဘာလုပ်တဲ့ရုံးလဲ၊ သူတို့ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ကဘာလဲ အဲ့ဒါကို သေချာသိသလို ကိုယ်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ကဘာလဲ သေချာသိရပါမယ်။ အဲဒါဆိုရင် ဘယ်နေရာကိုသွားသွား ဘာမှ ကြောက်စရာ မလိုတော့ပါဘူး။ တယောက်နဲ့တယောက် အပြန်အလှန် လေးစားရမယ် ဒါဆိုရင် ဘာမှ ကြောက်စရာလိုတော့ပါဘူး။
နောက်တခုကတော့ ဗဟုသုတသင်ရတဲ့အခါ အလင်းလှိုင်းတွေ အသံလှိုင်းတွေအကြောင်း သိခဲ့ရတယ်။ မိုးကြိုးပစ်တယ်ဆိုတာ အလင်းရော အသံရော တပြိုင်ထဲဖြစ်တာပါ။ သူတို့ရဲ့အလျင် မတူတဲ့အခါကျတော့ အလင်းကအရင်ရောက်ပြီး အသံက နောက်ကျနေတာပါ။ တကယ်လို့ ကိုယ်က လျှပ်စီးလက် တာ မြင်ရပြီဆိုရင် သေချာတယ် မသေနိုင်တော့ပါဘူး။ မိုးကြိုးပစ်ခံရတဲ့သူဟာ မိုးခြိမ်းသံမကြားရခင်မှာ အပစ်ခံရပြီးသွားပါပြီ။ အဲဒီလိုအချက်တွေ သိထားရင် မိုးခြိမ်းသံဟာ ကြောက်စရာမဟုတ်တော့ပါဘူး။
နောက်တချက်ကတော့ မှန်ကန်ခြင်းပါ။ ကျမတို့ငယ်ငယ်က ကျောင်းမှာသင်ရတဲ့ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းဆိုတဲ့ ဆောင်းပါးလေးကိုပဲ ပြန်ညွှန်းဆိုချင်ပါတယ်။ ရွာမှာ ဩဇာအရှိဆုံးသူကြီးဖြစ်ပေမဲ့ မမှန်တာ လုပ်ထားတဲ့အတွက် တောသူမကြီးက အိမ်ရှေ့မှာလာပြီး အော်ဟစ်ဆဲဆိုနေတာကို ထွက်မတွေ့ရဲဘဲ ပုန်းနေရတယ် ဆိုတဲ့အကြောင်း ရေးထားတာပါ။ မှန်တာလုပ်ထားတဲသူ တယောက်ဟာ ဘယ်သူ့ရှေ့မှာမဆို ရဲရင့်နိုင်ပါတယ်။ အကြောက်တရားကို တွန်းလှန်နိုင်ဖို့ အမှန်တရားနဲ့ နေထိုင်ဖို့လိုအပ်ပါတယ်။
အားလုံးနဲ့ အကျွမ်းတဝင်ရှိလှတဲ့ အကြောက်တရား၊ အားလုံးနဲ့ နေသားတကျဖြစ်နေတဲ့ အကြောက်တရား ကင်းစင်အောင် အသိဉာဏ်နဲ့ မှန်ကန်ခြင်းကို များများစားစား အားထုတ်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
အပေါ်မှာရေးခဲ့သမျှတွေဟာ အမြဲတမ်း မှန်နေသလားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ အတိုင်းအတာတခုအထိတော့ ဟုတ်ပေမဲ့ ခုလိုကာလမျိုးမှာတော့ အမှန်တရားဟာ ဖိနပ်စီးနေတုံးပဲ ရှိသေးတာမဟုတ်လား။
ကိုယ့်ဖုန်းထဲမှာတောင် ကိုယ့်စိတ်ကြိုက် ဘာမှ ထည့်ထားလို့မရတဲ့ခေတ်ကြီး၊ ကျောင်းတက်ရင်တောင် ကျောပိုးအိတ်မလွယ်ရလို့ အမိန့်ထုတ်ထားတဲ့ခေတ်ကြီး၊ ကန်စွန်းရွက်ပဲရောင်းရောင်း၊ ရွှေပဲရောင်းရောင်း အချိန်မရွေး အဖမ်းခံရနိုင်ပြီး ဘိန်းဖြူရောင်းရင်တော့ လက်ဆွဲနူတ်ဆက်တဲ့ခေတ်ကြီးမှာ
ဘယ်လိုများ အမှန်တရားကို အားကိုးလို့ ရနိုင်မှာပါလဲ။
ကြောက်လက်စနဲ့ ဆက်ကြောက်ဖို့သာပဲ ရှိတော့တယ် ဆိုသလိုပဲပေါ့။ သတင်းတွေရဲ အမှန်အမှားအတိုင်း လိုက်ပါစီးမျောရင်း သရဲကြောက်သလို ကြောက် နေကြရတဲ့ကာလ။ ဒီသတင်းမမှန်ဘူးလို့ပြောပေမဲ့ မျိုးစုံ ဖြစ်နိုင်နေတဲ့ကာလမှာ ဘာကိုမှ စိတ်ချလက်ချ မယုံရဲကြတော့ဘဲ အကြောက်တရားရဲ့ အမိုးအကာအောက်မှာ အသက်ရှင်နေထိုင်ရတဲ့ကာလ အမြန်ဆုံး လွတ်မြောက်စေချင်ပါပြီ။
Be the first to comment