
‘အခန်းဖော်’

“မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ”
ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။
အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို ကြားတော့ ကျနော် အားငယ်နေမိတယ်။ အခန်းထဲက နံရံတွေမှာ သူကပ်ထားတဲ့ စာသားတွေနဲ့ ပြည့်လို့။ ဒါတွေက ကျနော့် အသံတွေ မဟုတ်ဘူး။ သူ့အသံတွေ။ ဒါပေမဲ့ ကျနော် သဘောကျတယ်။ တခန်းထဲမှာ လူနှစ်ယောက်နေရင်း နိုင်ငံတခုကို သူ့ကြောင့် အတူတူ ရင်ဆိုင်နေရသလို ခံစားရလို့။
သူ့ကို ဖမ်းသွားတဲ့ညတုန်းက အဲဒီ့အခန်းမှာ ကျနော် မီးမထွန်းတော့ဘူး။ သူ ပြောခဲ့တဲ့စကားတွေကတော့ နားထဲမှာ ကျန်နေဆဲပဲ။
“ဒီအခန်းလေးက တိုက်ခန်းလေး သပ်သပ် မဟုတ်ဘူး။ ပြည်သူ့နန်းတော်ပဲ” တဲ့
ကျနော် သေနတ်ကိုကိုင်ပြီး သူဘွဲ့ယူတဲ့နေ့က အကြောင်းကို ပြန်တွေးနေမိတယ်။ ပြည်သူ့နန်းတော်လို့ သူခေါ်တဲ့ ကျနော်တို့ အခန်းလေးကိုလည်း လွမ်းတယ်။ သူ လိုချင်တာ စစ်ပွဲမဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ စစ်ပွဲနဲ့ ချစ်ခြင်းဆိုတာ တခါတလေ တူညီတဲ့အရာမျိုးလို့ ကျနော် ထင်တယ်။ ဒါဟာ လက်ရှိပုစ္ဆာတွေ အတွက်တော့ အဖြေပဲလို့ သူ့ကိုတွေ့ရင် ရှင်းပြရမယ်။
Be the first to comment