“အခုခေတ်ကလေးတွေ ကံကောင်းတယ်”
ရိုင်းစိုင်းသော်
“အခုခေတ်ကလေးတွေ ကံကောင်းလိုက်တာ”
ဒီလိုကာလမှာတော့ အရင်ကလောက် သိပ်မပြောဖြစ်ကြပေမယ့် မကြာခန ကြားလေ့ကြားထရှိသော စကားပဲ ဖြစ်ပါသည်။
“အခုခေတ်ကလေးတွေ ကံကောင်းတယ်။ ငါတို့တုန်းကဆိုရင် …” ဟူ၍ ဆက်စပ်နှိုင်းယှဉ်ပြ၍လည်း ပြောတတ်ကြပါသေး၏။
ဟုတ်ပါသည်။ အခုခေတ်ကလေးတွေ ကံကောင်းကြပါသည်။
စစ်ပွဲကြီးဖြစ်ပွားနေလို့ သူတို့တွေ ကံမကောင်းကြရှာဘူးလို့တော့ သဘောမထားစေလိုပါ။ စစ်ပွဲကြီးဖြစ်ပွားနေရသော အဓိကတရားခံတွေကို အားလုံးသိပြီးသားဖြစ်ပြီး စစ်ပွဲဟူသည့်အရာမှာလည်း မည်သည့်မျိုးဆက်က ကလေးများနှင့် မျှ မသက်ဆိုင်သင့်ချေ။
ကံဆိုတာက အလုပ်ဖြစ်သည်တဲ့။ သည်လိုဆိုလျှင် အခုခေတ်ကလေးတွေ ကံကောင်းကြသည်မှာ အရင်ခေတ်က ကလေးတွေ အလုပ်ကောင်းကောင်း လုပ်ခဲ့ခြင်းကြောင့်ဟု ဆိုနိုင်သည်။
အမေရိကန်တော်လှန်ရေး၏ အထင်ကရ ခေါင်းဆောင်တဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ တည်ထောင်သူ ဗိသုကာဖခင်များတွင် တဦးအပါအဝင်လည်းဖြစ်၊ အမေရိကန်နိုင်ငံသမိုင်းတွင် ဒုတိယမြောက်သမ္မတလည်းဖြစ်သည့် ဂျွန်အဒမ်စ် က ဤသို့ ဆိုခဲ့ဖူးသည်။
“ကျုပ်သားတွေ သင်္ချာပညာနဲ့ ဒဿနိက အဘိဓမ္မာတွေကို လွတ်လွတ်လပ်လပ် သင်ယူနိုင်ဖို့ ကျုပ်က နိုင်ငံရေးနဲ့ စစ်ပွဲအကြောင်းကို သင်ယူရတယ်။ ကျုပ်မြေးတွေကို ပန်းချီ၊ ကဗျာ၊ ဂီတ၊ ဗိသုကာ၊ ပန်းပု၊ ပန်းအလှထိုးနဲ့ ကြွေထည် ပညာတွေကို သင်ယူခွင့်ပေးနိုင်ဖို့ ကျုပ်သားတွေက သင်္ချာနဲ့ ဒဿနိက၊ ပထဝီ၊ သဘာဝသမိုင်းနဲ့ ရေကြောင်းဗိသုကာ၊ သွားလာရေး၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးတွေကို သင်ယူရတယ်။”
ဤစကားက တိုက်ရိုက်ဆန်ပြီး ရိုးရှင်းပေမယ့် မျိုးဆက်တခုချင်းစီ၏ အနာဂတ်မျိုးဆက်အတွက် ကြိုးစားခဲ့မှုအဆင့်ဆင့်ကို ထင်ဟပ်ဖော်ပြနိုင်သည်။
၎င်းကိုယ်တိုင်ကို ရည်ညွှန်းထားသော မျိုးဆက်အနေဖြင့် နိုင်ငံရေးနှင့် စစ်ပွဲကို သင်ယူခဲ့ရသည်ဆိုခြင်းမှာ နိုင်ငံတခုအခြေတည်ရန် အုတ်မြစ်ဖြစ်သော ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးကို စတင်တည်ဆောက်ခဲ့ရသည်ဟု အဓိပ္ပာယ်ရ၏။
ဂျွန်အဒမ်စ်တို့ မျိုးဆက်က တည်ငြိမ်အေးချမ်းသောနိုင်ငံတခု တည်ထောင်ပြီးလျှင် သူ့သားများ၏ မျိုးဆက်က နိုင်ငံသားများနှင့် လူသားအကျိုးပြု ပညာရပ်များဖြစ်သည့် သင်္ချာနှင့် အဘိဓမ္မာ အစရှိသော ဘာသာရပ်များကို သင်ယူနိုင်မည်ဖြစ်ကြောင်းကို ၎င်းက ဆက်လက်ပြောဆိုထားသည်။ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတခုတွင် ရှင်သန်ရမည့် သူ့မြေးများ၏လက်ထက် တတိယမျိုးဆက်တွင်မူ လူသားတဦးချင်း၏ တန်ဖိုးနှင့် သမိုင်းတန်ဖိုးများကို ချန်ထားခဲ့နိုင်မည့် အနုသုခုမပညာရပ်များကို သင်ကြားခံစားခွင့်ရမည် ဖြစ်လေသည်။
မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီး ဆယ်စုနှစ်များအတွင်း စစ်အာဏာရှင်စနစ် အမြစ်တွယ်ပြီးသည့်နောက် မျိုးဆက်အသီးသီးက တာဝန်ကျေပြွန်စွာ စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ဆန့်ကျင်ခဲ့ကြသည်။ အတိတ်မျိုးဆက်တိုင်း၏ ပေးဆပ်မှုက အနာဂတ်မျိုးဆက်တိုင်းအတွက် သင်ယူစရာသမိုင်း ဖြစ်လာရုံသာမက လက်ဆင့်ကမ်းအမွေအနှစ် တန်ဖိုးအဖြစ်လည်း ချန်ထားခဲ့နိုင်သည်ချည်းပင်။
သို့သော် ဂျွန်အဒမ်စ်၏ အဆိုအရကြည့်လျှင် မိမိတို့နိုင်ငံတွင် ယနေ့ခေတ် မျိုးဆက်များအထိ နိုင်ငံရေးနှင့် စစ်မက်အကြောင်း သင်ယူနေရခြင်းက မပြီးဆုံးနိုင်သေးချေ။ အခြားအဆင့်များသို့ မတက်လှမ်းနိုင်သေးဘဲ နိုင်ငံ၏ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မျိုးဆက်ပေါင်းများစွာ ကျားကုတ်ကျားခဲ ကြိုးစားနေရဆဲ။ လက်ရှိကာလအပိုင်းအခြားအတွင်း ဆက်လက်ချီတက်နေသော မျိုးဆက်အားလုံး တာဝန်ကျေနေပါသည်။
“အခုခေတ်ကလေးတွေ ကံကောင်းတယ်” ဟူသောစကားသည် မိမိမျိုးဆက်၏ အတိတ်အတွက် ဝမ်းနည်းစွာ ပြောဆိုသောစကားထက် အနာဂတ်မျိုးဆက်အတွက် ဝမ်းပန်းတသာ ပြောဆိုသောစကားမျိုးသာ ဖြစ်လာရန် မိမိတို့အားလုံးတွင် တာဝန်ရှိပေသည်။
မိမိ သေဆုံး လဲလျောင်းသောအခါ မိမိမွေးဖွားလာစဉ်က ကမ္ဘာကြီးထက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအား ချန်ထားခဲ့လိုသူတိုင်းကို တတပ်တအား ပါဝင်ကြိုးစားပေးကြဖို့ တောင်းဆိုပါသည်။
အခုခေတ်ကလေးများရော၊ နောင်တခေတ်ကလေးများကိုပါ ကံကောင်းစေချင်လှပါသည်။
Be the first to comment