“အခရာကျလာတဲ့ ရှမ်းတောင်မြောက် ကွင်းဆက်”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
အရင်တပတ်က တင်ပြခဲ့သလို ရာဂီမုန်တိုင်းဟာ စက်တင်ဘာလဝက်လောက်မှာ ရှမ်းတောင်နဲ့ မန်းတောင်ဘက်တွေမှာ သက်ရောက်မှု အတော်ပြင်းထန်ခဲ့တာမို့ စစ်ရှိန်က မဆိုစလောက်ကျသွားတာ တွေ့ရတယ်။ မုန်တိုင်းသက်ရောက်မှုဟာ ကရင်နီ (အထူးသဖြင့် လွိုင်ကော်) ကို ရောက်လာတဲ့ စက်တင်ဘာ တတိယပတ်မကုန်ခင်ထိ ရေဘေးနဲ့ ကယ်ဆယ်လှူဒါန်းရေး သတင်းတွေက စစ်သတင်းတွေကို လွှမ်းမိုးထားနိုင်ခဲ့တယ်။
စက်တင်ဘာနောက်ဆုံးပတ်ထဲမှာ မိုးသည်းထန်မှုနဲ့ ရေကြီးမှုဒဏ်ဟာ မြန်မာပြည် တောင်ပိုင်းဒေသတွေကို ဆက်လက်စီးဆင်းနေဆဲဖြစ်သလို တချိန်တည်းမှာပဲ စကစရဲ့ စစ်ဆင်ရေးတွေဟာ နိုင်ငံအနှံ့အပြားမှာ တပြိုင်နက်တည်း ပြန်လည် စတင်လာတာကို တွေ့ရတယ်။
‘ရခိုင်’
ရခိုင်ကိုကြည့်ရင် တောင်ကုတ်၊ ပေါက်တောနဲ့ မြေပုံဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေပြီး မောင်းတောမှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ နခခ (၅) ကို အေအေက ပတ်ပတ်လည်ပိတ်ဆို့ထားပြီး လက်နက်ချဖို့တိုက်တွန်းထားတယ်။
နခခ (၅) ဟာ ကာကင်းစခန်းတွေ အားလုံးလည်းကျ၊ ပိတ်ဆို့ခံထားရတာလည်း ကြာနေပြီဖြစ်လို့ စကစက လေကြောင်း ကူတိုက်ပေးတာတခုတည်းနဲ့ အသက်ဆက်နေတဲ့သဘောလို့ သုံးသပ်ကြတယ်။ အတွင်းမှာ ရိက္ခာလည်းပြတ်နေပြီး လေယာဥ်နဲ့ လာချပေးနေရတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ ဂွ (ကျိန္တလီ) ဘက်မှာလည်း တိုက်ပွဲတွေ ပြန်ဆက်လာတာ တွေ့ရေတယ်။
‘ကချင်’
သြဂုတ်လ ၁၉၊ ၂၀ ကတည်းက သိမ်းထားတဲ့ မိုးမောက်ကို ဗန်းမော်ဘက်ကနေ နေ့တိုင်းနီးပါးလောက် စစ်ကြောင်းထိုးတာတွေရှိတဲ့အတွက် ဗန်းမော်-မိုးမောက်ကြား ၆ မိုင်နဲ့ အထူးသဖြင့် ၇ မိုင်မှာ တိုက်ပွဲတွေက မပြတ်သလောက်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ (စက်တင်ဘာ ၂၄ ကစပြီး) လေကြောင်းသုံး တိုက်ခိုက်မှုတွေ၊ ဒရုန်းသုံးတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ကူတွေ ပိုစိပ်လာတယ်လို့ ကေအိုင်အေပြောခွင့်ရဘက်က သတင်းထုတ်ပြန်တယ်။
စက်တင်ဘာ ၇ ရက်နေ့ကနေ ဆက်တိုက် နှစ်ပတ်နီးပါး တိုက်ပွဲဖြစ်ခဲ့တဲ့ ဖားကန့်က ဆိုင်းတောင်ရွာမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ စစ်တပ်ဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပံ့ပိုးပေးပြီး မြေပြင်မှာတော့ လပ်ကီးမင်းဟိုတယ်ထဲ ဆက်လက် တပ်စွဲထားဆဲပဲလို့ ဆိုတယ်။
‘ရှမ်းမြောက်’
နောင်ချို၊ တောင်ခမ်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က နောက်ဆုံးကျန်နေတဲ့ အမြောက်တပ်ရင်း ၃၅၄ ကို TNLA က ဆက်တိုက်နေတာဖြစ်တယ်။ နောင်ချိုကိုသိမ်းပိုက်နိုင်တာ နှစ်လကျော် ကြာလာပြီဖြစ်ပေမယ့် နောင်ချိုအနီးတဝိုက်ကို ဆက်လက်တိုက်ခိုက်နေရဆဲဖြစ်ပြီး တောင်ခမ်းကျသွားရင် ပြင်ဦးလွင်နဲ့ ရှမ်းတောင်ဘက်ကို ဆက်ထိုးစစ်ဆင်ဖို့ လွယ်ကူသွားမှာဖြစ်လို့ စကစဘက်က အပြင်းအထန် ခုခံကာကွယ်နေတယ်လို့လည်း သတင်းတွေမှာ သုံးသပ်ဖော်ပြတာ တွေ့ရတယ်။
စကစက နောင်ချို ကာကင်းစခန်းကုန်းတွေကို ပြန်တိုက်ဖို့ကြိုးစားလိုက်၊ စကစဆုတ်သွားရင် TNLA က ရှေ့ပြန်တိုးတိုက်လိုက်နဲ့ တောင်ခမ်းဝန်းကျင်မှာ စစ်ဟာ အတက်အဆုတ်နဲ့လို့ဆိုတယ်။ တောင်ခမ်းကို ရှမ်းတောင် (ကလော) ကနေ စစ်တပ်ဘက်က စစ်ကူပို့ထားသလို မန်း PDF နဲ့ ဓနု DPLA တို့က TNLA ဘက်ကနေ ကူတိုက်ပေးနေတာဖြစ်လို့ တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်နေဖို့ရှိတယ်လို့ ဆိုနိုင်တယ်။
‘MNDAA’
ပြီးခဲ့တဲ့အပတ်အတွင်း အားလုံးကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ MNDAA ရဲ့စာနဲ့ပတ်သက်ပြီး စကစက ဒီရက်ပိုင်းမှာဆက်တိုက် လားရှိုးကိုဗုံးကြဲပြီး အဖြေပေးခဲ့ပြီဖြစ်တယ်။ စကစဟာ နောင်ချိုကို ရှမ်းတောင်ဘက်ကလာတဲ့ စစ်ကူလမ်းကြောင်းနဲ့ တိုက်သလို၊ လားရှိုးကိုလည်း မိုင်းရယ်ဘက်က ဝင်မယ်လို့ ခန့်မှန်းချက်တွေရှိနေတာ တွေ့ရတယ်။
စကစဘက်က ဆက်တိုက်နေမယ်ဆိုရင် တရုတ်ဟာ ရှမ်းမြောက်အဖွဲ့တွေကို ရေရှည်ထိန်းထားနိုင်ဖို့ လွယ်ကူမှာမဟုတ်ဘူး။ အောက်တိုဘာမှာ ကိုးကန့်တွေဟာ လားရှိုးတဝိုက် တိုက်ပွဲတွေ ပြန်ပြီးဖော်ဆောင်လာခဲ့ရင် ဝ၊ SSPP တို့နဲ့ စကစတပ်တွေကြား ဘယ်လိုအပေးအယူတွေ ဖြစ်လာဦးမလဲ တွေ့ကြရဖို့ရှိတယ်။
တရုတ်ကတားထားတဲ့ မြန်မာနိုင်ငံတွင်း ပြည်ပတပ်တွေ ဝင်ရောက်မလာဖို့ဆိုတဲ့ နောက်ဆုံးစည်းဟာ ရုရှား၊ အမေရိကန်တို့နဲ့ ပတ်သက်နေတာဖြစ်လို့ ပထမတချက်က ယူကရိန်းစစ်မှာ ရုရှား ဘယ်လောက်အထိနာမလဲ၊ နာလန်ထူလာမလဲနဲ့ ဆက်စပ်နေတာကို တွေ့ရတယ်။ ဇာလန်းစကီးက အမေရိကန်ခရီးစဥ်ကို စီစဥ်နေပြီး အမေရိကန် နှစ်ပါတီခေါင်းဆောင်တွေနဲ့တွေ့ဖို့ စီစဥ်နေတာတွေ့ရတယ်။ ဒါကြောင့် အမေရိကန် နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကလည်း မြန်မာ့အရေးနဲ့ သွယ်ဝိုက်ပတ်သက်နေတယ်လို့ ပြောနိုင်တယ်။
အိန္ဒိယက အေအေအပါအဝင် စကစ အတိုက်အခံအင်အားစုတွေကို နယူးဒေလီမှာ ခြေဥနဲ့ ဖက်ဒရယ်အရေး ဆွေးနွေးပွဲတခု ဖိတ်ထားတဲ့သတင်းဟာ အားလုံးရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့တာတွေ့ရတယ်။ ကုလားတန်မြစ်စီမံကိန်းနဲ့ အိန္ဒိယကနေ ထိုင်းအထိ မြန်မာကိုဖြတ်ပြီး ကားလမ်းဖောက်မယ့် အိန္ဒိယရဲ့ အာဆီယံဝင်ပေါက်ဟာ ရှေ့မှာ အိန္ဒိယဆွေးနွေးပွဲထဲ ထိုင်းရဲ့ပတ်သက်မှု (Track 1.5 လို) ဖြစ်လာနိုင်မလားလဲ ချိန်ဆစရာပါပဲ။
‘၂၀၂၄ ပွင့်လင်းရာသီ’
အောက်တိုဘာမှာ ရှမ်းမြောက်တိုက်ပွဲတွေ ပြန်စလာနိုင်ပြီး နိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲနဲ့ နှစ်မကုန်ခင်မှာ နိုင်ငံကြီးတွေရဲ့ ပေါ်လစီအကူးအပြောင်းနဲ့ တရုတ်ရဲ့ တတိယစည်းကြားက အနေအထားတွေကို ပြန်သုံးသပ်ချက်တွေရှိလာနိုင်မလား တွေ့ကြရဖို့ရှိတယ်။
ဒီပွင့်လင်းရာသီဟာ မေးခွန်းသစ်တွေနဲ့ ဘယ်လိုအလှည့်အပြောင်းတွေကို တွေ့ရနိုင်သလဲ။ ရှမ်းမန်းအပြိုင် မြောက်ကနေတောင်ကို စီးဆင်း ထိန်းချုပ်နိုင်စွမ်းဟာ တရုတ်အပါအဝင် နိုင်ငံတကာကို နောက်ထပ်ဖြစ်နိုင်ခြေတွေ စဥ်းစားဖို့ တွန်းအားပေးမှာဖြစ်တယ်။
Be the first to comment